“ကျွန်တော် မသိသော ကောင်မလေး“

“ကျွန်တော် မသိသော ကောင်မလေး“



ကျွန်တော် အင်တာနက်ဆိုင်မှာ လူပါးတာမို့ အင်တာနက်သုံးနေရင်း ည ၁၁နာရီထိုးသွားတာကိုတောင် သတိမထားမိလိုက်ပေ။



ဆိုင်ရှင် ဦးသိန်း။ ။ မင်းသူ၊ ည ၁၁ နာရီထိုးနေပြီကွ။ ကွန်ပြူတာတွေ အားလုံးသေချာပိတ်ပြီး ဆိုင်ပါသိမ်းလိုက်တော့။

မင်းသူ ။ ။ ဟုတ်ကဲ့ ဦးသိန်း…



ကျွန်တော် နေ့စဉ် အလုပ်အတိုင်း ကွန်ပြူတာတွေလိုက်ပိတ်ပါသည်။ ဦးသိန်းက အသက် ၆၀ကျော်လောက်ရှိပြီး ပုံကတော့ ဂွကျကျပုံမျိုးပဲ။ သူများကို အချိန်တိကျမှ ကြိုက်သလို၊ သူကိုယ်တိုင်ကလည်း အချိန်အရမ်းတိကျသည်။ ခုလည်းကြည့်ပါလား၊ ၁၁နာရီ ဒေါင်ဆိုတာနဲ့ ဆိုင်ပိတ်ခိုင်းတော့တာပဲ။ ကျွန်တော် ကွန်ပြူတာတွေ လိုက်ပိတ်နေတုန်း ကွန်ပြူတာ တစ်ခုပိတ်မယ် အလုပ်တွင် ဂျီးတော့ မက်ဆေ့တစ်ခု တက်လာတာကို တွေ့လိုက်သည်။ ဘယ်သူများ ဂျီးတော့ကို သုံးပြီး မပိတ်သည်ကိုတော့ ကျွန်တော်လည်း သေချာ မသိပေ။ ဂျီးတော့ ပိုင်ရှင်ကတော့ Eric2008@gmail.com ရေးထားသည်။ နာမည်တော့ မရေးထားဘူးဗျ။ ကျွန်တော်ရဲ့ စပ်စုတတ်တဲ့ ၀ါသနာကလည်း ရှိတာမို့ စက်မပိတ်သေးပဲ ပို့ထားတဲ့ မက်ဆေ့ကို ခိုးဖတ်မိလိုက်သည်။ တစ်ဖက်က မက်ဆေ့ပို့တဲ့ မိန်းခလေး နံမည်က ယွန်းလို့ရေးထားတယ်။ မိန်းခလေးပို့တဲ့ မက်ဆေ့ကို ဖတ်လိုက်တော့ စိတ်ထဲမှာ ဖတ်မိတာ မှားပြီးလားဆိုတဲ့ အတွေးတောင်ဝင်လာတယ်ဗျ။



မိန်းခလေး မက်ဆေ့။ ။ ယွန်းကို အမြန်ဆက်သွယ်ပါနော်၊

ယွန်း အရမ်းစိတ်ပူနေတယ်၊

ဒီညမှ မဆက်ရင် အားလုံးသိပြီး ဒုက္ခရောက်တော့မှာ၊

ဖုန်းနံပါတ် – ၀၉၅၀၃၇၁၁၃ အမြန် ဆက်သွယ်ပေးပါနော်၊

အမေတို့သိကုန်မှာ စိုးလို့ပါ၊ တောင်းပန်ပါတယ်…



ကျွန်တောလည်း မိန်းခလေးရဲ့မက်ဆေ့က သူများ ကိုယ်ရေးကိုယ်တာ အကြောင်းရေးထားတာ မဖတ်သင့်ပါဘူးလို့၊ စိတ်ဆုံးဖြတ်ပြီး ကွန်ပြူတာကို ပိတ်လိုက်သည်။ ဆိုင်သိမ်းပြီးတာနဲ့ အိမ်ကို ထုံးစံအတိုင်း လမ်းလျှောက်ပြန်လာခဲ့ရင်း တလမ်းလုံး မက်ဆေ့ရေးတဲ့ ကောင်မလေး အကြောင်းပဲ တွေးနေမိတယ်ဗျ။ ယွန်းဆိုတဲ့ မိန်းခလေးမှာ အခက်အခဲ တစ်ခုရှိနေတယ် ဆိုတာကို သူမ မက်ဆေ့ကို ဖတ်ရုံဖြင့် ကျွန်တော့် စိတ်ထဲ စာနာမိတယ်။ ကျွန်တော် ယွန်းဆိုတဲ့ မိန်းခလေး ဖုန်းနံပါတ်ကို မှတ်ပြီး ဂျီးတော့ ပိုင်ရှင်ကိုတွေ့ရင် အကြောင်းစုံ ပြောပြရင် ကောင်းမလားလို့ တွေးမိပါသေးတယ်။ ဒါပေမယ့် သူ့ဂျီတော့ကို ခိုးဖတ်မိလေတော့၊ ကျွန်တော့် စိတ်ထဲမှာလည်း မလုံဘူးဗျ။ လမ်းလျှောက်ရင်း အတွေးလွန်းသွားလို့ လက်ဖက်ရည်ဆိုင်က ကိုတုတ်က လှန်းအော်ခေါ်လိုက်မှ ကျွန်တော် အသိတရားဝင်လာတော့သည်။



ကိုတုတ်။ ။ မင်းသူ၊ မင်းဘာတွေတွေးနေတာလည်းကွ။ ငါ ဒီလောက် အော်ခေါ်နေတာတောင် မကြားဘူးလားကွ…

ကျွန်တော်။ ။ ကျွန်တော် ကျောင်းစာ အကြောင်း စဉ်းစားရင်း အတွေးလွန်းသွားလို့ပါ ကိုတုတ်…

ကျွန်တော် မရည်ရွယ်ပဲ လိမ်ပြောမိလိုက်သည်။



ကိုတုတ်။ ။ မသိပါဘူး၊ မင်း ကောင်မလေး အကြောင်းများ တွေးနေတာလားလို့၊ ဒါနဲ့

လက်ဖက်ရည် ၀င်သောက်သွားအုန်းလေ…

ကျွန်တော်။ ။ ဒီနေ့တော့ မသောက်တော့ဘူး၊ ကျွန်တော် အိမ်ပြန်ဖို့ နောက်ကျနေပြီး နောက်နေ့မှပေါ့…



ကိုတုတ်ကို နှုတ်ဆက်ပြီး ကျွန်တော်ထွက်လာခဲ့တယ်။ ကိုတုတ် ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်က ည၁၂နာရီလောက်ထိ ဖွင့်ထားတတ်တယ်ဗျ။ ပြီးတော့ ကိုတုတ်က သဘောလည်း အရမ်းကောင်း၊ အရမ်းလည်း အစသန်တာ။ ကျွန်တော်နဲ့ ကိုတုတ်က တရပ်ကွက်သားချင်းမို့၊ ညီအစ်ကိုတွေလို ခင်မင်နေကြပါတယ်။ ကျွန်တော် လုပ်တဲ့ အင်တာနက်ဆိုင်နဲ့ သိပ်လည်း မဝေးတာမို့၊ စောပြန်တဲ့ နေ့တွေဆို ကိုတုတ်ဆိုင်မှာ လက်ဖက်ရည် ၀င်သောက်နေကျဗျ။ ပြီးမှ အိမ်ကို လမ်းလျှောက်ပြန်ရင် ၁၅မိနစ်လောက်တော့ လမ်းလျှောက်ရပြီး၊ ကျွန်တော်အတွက်တော့ လေ့ကျင့်ခန်းတစ်ခုလို ဖြစ်နေပါပြီ။

အိမ်ပြန်ရောက်တော့ အိမ်ရှေ့ခန်းတွင် ကျွန်တော် ပြန်အလာကို ထိုင်စောင့်နေသော အဖေကို တွေ့သည်။ ကျွန်တော်မှာ အမေမရှိတော့ပါဘူး၊ အဖေတစ်ခု သားတစ်ခုပဲ ဆိုရမှာပေါ့။ အဖေက အင်ဂျင်နီယာ အစိုးရ၀န်းထမ်း တစ်ယောက်ပါ။ ကျွန်တော်တို့က ပိုက်ဆံ မပြည့်စုံတာမို့ သူများတွေလို နိုင်ငံခြားထွက် ကျောင်းမတက်နိုင်ပါဘူးဗျာ။ ဒါပေမယ့် အဖေက ကျွန်တော်ကို အရမ်းချစ်တော့ ကျောင်းသွားတက်ချင်တယ် ဆိုလည်း ရှိတာတွေ အားလုံးရောင်းချပြီး ကျောင်းထားပေးမှာပါ။ ဒါပေမယ့် ဒီအရွယ်ထိ ရုန်းကန်ပြီး ကျွေးမွေးလာတောင် ကျေးဇူးတင်လှပါပြီ၊ ကျွန်တော် ဒုက္ခထပ်မပေးချင် တော့ပါဘူး။ ခုလည်း မအိပ်သေးပဲ၊ ကျွန်တော်ပြန်လာတာ စောင့်နေတာပဲ ကြည့်လေ။



ကျွန်တော် ။ ။ အဖေ ခုထိ မအိပ်ပဲ ဘာလို့စောင့်နေတာလည်း၊ ကျွန်တော်ကို မစောင့်ပဲ အိပ်နှင့်ပါ မှာထားရက်နဲ့ဗျာ…

အဖေ ။ ။ အဖေကိုယ်တိုင်က မအိပ်ချင်သေးလို့ပါ။ စာအုပ်ထိုင်ဖတ်နေတာ ၁၁နာရီခွဲသွားတာတောင် မသိလိုက်ဘူး။ ဒီနေ့ သားပြန်လာတာ စောသားပဲ…

ကျွန်တော် ။ ။ အဖေစောင့်နေမယ်မှန်း သိလို့ကိုး တမင်စောပြန်လာတာ…

အဖေ ။ ။ ဒါမှ အဖေသားကွ…

အဖေက ကျွန်တော် ပခုံးကို ပုတ်လိုက်သည်။



အဖေ ။ ။ သား ဘီအီတက်ရင်း အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတာ အဆင်ပြေပါ့မလား…

ကျွန်တော် ။ ။ ရပါတယ်အဖေရဲ့၊ ကျွန်တော် အင်တာနက်ဆိုင် မှာ အချိန်ပိုင်း ၀င်လုပ်ရင်း အားရင် အင်တာနက်ကနေ အင်ဂျင်နီယာ ဘာသာရပ်နဲ့ ဆိုင်တာတွေကို လေ့လာခွင့်တောင် ရသေးတယ်…

အဖေ ။ ။ ဒီလိုဆိုတော့လည်း ပညာလည်းရ၊ ၀မ်းလည်းဝပေါ့…



နောက် အဖေ နဲ့ ကျွန်တော် အိပ်ယာဝင်ကြသည်။ ဒါပေမယ့် ကျွန်တော် ညအိပ်မပျော်ပဲ ဂျီးတော့ထဲမှ ယွန်းဆိုတဲ့ မိန်းခလေး အကြောင်းပဲ ခေါင်းထဲ ရောက်ရောက်လာတယ်ဗျ။ နောက်နေ့ မနက်ရောက်တော့ ကျွန်တော် ငယ်သူငယ်ချင်း ဇေယျနဲ့ ချိန်းထားတာမို့ ချိန်းထားသည့်နေရာသို့ စောစောထွက်လာသည်။ ဇေယျက ချိန်းတဲ့ ဆိုင်ထဲတွင် ကျွန်တော်ကို ထိုင်စောင့်နေသည်။ ဇေယျက ကျွန်တော်ကို တွေ့လိုက်သည်နှင့်။



ဇေယျ ။ ။ မင်းသူ မင်းက တခါလာလည်း ဒီတီရှပ်နဲ့ ပုဆိုးပဲ ၀တ်နေတာပဲ…

ကျွန်တော် ။ ။ ငါက မင်းလို ချမ်းသာတာမှ မဟုတ်တာကွ…

ဇေယျ ။ ။ ငါသူငယ်ချင်း မိန်းခလေး တစ်ယောက်နဲ့ မင်းနဲ့ မိတ်ဆက်ပေးမလို့ပါဆို…

ကျွန်တော် ။ ။ တော်ပါပြီကွာ၊ ငါမိန်းခလေး ကိစ္စတွေ သိပ်စိတ်မ၀င်စားပါဘူး…

ဇေယျ ။ ။ မင်းတကယ် ကြိုက်တဲ့ မိန်းခလေး မတွေ့သေးလို့ အပြောကြီး နိုင်တာပါကွာ…



ကျွန်တော်က ဇေယျကို ဘာမှ ချေမပပဲ ရယ်ပဲ ရယ်နေလိုက်သည်။ ဇေယျက တကယ်ကို ငယ်သူငယ်ချင်းကောင်း တစ်ယောက်ပါ။ ဇေယျက ပစ္စည်းလည်းရှိ၊ ရုပ်ကလည်း ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင်ဆိုတော့ ဆေးကျောင်းတက်တာ မဆန်းပါဘူး။ ပြီးတော့ ဇေယျက ဒီမှာ ဆေးကျောင်းပြီးရင် နိုင်ငံခြားသွားပြီး အမ်အာစီပီတို့၊ ဘွဲ့လွန်တို့ သွားတက်အုန်းမှာ။ ကျွန်တော်ကတော့ ပိုက်ဆံကလည်း မပြည့်စုံ၊ ရုပ်ရည်ကလည်း အသားညို၊ ပိန်ရှည်ရှည်နဲ့ ဗျ။ ကျွန်တော်လို လူမျိုးက ဇေယျနဲ့တော့ ခြေရာ ဘယ်တိုင်းလို့ ရပါ့မလဲဗျာ။

ဒီနေ့တော့ ဇေယျ အခေါ်ကောင်းတာမို့ ဇေယျတက်နေတဲ့ ဆေးကျောင်းတောင် အလည်ရောက်သွားသေးသည်။ ဇေယျ လာသည်နှင့် မိန်းခလေးတွေ ၀ိုင်းဝိုင်းလည်လို့ပေ။ ညနေပိုင်း ကျွန်တော်ကို သူ့အိမ်မှာ ထမင်းစားခိုင်းပြီးမှ ကျွန်တော် အလုပ်လုပ်တဲ့ အင်တာနက် ဆိုင်သို့ ပြန်လိုက်ပို့ပေးသည်။

ကျွန်တော် အင်တာနက်ကောင်တာမှာ ကျွန်တော် ထိုင်နေတုန်း၊ ဆိုင်ထဲ မိန်းခလေးတစ်ယောက် ၀င်လာသည်။ ထိုမိန်းခလေး ၀င်လာသည်နှင့် ဆိုင်အတွင်းမှ အမျိုးသားများ အားလုံး သူမကို ၀ိုင်းငေးကြည့်ကြသည်။ မိန်းခလေးရဲ့ အသားရောင်က ၀ါဝင်းပြီး မျက်နှာလေးကတော့ ချစ်စရာလေးဗျ။ သူမရဲ့ ကိုယ်လုံးကိုယ်ပေါက် ကလည်း တကယ်ကို အမိုက်စားပဲ၊ သူမ ၀တ်ထားတဲ့ ကိုယ်ကျပ် အနီရောင်အင်္ကျီနဲ့ ဂျင်းဘောင်ဘီအရှည် လေးနဲ့အရမ်းကို လိုက်ဖက်သည်။ ဘာမှ အပြစ်ပြောစရာ မရှိပဲ ဒီလောက်လှတဲ့ မိန်းခလေးကို မမြင်ဖူးသေးဘူးဗျ။ မိန်းခလေး ကျွန်တော်နားသို့ တဖြည်းဖြည်း လမ်းလျှောက်လာသည့်တိုင်၊ ကျွန်တော် ငေးကောင်းတိုင်း ဆက်ငေးနေမိတယ်။ ခဏကြာမှ အသိတရားဝင်လာလို့ တော်ပါသေးရဲ့။



ကျွန်တော်။ ။ အင်တာနက် သုံးမလို့လား မသိဘူး။ လူတော့ ပြည့်နေတယ်၊

၅မိနစ်လောက်ပဲ စောင့်ရမှာပါ…

လူပြည့်နေလို့ အင်တာနက် မသုံးပဲ မိန်းခလေး ပြန်ထွက်သွားမှာတောင် စိတ်ထဲ စိုးရိမ်မိသေးတယ်။



မိန်းခလေး။ ။ အင်တာနက် ကြည့်ဖို့ မဟုတ်ပါဘူး။ သူငယ်ချင်းတစ်ယောက်ကို ရှာချင်လို့ပါ။

ဒီဆိုင်မှာ အင်တာနက်သုံးနေကျလို့ ပြောလို့ပါ…

ကျွန်တော်။ ။ ဟုတ်လား၊ ဒါနဲ့ သူငယ်ချင်းနံမည်က ဘယ်သူလဲ…

မိန်းခလေး။ ။ ကိုကျော်လွင်ပါ။ တချို့က Eric လို့လည်းခေါ်ကြတယ်…



ကျွန်တော်စိတ်ထဲ Eric ဆိုတဲ့ နံမည်ကို ရင်းနှီးနေသလို ခံစားလိုက်ရတယ်။

ဒီ နံမည်ကို ကျွန်တော် ဘယ်မှာ ကြားဖူးပါလိမ့် စဉ်းစားနေသည်။ သတိရပြီ ကျွန်တော် ခိုးဖတ်မိတဲ့ ဂျီးတော့ပိုင်ရှင်နံမည်ပဲကိုး။ ဒါဆို ဒီက မိန်းခလေးက ယွန်းဆိုတဲ့ မိန်းခလေးများ ဖြစ်နေမလားပဲ။



ကျွန်တော်။ ။ Eric နံမည်ကိုတော့ ကြားဖူးတယ်။ ဒါပေမယ့်လေ ကျွန်တော်က လူနဲ့ နံမည်နဲ့ သိပ်တွဲ မမှတ်မိဘူးဗျ…

မိန်းခလေး။ ။ ဒါဆို အစ်ကိုရယ် ဖြစ်နိုင်ရင် ကူညီပေးပါလား။ သူဒီဆိုင်ကို လာတတ်တဲ့ အချိန်ကို သိချင်လို့ပါ။ ပြီးတော့ အရမ်းအရေးကြီးတဲ့ ကိစ္စမို့ပါ…



မိန်းမချောလေး တစ်ယောက်က ဒီလောက်တောင်းဆိုနေတာကို ကျွန်တော် ငြင်းလိုက်ရင် ရိုင်းရာ ကျသွားမှာပေါ့။ ဒါကြောင့် ကျွန်တော် စုံစမ်းပေးထားပါ့မယ် ဆိုတဲ့ ကတိကို လွယ်လွယ်နဲ့ပဲ ပေးလိုက်မိသည်။ ဒါပေမယ့် ဒီမိန်းခလေးက ယွန်းများ ဖြစ်နေမလားလို့၊ သိချင်သေးတာမို့ နံမည်တော့ မေးဖြစ်အောင် မေးခဲ့ပါသေးသည်။



ကျွန်တော်။ ။ ဒါနဲ့ ဒီက ညီမနံမည်ကရော သိခွင့်ရမလား မသိဘူး၊ ကိုကျော်လွင်ကို တွေ့ရင် ပြောပြလို့ရအောင်ပါ…

မိန်းခလေး။ ။ ကျွန်မနံမည်က ယွန်းပါ အစ်ကို၊ မနက်ဖြန် ပြန်လာခဲ့ပါမယ်…



ယွန်းက ကျေးဇူးတင်ကြောင်း ပြောပြီး ထွက်သွားလေသည်။ ကျွန်တော် ဂျီးတော့ထဲက ယွန်း မိန်းခလေး ဒီလောက်လှမယ်လို့ မထင်ခဲ့မိတာတော့ အမှန်ပဲဗျ။ သူမထွက်သွားပြီး အဝေးရောက်သည့် တိုင်အောင် ကျွန်တော် သူမကို လှန်းငေးနေမိသည်။ ကျွန်တော် ကတိသာပေးလိုက်တာ၊ ကိုကျော်လွင်ဆိုတဲ့ သူကို ဘယ်ကနေပြီး စရှာရမှန်း မသိပေ။ အစကတည်းက ကျွန်တော် ဒီနံမည်ကို တစ်ခါမှ မကြားဖူးဘူးလို့ ပြောလိုက်ရမှာကို ရှည်မိတဲ့ ကျွန်တော် အမှားလို့သာ နောင်တရသားဗျ။ ဘာပဲဖြစ်ဖြစ် ကတိပေးထားပြီး ဖြစ်၍ မတတ်နိုင်တဲ့ အဆုံး ဆိုင်ကိုလာတဲ့ အမျိုးသား မှန်သမျှကို နံမည်လိုက်မေးတော့မည်ဟု ဆုံးဖြတ်လိုက်တယ်။



————————————–



နောက်နေ့ကျတော့ ကျွန်တော် ဆိုင်ရောက်သည်နှင့် ကိုကျော်လွင်ကို ရှာဖွေစခန်း စတင်တော့သည်။ ညနေ ရနာရီလောက် ဆိုင်တွင်းသို့ အရပ်ထောင်ထောင် မောင်းမောင်း ရုပ်ရည် သန့်သန့ှ် အမျိုးသားတစ်ဦး ၀င်လာသည်။ ထိုအမျိုးသားကို ကျွန်တော့်ဆိုင်က ဖောက်သည်မို့ မျက်မှန်းတန်းမိနေသည်။ နံမည်ကိုတော့ မသိပါ။ ဒါကြောင့် မေးနေကျအတိုင်း ဒီက အစ်ကို့နံမည်က ကိုကျော်လွင်လား မေးလိုက်သည်။ ထိုအမျိုးသားက ချက်ချင်းပြန်မဖြေပဲ၊ ကျွန်တော့်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ အသံခပ်မာမာဖြင့်။



အမျိုးသား။ ။ ဟုတ်တယ်၊ င့ါနံမည် ကျော်လွင်…

ကျွန်တော်။ ။ ကျွန်တော်က ကိုကျော်လွင်ကို လိုက်ရှာနေတာ တနေကုန်ပဲ၊ ခုမှပဲ တွေ့တော့တယ်…

ကျော်လွင်။ ။ နေပါအုန်း၊ မင်းက ဘာကိစ္စရှိနဲ့ လိုက်ရှာနေတာလည်း…

ကျွန်တော်။ ။ ကိုကျော်လွင်ကို ယွန်းဆိုတဲ့ မိန်းခလေးတစ်ယောက် လာရှာသွားလို့ပါ…

ကျော်လွင်။ ။ ယွန်းက မင်းကို ဘာပြောသွားသေးလဲ…

ကျွန်တော်။ ။ ဘာမှတော့ မပြောပါဘူး။ ကိုကျော်လွင် ဒီဆိုင်မှာ လာတတ်သလား

မေးရုံပါပဲ။ ကျွန်တော့် စိတ်ထဲ ယွန်းများ ကိုကျော်လွင်ကို အရေးတကြီး ပြောစရာ ကိစ္စများ ရှိနေမလားလို့ပါ…

ကျော်လွင်။ ။ မင်းက မင်းနဲ့ မဆိုင်တဲ့ ကိစ္စတွေ တော်တော်ဝင်ပါချင်ပုံရတယ်။

ငါပြောထားမယ် နောက်တစ်ခါ ယွန်း လာရှာရင်၊ မင်း

ကိုကျော်လွင်ကို မသိဘူးပဲ ပြောလိုက်။ ကြားလား…



ကျွန်တော် အောင့်သက်သက်ဖြင့် “ဟုတ်ကဲ့” ဟုပြန်ဖြေလိုက်သည်။ ကိုကျော်လွင် ကတော့ ဘာကြောင့် စိတ်တိုသွားမှန်း မသိပဲ ဆိုင်တွင်းမှ ပြန်ထွက်သွားသည်။ ကျွန်တော် ဒီလူ့ ပုံစံကို မကြိုက်ဘူးဗျ။ ဘာလဲ သူရဲ့ လက်အောက်ငယ်သားကို ပြောနေတဲ့ အတိုင်းပဲ။ ကျွန်တော် ရှည်လို့ ဒီလို အအော်ခံရတာလို့၊ ကိုယ်ဘာသာကို အပြစ်တင်မိတယ်။ ကိုကျော်လွင်က ပိုက်ဆံ တော်တော်ရှိမယ့် ပုံပဲဗျ။ အသက်ကတော့ ကျွန်တော်က ၂၅နှစ်ဆိုတော့ သူက ကျွန်တော်ထက် ၅နှစ်လောက်တော့ ကြီးလိမ့်မယ်။ ပိုက်ဆံ ရှိတာလေး တစ်ခုနဲ့ စိတ်ကြီးဝင်နေတဲ့ လူစားမျိုးပါဗျာ။ ယွန်းဆိုတဲ့ မိန်းခလေးက ဒီလိုလူမျိုးနဲ့ ဘယ်လို့ ပတ်သက်နေမှန်း ကျွန်တော် စဉ်းစားလို့ကို မရဘူးဗျ။ ယွန်းအသက် ကတော့ ကျွန်တော်နဲ့ မတိမ်းမယိမ်းလောက်ပဲ ရှိအုန်းမယ်။ ဘာပဲဖြစ်ဖြစ် ကိုကျော်လွင်ကို ရှာပေးမယ်လို့ ယွန်းကို ပြောထားတဲ့ ကတိတည်သွားပြီးမို့ တော်ပါသေးရဲ့ ဖြေတွေးလိုက်သည်။ ဆိုင်ရှင် ဦးသိန်းက ကိုကျော်လွင်နဲ့ ကျွန်တော်တို့ ပြောဆိုသည်ကို ကြားသွားပုံရသည်။



ဦးသိန်း။ ။ မင်းသူ၊ ခုနက ကောင်းလေးနဲ့ ဘာတွေ စကားများနေကြတာလဲ…

ကျွန်တော်။ ။ ဘာမှမဟုတ်ပါဘူး၊ ဦးသိန်း…

ဦးသိန်း။ ။ အေး ဘာမှမဟုတ်ရင် ပြီးရော။ သူများ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ

ဝင်မပါနဲ့၊ ကိုယ်အလုပ်သာ အာရုံစိုက်…



ဦးသိန်းက ကျွန်တော့်ကို သတိပေးပြီး ကောင်တာရှေ့ ထိုင်ခုံမှာ ပြန်သွားထိုင်လိုက်သည်။ ကျွန်တော်လည်း ကျွန်တော်အလုပ်ကို ဆက်ပြီး လုပ်နေလိုက်သည်။ နောက် နာရီဝက်လောက်ကြာတော့ ယွန်း ဆိုင်ထဲ ၀င်လာသည်။ ကျွန်တော်လည်း ဦးသိန်း ရိပ်မိသွားမှာစိုး၍ ယွန်းကို ဆိုင်ပြင်မှာ သွားစောင့်နေဖို့ လက်ဟန်ဖြင့် ပြလိုက်သည်။ ယွန်း သဘောပေါက်လွယ် သောကြောင့် အပြင်ပြန်ထွက်သွားတယ်။ ခဏနေမှ ဦးသိန်းဆီ ခွင့်တောင်းပြီး၊ ကျွန်တော်လည်း အပြင်လိုက်ထွက်သွားသည်။ ဒီနေ့ ယွန်းသည် ဆတ်ကပ်တိုတို၊ အကျီင်္လက်ရှည် ကော်လံလေး ၀တ်ထားသည်။ ကော်လံအင်္ကျီလေးနဲ့ သူမရဲ့ လည်တံ ရှည်လေးကြောင့် ပိုတောင်လှနေသေးတယ်။ သို့သော် တောက်ပတဲ့ ယွန်းမျက်ဝန်းတွေမှာ မျက်ရည်စလေးတွေကို တွေ့လိုက်ရလို့ စိတ်မကောင်း ဖြစ်မိသွားတယ်ဗျ။ ကျွန်တော် နဲ့ ယွန်း ဆိုင်တစ်ခုထဲ ၀င်ထိုင်လိုက်ကြသည်။



ယွန်း။ ။ အစ်ကို၊ ကိုကျော်လွင်ကို ရှာတွေ့လားဟင်…

ကျွန်တော်။ ။ ဟုတ်ကဲ့၊ ရှာတွေ့ပါတယ်။ ကိုကျော်လွင်က ကျွန်တော်တို့

အင်တာနက်ဆိုင်က ဖောက်သည်ပဲဗျ။ ကျွန်တော်က နံမည်နဲ့ လူနဲ့

မတွဲမိလို့ပါ…



ယွန်းသည် ၀မ်းသာအားရနဲ့ သူမဧ။် နူးညံ့သော လက်များဖြင့် ကျွန်တော့်လက်ကို လှမ်းကိုင်လိုက်သည်။ ကျွန်တော်စိတ်ထဲ လျှပ်စီးလက်သွားသလိုလို၊ ဓာတ်လိုက်သွားသလိုလိုနဲ့၊ နှလုံးခုန်နှုန်းတွေ အရမ်းမြန်လာသည်။ ကျွန်တော် ဘယ်မိန်းခလေး လက်နဲ့ မထိဘူးလို့လား မသိ။ နဖူးပေါ်မှာတောင် ချွေးစီးတွေတောင်ကျလာတယ်ဗျ။ ကျွန်တော်လည်း ယောကျာ်းလေးဆိုပေမယ့် အနည်းငယ်တော့ ရှက်တတ်တာပေါ့ဗျာ။ ယွန်းက သတိရသွားပြီး လက်ကို ပြန်လွှတ်လိုက်၍ ရှက်ပြီး မျက်နှာလေး နီသွားသည်။



ယွန်း။ ။ ကိုကျော်လွင် အင်တာနက်ဆိုင် လာတတ်တဲ့ အချိန်တွေများ

ယွန်းကို ပြောပြလို့ ရမလားဟင်…

ကျွန်တော်။ ။ ဒါလေးများ ရတာပေါ့၊ ယွန်းရဲ့။ ကိုကျော်လွင်က ညနေပိုင်း အမြဲလာနေကျဆိုတော့၊ မနက်ဖြန် ညနေ ၇နာရီနောက်ပိုင်းလောက် လာရင် ကိုကျော်လွင်နဲ့ တွေ့ကောင်းတွေ့နိုင်တယ်ဗျ..

ယွန်း။ ။ ဟုတ်ကဲ့၊ ဒီလို ပြောပြပေးလို့ အစ်ကိုကို အရမ်းကျေးဇူးတင်ပါတယ်…



ယွန်း ထွက်သွား လေတော့သည်။ ကျွန်တော်ကတော့ ဆိုင်ထဲပြန်ဝင်ပြီး အလုပ်ဆက်လုပ်တာပေါ့ဗျာ။ ဒါပေမယ့် အဲဒီနေ့ညက တစ်ညလုံး တော်တော် ညည့်နက်တာတောင် အိပ်လို့ မပျော်ပြန်ဘူးဗျ။ အရမ်းချောတဲ့ မိန်းခလေး တစ်ယောက်က ကျွန်တော့် လက်ကို ကိုင်လိုက်လို့ပဲ ဖြစ်ရမယ်။ ရယ်တော့ရယ်ရသားဗျ။ ကျွန်တော်ကလည်း ရည်စားတစ်ခါမှ မထားဘူးတော့၊ အထူးအဆန်းဖြစ်နေတာပေါ့ဗျာ။



————————————–



နောက်နေ့ ကျောင်းပြီးတာနဲ့ ညနေ ၅ နာရီအရောက် အင်တာနက်ဆိုင်ကို သွားနေကျအတိုင်း သွားပါသည်။ ည ၈ နာရီလောက်ရောက်တော့ လူအရမ်းကျနေတာမို့ ကျွန်တော် အလုပ်ရှုပ်နေသည်။ ထိုအချိန်မှာ ကိုကျော်လွင်တစ်ယောက် ဆိုင်ထဲ ၀င်လာတာကို အမှတ်တမဲ့ လှန်းတွေ့လိုက်သည်။ ယွန်းက ကိုကျော်လွင် နောက်မှ ဆိုင်ထဲသို့ လိုက်ဝင်လာပြီး၊ ကိုကျော်လွင် လက်ကို လှမ်းဆွဲလိုက်သည်။ ကိုကျော်လွင် နောက်လှည့်ကြည့်လိုက်တော့ ယွန်းကိုတွေ့သွားသည်နှင့် တရားခံတစ်ယောက် ရဲနဲ့တွေ့သည့် မျက်နှာမျိုး ဖြစ်သွားသည်။ ကိုကျော်လွင်က ယွန်းဟု အံ့အားသွားသည့် လေသံဖြင့် ခေါ်လိုက်သည်။



ယွန်း။ ။ ကိုကျော်လွင် ယွန်းကို ဘာလို့ ရှောင်နေတာလဲ…

ကိုကျော်လွင်က မျက်နှာ ပျက်သွားပြီး။

ကျော်လွင်။ ။ ဒီမှာ ငါရှိတာကို ဘယ်သူပြောလိုက်တာလည်း…

ပြောကာ ကျွန်တော် ပြောပြလိုက်သည်ကို ရိပ်မိသွားဟန်ဖြင့် ကျွန်တော့်ကို မိုက်ကြည့်ကြည့်ကာ ယွန်းလက်ကို အားဖြင့် အတင်းဆွဲပြီး ဆိုင်ထဲကနေ အပြင်ကို ထွက်သွားကြသည်။ ကျွန်တော်လည်း သူတို့ ၂ယောက် ဘာဖြစ်ကြမလဲ သိချင်သည်နှင့်၊ ဆိုင်အပြင်ထွက်ပြီး လိုက်ချောင်းကြည့်မိသည်။ သူတို့က ဆိုင်နဲ့မလှမ်းမကမ်း လေးမှာပဲ ရပ်ပြီး နေသည်။ ကျွန်တော်လည်း ဆိုင်တံခါးကွယ်ရာမှ ကိုကျော်လွင် နဲ့ ယွန်းတို့ ငြင်းခုံနေသည်ကို ချောင်းကြည့်နေမိသည်။ အချိန်က ညနေ ၈နာရီလောက်ဆိုတော့ အနည်းငယ် မှောင်စပြုနေပြီဗျ။ အမှောင်ရိပ်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်နေပုံရသည်။ ကျွန်တော်လည်း သဲသဲကွဲကွဲကြီးတော့ မမြင်ရဘူးဗျ။ ဒါနဲ့ ကျွန်တော်နဲ့ မဆိုင်ပါဘူး အတွေးပေါ်လာသည်နှင့် ဆိုင်ထဲ ပြန်ဝင်လာခဲ့သည်။

အဲဒီနေ့က ည ၁၁ နာရီထိုးသွားတာ တော်တော်မြန်တယ်ဗျ။ ည ၁၁ နာရီထိုးတော့ ဆိုင်သိမ်းပြီး ထုံးစံအတိုင်း အိမ်ကို လမ်းလျှောက်ပြန်ရန် ထွက်လာခဲ့သည်။ အင်တာနက်ဆိုင် အကျော်နားတွင် အမှောင်ထဲမှ မိန်းခလေးတစ်ဦး၏ ရှိုက်ကြီးတငင် ငိုနေတဲ့ အသံကို အမှတ်မထင် ကြားလိုက်မိသည်။ အနီးကပ်ပြီး သေချာ ကြည့်လိုက်တော့ ငိုနေတဲ့ မိန်းခလေးမှာ ယွန်းဖြစ်နေတာကို တွေ့ရသည်နှင့် ကျွန်တော်လည်း အရမ်း အံ့အားသင့်သွားတယ်ဗျ။ ယွန်း ဒီအချိန်ကြီးမှာ တစ်ယောက်ထဲ ဘာလို့ ငိုနေပါလိမ့်ဟု တွေးမိလိုက်တယ်။ ယွန်းက ကျွန်တော်ကိုလည်း မြင်လိုက်ရော မိခင်နဲ့ ကွဲသွားပြီးမှ ပြန်တွေ့တဲ့ ကလေးငယ်တဦးလိုဘဲ၊ ကျွန်တော် ပခုံးပေါ်ကို ငိုချပါတော့တယ်။ ကျွန်တော်လည်း ရုတ်တရက် ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိပါဘူးဗျာ။

ခဏကြာမှ ဒီနားမှာ မသင့်တော်ပါဘူး၊ ကိုတုတ် လက်ဖက်ရည်ဆိုင် သွားကြရင် ကောင်းလိမ့်မည်ဟု စဉ်းစားမိသည်။ ဒါနဲ့ ကျွန်တော်လည်း ယွန်းကိုခေါ်ပြီး ကိုတုတ်ဆိုင်ကို ထွက်လာကြသည်။ ယွန်းက တစ်လမ်းလုံး ကျွန်တော် ပခုံးကို မှီ၍ လိုက်လာခဲ့တယ်။ ယွန်း ကျွန်တော့် လက်မောင်းကိုလည်း အတင်းဆုပ်ကိုင်ထားသဖြင့် ကျွန်တော် အသက်ရှုတောင် မ၀ဘူးဗျ။ ဘယ်မိန်းခလေးနဲ့မှ ဒီလို အချိန်မတော်ကြီး တွဲမသွားဖူးဘူး။ ကျွန်တော် စိတ်ထဲမှာလည်း အတွေးပေါင်းစုံနဲ့ ရှုတ်ရှပ်ခတ် နေတာပါပဲဗျာ။ ဒီလိုနဲ့ ကိုတုတ်ဆိုင် ရောက်တော့ ယွန်းအတွက် ကျွန်တော် အအေးတစ်လုံးမှာပေးပြီး၊ ကျွန်တော်လည်း ရင်တွေပူလောင်နေတာမို့ အအေးတစ်လုံးမှာလိုက်သည်။

ကိုတုတ်ကတော့ ကျွန်တော့်ကိုတွေ့ပေမယ့် ဘေးနားမှာ တခြားမိန်းခလေး တစ်ယောက်ပါနေသဖြင့် လာ၍ မနှုတ်ဆက်ပေ။ အဝေးကနေပဲ အကဲခတ်နေလေရဲ့။ ကျွန်တော် လက်ပတ်နာရီကို တစ်ချက် ကြည့်လိုက်သည်။ ၁၁နာရီတောင် ခွဲသွားပြီးဗျ။ ယွန်းကတော့ အငိုမပြတ်သေးပါ၊ ယွန်းငိုနေသည့် အကြောင်းအရင်းကို ကျွန်တော်လည်း မသိပေ။ အနည်းငယ်ကြာတော့ ယွန်း အငိုအနည်းငယ် တိတ်သွားသည်။



ကျွန်တော်။ ။ ယွန်းအအေးလေး သောက်လိုက်ပါအုန်း၊ အရမ်းငိုထားသော

ပင်ပန်းနေမှာပေါ့…

ယွန်းက ခေါင်းသာညိတ်ပြသည်။

ကျွန်တော်။ ။ ခုည အရမ်းမိုးချုပ်နေပြီဆိုတော့ ယွန်းတစ်ယောက်ထဲ ပြန်ဖို့က မသင့်တော်ဘူးဗျ။ ကျွန်တော်ပဲ ယွန်းအိမ်ကို ပြန်ပို့ပေးပါမယ်…



ယွန်းက ဘာမှပြန်မဖြေပဲ ကျွန်တော်ကို တချက်မော့ကြည့်လိုက်သည်။



ယွန်း။ ။ ယွန်းကို ခိုးပြေးပါလား…



ကျွန်တော် ယွန်းစကားကြားလိုက်တာနဲ့ ဖျော်ရည်သောက်နေရင်း သီးတောင် သီးသွားသည်။ ကျွန်တော် တချက်ရယ်လိုက်ပြီး ငါနားကြားမှားတာပဲ နေမှာပါ တွေးမိသည်။ ဒါကြောင့် ကျွန်တော် သေချာအောင်ထပ်မေးလိုက်သည်။



ကျွန်တော်။ ။ ယွန်း၊ ကျွန်တော့်ကို ဘာပြောလိုက်တာလဲ မသိဘူး…

ယွန်း။ ။ အစ်ကို၊ ယွန်းကို ခိုးပြေးပါလား…



ဒီတစ်ခါတော့ ကျွန်တော် သဲသဲကွဲကွဲကို ကြားလိုက်ရသည်။ ယွန်း ကျွန်တော်ကို ခိုးပြေးခိုင်းနေသည်။ ကျွန်တော့်ကိုယ် ကျွန်တော်တောင် မယုံနိုင်အောင်ဖြစ်သွားတယ်ဗျ။ ငါအိမ်မက်မက်နေတာပဲ ဖြစ်ရမယ်။ ကျွန်တော်ပါးကို အားရပါးရ ရိုက်လိုက်သည်။ ပါးတော်တော်နာသွားသည်။ ဒါဆို ဒါအိပ်မက် မဟုတ်ရင်၊ ကျွန်တော် ခုဘာဆက်လုပ်ရမလဲ။ ယွန်း နံမည်ကလွဲလို့ ယွန်းအကြောင်း ကျွန်တော် ဘာမှ မသိသလို၊ ယွန်းလည်း ကျွန်တော် အကြောင်းဘာမှ မသိပေ။ ဘာမှ မသိတဲ့ လူနှစ်ယောက် ဒီလိုပဲ ယူလို့ ဖြစ်ပါ့မလားဟု တွေးမိသည်။ ပြီးတော့ ကျွန်တော်ကလည်း ခုထိ ကျောင်းပြီးသေးတာ မဟုတ်ဘူး။ ကျွန်တော့် အဖေသာ သိရင် ကျွန်တော့်ကို သတ်မှာဗျ။ ဒီလို အတွေးတွေနဲ့ ရှုတ်ရှပ်ခတ်နေတာနဲ့ ည ၁၂နာရီထိုးသွားတာကို ကျွန်တော် သတိမထား လိုက်မိဘူး။ နာရီကြည့်မိမှ ည ၁၂နာရီတောင် ထိုးနေပြီ။ ဒီအတိုင်းဆိုရင်တော့ ငါ ယွန်းကို ခိုးပြေးရတော့မှာ၊ ဒုက္ခပါပဲ။ ခုချိန် ယွန်းကို သူ့အိမ်ကို ပြန်ပို့ပေးလိုက်တာ အကောင်းဆုံးပဲလို့ စဉ်းစားမိတာနဲ့။



ကျွန်တော်။ ။ ဒါလိုရှိတယ် ယွန်းရဲ့။ ယွန်းကို မခိုးပြေးချင် လို့ ပြောတာ မဟုတ်ဘူးနော်။ ယွန်းအကြောင်းလည်း ကျွန်တော် ဘာမှမသိသလို၊ ကျွန်တော့် အကြောင်းလည်း ယွန်းဘာဆိုဘာမှ သိတာ မဟုတ်ဘူး။ ဒီတော့ ယွန်းကို ခိုးပြေးဖို့ ဆိုတာ မဖြစ်နိုင်ဘူးထင်တယ်…

ကျွန်တော်။ ။ ဒါကြောင့် ခုကျွန်တော် ယွန်းအိမ်ကို ပြန်လိုက်ပို့ပေးမယ်ဗျာ။ ယွန်းအိမ်ရောက်ရင်လည်း ကျွန်တော် သေချာ ရှင်းပြပေးပါ့မယ်…

ကျွန်တော် ယွန်းကို ပြတ်ပြတ်သားသား ငြင်းပစ်လိုက်သည်။ မိန်းခလေးကပဲ ယောကျာ်းလေးတွေကို ငြင်းကြပေမယ့်၊ ကျွန်တော်ကျမှပဲ ယွန်းလို မိန်းမလှလေး တစ်ယောက်ရဲ့ ခိုးပြေးဖို့ တောင်းဆိုခံရတာကို၊ ငြင်းရတာ လူကြားလို့တော့ မကောင်းဘူးပေါ့ဗျာ။ ဒါကြောင့် ကျွန်တော် အဖေက ကျွန်တော်ကို အမြဲ တလွဲလုပ်တယ်လို့ ပြောတာပဲ ဖြစ်မယ်။ ယွန်းကို ကျွန်တော် လှန်းကြည့်လိုက်တော့ ယွန်းမျက်ရည်တွေ ကျလာသည်။



ယွန်း။ ။ အစ်ကို၊ ယွန်းကို ခိုးမပြေးရင်တော့ ယွန်းကိုယ် ယွန်းပဲ

သတ်သေလိုက်တော့မယ်…

ပြောပြီးတာနဲ့ ယွန်း စားပွဲတင်ပေါ်က ခရင်းကို ဆွဲကိုင်ပြီး လည်ပင်းကို ထိုးမည် လုပ်သည်။ ကျွန်တော် လက်လျင်ပေလို့ပေါ့ဗျ၊ အမြန် ယွန်းလက်ကို လှန်းဆွဲပြီး ယွန်းလက်ထဲမှ ခရင်းကို လွှတ်ပစ်လိုက်သည်။



ကျွန်တော် ။ ။ ယွန်း ဒါဘာလုပ်တာလဲ…

ယွန်း ။ ။ ယွန်းသေချင်တယ်…



ယွန်း ရှိုက်ကြီးတငင် ငိုချတော့သည်။ ယွန်း သတ်သေမှာကိုတော့ ကျွန်တော် ဘယ်လိုမှ မကြည့်ရက်ပေ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ်ကွာ ပြောလိုက်သည်။



ကျွန်တော်။ ။ ယွန်း သတ်တော့ မသေပါနဲ့။ ကျွန်တော် ယွန်းခိုးပြေးမယ်ဗျာ…

ယွန်း။ ။ အစ်ကို တကယ်ပြောတာလားဟင်…



ကျွန်တော်ကိုယ် ကျွန်တော်တောင် ခိုးပြေးမယ်လို့ ပါးစပ်က ဘယ်လို ထွက်သွားမှန်းမသိပေ။ ကျွန်တော် ဒီလိုဘာလို့ ကတိပေးလိုက်မိသလဲလို့ စိတ်ထဲမှာ နောင်တရမိပြန်ရော။ ကျွန်တော်နဲ့နော် ဘာလို့ ဒီလို စကားကို လွယ်လွယ်ပြောလိုက်ပါလိမ့် တွေးမိသည်။ ကိုယ်မသိတဲ့ ကောင်မလေးကို ခိုးပြေးရတော့မှာလား။ ဒုက္ခပါပဲ ဘာတွေ လျှောက်လုပ်နေမိပါလိမ့်။ သူက ယောကျာ်းရှိနေမှဖြင့် အလကားနေရင်း မယားခိုးမှုနဲ့ ထောင်က ကျအုန်းမယ်။ ကျွန်တော် အတွေးပေါင်းစုံ တွေးရင်း ခေါင်းထဲ ချာချာလည်နေပါပြီ။ ကျွန်တော် မှန်သလား၊ မှားသလားတော့ ကျွန်တော် ဝေခွဲ မရတော့ပေ။ ယောကျာ်းကတိဆိုတာ တည်ကောင်းပါတယ်၊ ပြောပြီးသော စကား ပြန်ဝင်ရိုးထုံးစံ မရှိဆိုသလိုပေါ့ဗျာ။ မထူးဇာတ်ပဲခင်းလိုက်တော့မယ်၊ ရောက်ချင်ရာရောက် ရေစီးချောင်းအတိုင်းပဲ လိုက်သွားမယ်ဗျာ စိတ်ဆုံးဖြတ်ချလိုက်သည်။ ဒါပေမယ့် ကိုကျော်လွင် နဲ့ ယွန်းတို့ ဇာတ်လမ်းကို ခုထိ သိချင်တဲ့ စိတ်ကရှိသေးသည်နှင့်။



ကျွန်တော်။ ။ ဒါနဲ့၊ ယွန်း နဲ့ ကိုကျော်လွင်က ဘယ်လိုပတ်သက်ကြတာလဲဗျ…



ယွန်း။ ။ လွန်ခဲ့တဲ့ ၅နှစ်လောက်က ကိုကျော်လွင်နဲ့ ယွန်းနဲ့က ချစ်ကြိုက်ခဲ့ပါတယ်။ ဒါပေမယ့် ယွန်းမိဘတွေက ကောင်လေးဘက်က ပိုက်ဆံမရှိလို့ အဆင့်အတန်းခွဲပြီး သဘောမတူခဲ့တာမို့၊ ယွန်းတို့ လမ်းခွဲခဲ့ကြပါတယ် အစ်ကို။ ပြီးခဲ့တဲ့ ၆လလောက်ကမှ ကိုကျော်လွင် နိုင်ငံခြားက ပြန်လာပြီး သူစီးပွားရေး လုပ်တာ အောင်မြင်တဲ့အကြောင်း ယွန်းကြားမိပါတယ်။ ပြီးတော့ ဆိုင်းမဆင့် ဗုံမဆင့်ပဲ ကိုကျော်လွင်က ယွန်းမိဘတွေဆီမှာ ယွန်းကို လက်ထပ်ယူချင်ပါတယ်လို့ ခွင့်လာတောင်းပါတယ်။ ယွန်းမိဘတွေက သဘောတူလိုက်ပြီး ခုမင်္ဂလာဖိတ်စာ တွေတောင် ဝေပြီးသွားမှ ကိုကျော်လွင်က ယွန်းကို လုံးဝမဆက်သွယ်တော့ပါဘူး… ဟု ယွန်းက ငိုသံလေးနဲ့ ပြောပါသည်။ ဒါကို ယွန်းမိဘတွေ သိသွားလို့ ရှိရင် ယွန်းကို သတ်ကြမှာ။ ဒါကြောင့် ယွန်းမိဘတွေ မရိပ်မိခင် သူရှိမယ့် နေရာကို ယွန်းလိုက်ရှာခဲ့တာပါ။



ကျွန်တော်။ ။ ဒီနေ့တွေ့တော့ ယွန်းကို သူဘာပြောလဲ…

ယွန်း။ ။ သူက ယွန်း မိဘတွေက သူမှာ ပိုက်ဆံမရှိလို့ နှိမ်ခဲ့ကြလို့၊ ယွန်းမိဘတွေကို

ပြန်ကလဲ့စားချေတာ ပါတဲ့လေ။ သူ ယွန်းကို ဘယ်လောက်ပဲ ချစ်ချစ်

လက်ထပ်မယူနိုင်ပါဘူးတဲ့။ ဒါကြောင့် ယွန်း အခု အိမ်လည်း

မပြန်ရဲတော့ပါဘူး အစ်ကိုရယ်။ အိမ်ကသာသိရင် ယွန်းကို သူတို့

အရှက်ကိုခွဲတယ်ဆိုပြီး သတ်ကြမှာ။ ယွန်းလည်း ဘ၀ပျက်မှာ။ ဒါကြောင့်

ယွန်းကို အစ်ကို ခိုးပြေးပါနော်…



ကျွန်တော်လေ ယွန်းအဖြစ်ကိုကြားပြီး ယွန်းကို သနားလိုက်တာဗျာ။ ကိုကျော်လွင်ဆိုတဲ့လူ နှမချင်း မစာနာဘူးဗျာ။ ယွန်းအစား မခံမရပ်နိုင်လွန်းလို့ပါ။ ဒါပေမယ့် ကျွန်တော် ကိုယ်လည်း ကျွန်တော် သနားမိတယ်။ ဘာမှ မသိပဲ အလယ်က ခံလိုက်ရတာဗျ။ ဒါကျွန်တော် သူများမက်ဆေ့ကို ခိုးဖတ်မိလို့ ဒဏ်ခံရတာပဲလို့ အောက်မေ့ပါတယ်ဗျာ။ နာရီလှန်းကြည့်လိုက်တော့ ၁နာရီတောင် ထိုးနေသည်။ ည ၁နာရီ ထိုးနေပြီဆိုတော့ ငါ ယွန်းကို တကယ် ခိုးပြေးရတော့ မှာပါလား။ ကိုတုတ်က ၁၂နာရီဆို ဆိုင်ပိတ်နေကြ၊ ကျွန်တော်တို့ အခြေအနေကို ရိပ်မိလို့ မပိတ်ပဲ ထားထားပုံရသည်။ ဒါနဲ့ ကိုတုတ်ကို သွားတိုင်ပင်ရင် ကောင်းမည်လို့ အတွေးဝင်လာတာနဲ့၊ ယွန်းကို ခဏနေခဲ့ဖို့ ပြောပြီး၊ ကိုတုတ်ရှိရာဆီကို ကျွန်တော် ထွက်လာသည်။ ကိုတုတ်က ထုံးစံအတိုင်း ပြုံးစိစိ မျက်နှာဘေးဖြင့် ကျွန်တော်ကို ကြည့်နေသည်။



ကိုတုတ်။ ။ မင်းသူ… မင်းသူ… မင်းဘာတွေ တလွဲလုပ်လာပြန်ပြီလည်းကွ…

ကျွန်တော်။ ။ ဒီတစ်ခါက တလွဲလုပ်တာထက်ပိုဆိုးတယ် ကိုတုတ်ရ။ ကျွန်တော်တော့ လူပျိုဘ၀ ပျက်ပြီ ထင်ပါတယ် ကိုတုတ်ရာ…

ကျွန်တော် စိတ်ပျက်စွာပြောလိုက်သည်။



ကိုတုတ်။ ။ ဘာ… မင်း မိန်းမရတော့မယ်ပေါ့။ ပျော်စရာကြီးကွာ။ ငါတော့

စားရချည်းသေးရဲ့…

ကျွန်တော်။ ။ ကိုတုတ်ကလည်း အရေးထဲဗျာ။ ကျွန်တော်က ကိုယ့်ရည်စားနဲ့ ယူရရင်

ပျော်တာပေါ့ဗျ။ ခုဟာက ကျွန်တော်လည်း ဘာမှ မသိတဲ့ ကောင်မလေးနဲ့

ယူရမှာဆိုတော့ တမျိုးကြီးပဲဗျ…

ကိုတုတ်။ ။ မင်းကိစ္စက ဘာတွေလဲကွ။ ငါတောင် နားမလည်တော့ဘူး။ ရှင်းပြပါအုန်း..



ဒါနဲ့ ကျွန်တော်နဲ့ ယွန်းရဲ့ အကြောင်းတွေကို ကိုတုတ်ကို အားလုံးရှင်းပြလိုက်သည်။ ကျွန်တော်ရှင်းပြပြီးရော၊ ကိုတုတ်က ကျွန်တော့်ပခုံးကို ပုတ်ပြီး၊ မင်းသူ၊ မင်းဟာက သိန်းထီပေါက်တာကွ။ သိန်းထီတောင် ရိုးရိုးထီ မဟုတ်ဘူး။ သိန်း ၁၀၀၀ ဆုကြီးကွ။ အရမ်းချောတဲ့ ကောင်မလေးက မင်းကို ခိုးပြေးခိုင်းတာ ပြောကာ အားရပါးရရယ် ပါတော့သည်။ ဟုတ်တော့ ဟုတ်တယ်ဗျ။ ယွန်းက အလွန်ချောတဲ့ မိန်းခလေးဖြစ်ပြီး၊ ကျွန်တော်ကတော့ သာမန် ယောကျာ်းလေးမျှပင်။ ကျွန်တော် ယွန်းကြားသွားမှာ စိုး၍၊ ကိုတုတ်ကလည်း တိုးတိုးပြောပါဗျာ။ တော်ကြာ ယွန်းကြား သွားပါအုန်းမယ်။ ကျွန်တော် ဘာဆက်လုပ် ရမလဲဆိုတာပဲ အကြံပေးပါအုံးဗျာ။



ကိုတုတ်။ ။ မင်းကရော သူ့ကို ကြိုက်သလား…

ကျွန်တော်။ ။ ကျွန်တော်နဲ့ ယွန်းနဲ့ တွေ့ဖူးတာမှ ၃ခါလောက်ပဲ ရှိသေးတာ။ ကြိုက်တယ်၊

မကြိုက်ဘူးလို့တော့ ဘယ်ပြောလို့ ရပါမလဲ။ ယွန်းကို ကျွန်တော်

သနားတာတော့ အမှန်ပဲ။ ကျွန်တော်သာ ခိုးမပြေးရင် ယွန်းဘ၀ ပျက်စီးပြီး

အဖတ်ဆယ်လို့ ရတော့မှာ မဟုတ်ဘူးဗျ…

ကိုတုတ်။ ။ ဒါဆို မင်းက ကောင်မလေးကို ခိုးပြေးမယ်ပေါ့…

ကျွန်တော်။ ။ အဲဒီလိုလည်း မဟုတ်သေးဘူးဗျ၊ ကျွန်တော်နဲ့ မသိတဲ့ ကောင်မလေး

တစ်ယောက်ကို ခိုးပြေးရမယ် ဆိုတာ မလွယ်တဲ့ ကိစ္စပဲဗျ…

ကိုတုတ်။ ။ မင်းသူ အခွင့် အရေးဆိုတာ တစ်ခါပဲရတာ နှစ်ခါမရဘူးကွ။ ငါသာ

မင်းနေရာမှာ ဆိုရင် ခိုးပြေးပြီးသားပဲကွ…

ကျွန်တော်။ ။ ဒါဆို အတော်ပဲ။ ကိုတုတ်ပဲ ယွန်းကို ခိုးပြေးပါ့လား…

ကိုတုတ်။ ။ ဟာ မလုပ်ပါနဲ့ကွာ မင်းသူရာ။ မင်းကိစ္စ မင်းပဲရှင်းပါ။ င့ါကို လာတိုင်မပတ်ပါနဲ့…

ကျွန်တော်။ ။ နောက်တာပါ ကိုတုတ်ရာ၊ လူပျိုကြီး Heart ထိသွားပြီထင်တယ်…

ကိုတုတ်။ ။ ကောင်မလေး ကြည့်ရတာလည်း မိကောင်းဖခင် သားသမီးထဲကပါပဲ။

ဒါကြောင့် မင်းဘာမှ တွေးဝေမနေနဲ့ ခိုးသာပြေးပေတော့…



ကျွန်တော်လည်း ကိုတုတ် စကားကြားတော့ အားတော့ နည်းနည်းရှိသွားတယ်ဗျ။ ဒါနဲ့ ကျွန်တော် နဲ့ ယွန်း ဘယ်နေရာကို ခိုးပြေးရင်ကောင်းမလဲ၊ ဘာတွေ ဆက်လုပ်ရင် ကောင်းမလဲ ဆွေးနွေးဖို့ ယွန်းနားကို ပြန်လာလိုက်သည်။ ယွန်းကတော့ မျက်လွှာလေးချပြီး ငိုင်နေသည်။ ကျွန်တော် အနားရောက်လာတော့ ယွန်း ကျွန်တော်ကို မော့ကြည့်လိုက်သည်။ ယွန်းမျက်နှာမှာ ငြိုးနွမ်းနေသည်။ ကျွန်တော်က ယွန်းနဲ့ ကျွန်တော် ခိုးပြေးမယ့် ကိစ္စတိုင်ပင် ကြရအောင် ပြောလိုက်မှ၊ ယွန်းမျက်နှာလေး ပြုံးသွားတော့သည်။ ယွန်းပြုံးလိုက်ရင် ပါးချိုင့်လေးနဲ့ဆိုတော့ အရမ်းလှတယ်ဗျ။



ကျွန်တော်။ ။ ခုကျွန်တော်တို့ ခိုးပြေးတာတော့ ဟုတ်ပါပြီး၊ ကျွန်တော်မှာ ခိုးပြေးဖို့
ပိုက်ဆံကလည်း ၅၀၀၀ လောက်ပဲပါတာဗျ…

ယွန်း။ ။ ယွန်းမှာ ၄သိန်းလောက်ပါပါတယ်၊ ဒီပိုက်ဆံတွေက

ယွန်း မင်္ဂလာကိစ္စအတွက် ယွန်းအမေပေးလိုက်တာပါ…

ကျွန်တော်။ ။ ဒါဆို ဟုတ်ပြီ။ ကျွန်တော်တို့ ဘယ်သွားကြရင်ကောင်းမလဲ…

ယွန်း။ ။ ယွန်းက ချောင်းသာ အရမ်းသွားချင်တာ။ ခုပါလာတဲ့ ပိုက်ဆံနဲ့ ဆိုရင်

သွားလို့ရလောက်တယ်…

ကျွန်တော်။ ။ ကျွန်တော်လည်း ချောင်းသာကို တစ်ခါမှ မရောက်ဖူးဘူးဗျ၊ ဒါဆို ချောင်းသာ

သွားမယ်လို့ပဲ ဆုံးဖြတ်ကြတာပေါ့ဗျာ…

ယွန်းက ပြုံးပြီး ခေါင်းညိတ်ပြသည်။ ဒါနဲ့ ကျွန်တို့ ၂ ယောက် ချောင်းသာသွားဖို့ ဆုံးဖြတ်ပြီးပြီးမို့ ကိုတုတ်ကို လှန်းခေါ်လိုက်သည်။ ကိုတုတ်ကလည်း အခြေအနေကောင်းဟန်ရှိသည်နှင့်၊ ၀မ်းသာအားရဖြင့် ကျွန်တော်တို့အနား ပြေးလာသည်။ ချောင်းသာ အစီအစဉ်ကို ကိုတုတ်ကို ပြောလိုက်သည်။



ကိုတုတ်။ ။ အေး မင်းတို့ အစီအစဉ်ကောင်းတယ်ကွ။ ခု ၂နာရီ ခွဲသွားပြီဆိုတော့…

၃နာရီခွဲကားနဲ့ ပုသိမ်ကို လိုက်သွားကြ။ ပြီးမှ ပုသိမ်က တဆင့် ချောင်းသာကို

ချောင်းသားကားနဲ့ ပြန်လိုက်သွားလိုက်။ တပတ်လောက်နေပြီးမှ

ပြန်လာခဲ့ကြနော်..



ပြီးတာနဲ့ ကိုတုတ်က သူ့လက်ဖက်ရည်ဆိုင်ကို သိမ်းပြီး ယွန်းနဲ့ ကျွန်တော့်ကို ပုသိမ် အဝေးပြေးကားဂိတ်သို့ လိုက်ပို့ပေးသည်။ ကျွန်တော်လည်း အဖေ့အတွက် စာတစ်စောင် ခပ်မြန်မြန်ရေးပြီး၊ ကိုတုတ်ကိုဘဲ အဖေ့ဆီ ပေးခိုင်းခဲ့တယ်။ အဖေ ကျွန်တော်ရေးတဲ့စာကို ရပြီး ကျွန်တော်ကို ခွင့်လွှတ်ပါစေလို့ ကျွန်တော် မျှော်လင့်နေမိသသည်။ ယွန်းနှင့် ကျွန်တော် ပုသိမ် ကားပေါ်တက်သွားသည်အထိ ကိုတုတ်က စောင့်ပေးနေသည်။ ကားပေါ်ရောက်တော့



ယွန်း။ ။ အစ်ကို၊ ယွန်းကို ကယ်လိုက်တာပါ။ ယွန်း ဒီကျေးဇူးကို ဘယ်တော့မှ

မမေ့ပါဘူး…



ယွန်း မျက်ရည်များ စီးကျလာသည်။ ကျွန်တော်လည်း ယွန်းမျက်ရည်များကို သုတ်ပေးလိုက်သည်။ ရန်ကုန်မှ ကားစထွက်ပြီး မကြာခင် ယွန်း ကျွန်တော့် ပခုံးပေါ်တွင်မှီပြီး အိပ်ပျော်သွားလေသည်။ ကျွန်တော်ကတော့ အိမ်မောကျနေသော ယွန်းကို ကြည့်ပြီး အတွေးများစွာ တွေးမိနေသည်။ ကျွန်တော် မသိတဲ့ ကောင်မလေး တစ်ယောက်နဲ့ ဒီလို ခိုးပြေးမိတာ မှန်ရော မှန်ရဲ့လား။ ကျွန်တော်ဘာတွေ လုပ်ခဲ့မိပါလိမ့်။ ဒါပေမယ့် ခုချိန်မှာ ဒါတွေက အရေးမကြီးတော့ပါဘူး။ နောက်ဆက်လုပ်သင့်သည်ကို စဉ်းစားတော့သည်။ ရန်ကုန်မြို့ကို ကျော်လာသည်နှင့် တဖြည်းဖြည်း ကျွန်တော့် မျက်ခွံတွေလည်း လေးလာသည်။ ပုသိမ် ကားဖြင့် စီးနှင်းလိုက်ပါသွားရင်း ကျွန်တော်လည်း အိပ်ပျော်သွား လေတော့သည်။



ပြီးပါပြီး…

‘‘အမုန်းမှာ အချစ်မရှိပါ’’

 

        ကျွန်တော် ကျောင်းစာအုပ်ကို ဖတ်ရင်း မျက်ရည်ပေါက်များ အဆက်မပြတ် ကျဆင်းနေသည်။ ဒီမျက်ရည်များမှာ နှစ်ပေါင်းများစွာ ကျွန်တော် မျိုသိပ်ခဲ့ရသော ဒေါသမီးတောက်များပင်။ ဒီနှစ် ၁၀တန်းအောင်အောင် ကျွန်တော် ကြိုးစားရမည်။ ဆယ်တန်းအောင်ပြီသည်နှင့် ဘ၀မှာဆုံးရှုံးခဲ့သော အရာများကို ဒင်းတို့ဆီမှ ပြန်ယူမည်ဟု တွေးရင်း မျက်ရည်များ စီးကျမြဲပင်။ ရှုတ်တရက် အခန်းတံခါးခေါက်သံကြားလိုက်၍ မျက်ရည်များကို လက်ဖြင့် အမြန်သုတ်လိုက်ပြီ၊


ကျွန်တော် ။               ။ ဘယ်သူလဲ…


အိမ်သော်တာ ။           ။ ငါပါ။ တံခါး ခဏဖွင့်စမ်းပါ…



တံခါးကို အမြန်ဆွဲဖွင့်လိုက်သည်။ ဆံပင်လေးကို စုစည်းထားပြီ အင်္ကျီလက်စကနှင့် သူမ၀တ်ထားသော အိမ်ဝတ်ဘောင်းဘီတိုကြောင့် ယခင်ကထက် အသားပိုဖြူနေသည်ဟု ထင်ရသည်။ သူမလက်ထဲတွင် ကိုင်ထားသော လက်ဖက်နှင့်အကြော်စုံ ပန်းကန်လေးကို လှမ်းကြည့်လိုက်ပြီ၊


ကျွန်တော် ။               ။ ဘာလဲ…


အိမ်သော်တာ ။           ။ နင်စာကျက်ရင်း အိပ်ငိုက်ရင် စားရအောင် ငါယူလာခဲ့ပေးတာ…


ကျွန်တော် ။               ။ မလိုပါဘူး။ စားချင်နင်ဘာသာစား။ ငါစာကျက်နေတယ် လာမနှောင့်ယှက်နဲ့…


အိမ်သော်တာ စကားမဆုံးသေးခင် ကျွန်တော် တံခါးကို အားဖြင့် ဒုံးခနဲမြည်အောင် ပိတ်ချလိုက်သည်။ စာကျက်စားပွဲတွင် ပြန်ထိုင်လိုက်ကာ အံ့ဆွဲထဲမှ ဒိုင်ယာရီစာအုပ်ကြားတွင် ညှပ်ထားသော ဓာတ်ပုံလေးကို ထုတ်ကြည့်ရင်း ပါးစပ်မှ တိုးတိုးလေး၊


ကျွန်တော် ။               ။ မေမေ…




ဟုရွတ်ဆိုရင်း အံ့ကိုပါ တချက်ကြိတ်လိုက်တော့သည်။ လွန်ခဲ့တဲ့ ၁၀နှစ်ခန့်က ကျွန်တော်ဘ၀တစ်ခုလုံး နွံ့ထဲသို့ ကျရောက်ခဲ့ရသည်။ အရင်က အဖေမရှိတဲ့ ကျွန်တော်ဘ၀ကို အမေက ပြည့်စုံအောင် အတတ်နိုင်ဆုံး ဖြည့်စီးပေးခဲ့သည်။ ဆင်းရဲသော်လည်း ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို အိမ်သော်တာရဲ့ မိဘများကြောင့် ဖျက်စီးခဲ့ရသည်။ အဲဒီနေ့ကို ကျွန်တော်ခုထိတိုင် မမေ့ပေ။ ထိုနေ့က မိုးထစ်ချုန်းကျရွာသွန်းနေ၍ မရှိမယ့် ရှိမယ့် ထီးလေးတစ်ချောင်းကို မေမေနဲ့ ကျွန်တော် နှစ်ယောက်တစ်ချောင်း ဆောင်းရင် လယ်မှ ညမိုးချုပ်မှ ပြန်လာခဲ့သည်။


ညဘက် မိုးလည်း အတော်ချုပ်နေပြီမို့ တစ်လမ်းလုံးလည်း လူတွေ တစ်ဦးတစ်ယောက်မှ မရှိကြပေ။ လယ်ကွင်းတွေဖျက်ရင်း အဝေးပြေးလမ်းမပေါ်သို့ ရောက်လာတော့သည်။ အမေလက်ကိုကိုင်ရင်း ကျွန်တော်တို့ လမ်းလျှောက်လာစဉ် မီးအလင်းတစ်ခုကို မြင်လိုက်ရသည်။ ကားမီးလိုလို၊ သေချာတော့ ကျွန်တော် မမှတ်မိပေ။ သို့သော် လမ်းဘေးမှ လမ်းလျှောက်နေသော ကျွန်တော်တို့ဆီသို့ ဦးတည်လာသော အလင်းတန်း ဖြစ်လေရာ၊


မေမေ ။          ။ သား…


ဟုအော်ရင်း ကျွန်တော် လွှတ်ရာ ကျွတ်ရာသို့ တွန်းပို့ရင်း သူမအသက်ကို စတေးခံသွားခဲ့သည်။ ကျွန်တော်လည်း လှဲကျသွားရာမှ သတိရလာတော့ ကားတစ်စီးနားတွင် မေမေလှဲကျနေသည်။ ကျွန်တော်လည်း မေမေနားသို့ တွားတွားရင်း မေမေကို အတင်းလှုပ်နှိုးနေခဲ့သည်။ မေမေဆုံးပါးသွားတယ်လို့တော့ ကျွန်တော် မထင်ခဲ့မိပေ။


ကျွန်တော် ။     ။ မေမေ၊ မေမေ…


ထိုချိန် ကားပေါ်မှ အိမ်သော်တာ အဖေဦးရဲခေါင် ဆင်းလာပြီ တော်တော်ကြီးကို သွေးပျက်နေပုံရသည်။ သူအရက်တွေ ဘယ်လောက်သောက်ထားသည် မသိ၊ တစ်ကိုယ်လုံး အရက်စော်နံဟောင်နေသည်။ သူဘေးမှ လိုက်ဆင်းလာသူမှာ အိမ်သော်တာ အမေ ဒေါ်သီတာပင်။ ဒေါ်သီတာသည် မြို့သူပီပီ အလွန်ခေတ်ဆန်စွာ ၀တ်ဆင်ထားပြီ ဦးရဲခေါင် လူသတ်မူဖြစ်ပြီ ဆိုတာသိသည်နှင့်၊

ဒေါ်သီတာ ။              ။ အကိုကြီး သီတာတို့ သွားရအောင်၊ ဒီမှာ ကြာကြာ ဆက်နေနေလို့ မဖြစ်ဘူး…


ဦးရဲခေါင် ။                 ။ ဒီမိန်းမကို ဘယ်လို လုပ်မလဲ…


ဒေါ်သီတာ ။              ။ သေနေပြီပဲ ဒီအတိုင်းထားခဲ့ပေါ့။ ဘာတတ်နိုင်မှာမို့…


သူတို့ကို ကျွန်တော်ဂရုမစိုက်နိုင်ခဲ့ပေ။ မေမေကိုသာ အတင်းတွန်းကာ နှိုးနေမိခဲ့သည်။ ထို့နေ့က မေမေကို ကျွန်တော်နောက်ဆုံးအကြိမ် မြင်လိုက်ရခြင်းဖြစ်သည်။ အိမ်သော်တာက ကျွန်တော်နှင့်ရွယ်တူ ရနှစ်သာ ရှိသေးသည်မို့ ဘာမှ နားမလည်စွာ ကားပေါ်မှ ဆင်းလာရင်း၊


အိမ်သော်တာ ။           ။ မေမေ၊ ဟိုအန်တီကြီး ဘာလို့ မိုးရေထဲ လှဲနေတာလဲဟင်…



ဒေါ်သီတာ ။              ။ သမီး၊ ဘာလို့ ကားပေါ်က ဆင်းလာတာပဲ။ ကားပေါ်ပြန်တက်စမ်း…


ဟုပြောကာ အိမ်သော်တာကို ပျာပျာသလဲလဲ ကားပေါ်သို့ အတင်းပြန်တက် ခိုင်းတော့သည်။ ကျွန်တော် လှုပ်နှိုးနေသော်လည်း မေမေ ပြန်မနှိုးလာခဲ့ပေ။ အရာအားလုံးဟာလည်း အရမ်းကို တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။ ဦးရဲခေါင်လည်း သွေးရူးသွေးတန်းဖြင့်၊


ဦးရဲခေါင် ။                 ။ ဟိုမိန်းမက သေသွားပြီ ထားပါအုန်း၊ ဒီကလေးက ငါတို့ကို မှတ်မိနေရင် ဘယ်လိုလုပ်မလဲ။ ငါတော့ ထောင်ထဲ မ၀င်ချင်ဘူးကွာ…


ဒေါ်သီတာ တစ်ခုခုကို စဉ်းစားနေဟန်ဖြင့် ပြီမှ၊


ဒေါ်သီတာ ။              ။ အကိုကြီး၊ သူကို တပါတည်း ရန်ကုန်ခေါ်သွားရင်ရော…


မျက်မြင်သက်သေဖြစ်တဲ့ ကျွန်တော်ကိုပါ သူတို့ကို ဖော်ထုတ်မှာစိုး၍ တပါတည်း အတင်း ရန်ကုန်သို့ ပြန်ပေးဆွဲ ဖမ်းစီးခေါ်ခဲ့ကြတယ်။ ကျွန်တော် သူတို့လက်ထဲက အတင်းရုန်းပြီ မေမေဆီပဲ သွားဖို့ ကြိုးစားခဲ့ပါသေးတယ်။ သို့သော် ဒေါ်သီတာက ကျွန်တော်ကို နှစ်သိမ့်သည့်သဘောဖြင့်၊



ဒေါ်သီတာ ။              ။ ကလေးမငိုနဲ့တော့။ မင်းအမေ နေကောင်းသွားအောင် အန်တီတို့ ဆရာဝန်သွားခေါ်မလို့…


လိမ်ညာပြောဆိုသည်ကို အမှန်ထင်ပြီ ကျွန်တော်ကတော့ ၀မ်းသာစွာ မျက်ရည်များကို သုတ်လိုက်ရင်း၊


ကျွန်တော် ။               ။ အန်တီ တကယ်ပြောတာလား။ ဒါဆို ကျွန်တော်အမေ ပြန်နှိုးမှာပေါ့နော်…


ဒေါ်သီတာ ခေါင်းညိတ်ပြခဲ့သည်။ နောက်မှ သူစကားတွေအားလုံး လိမ်ညာစကားတွေဆိုတာကို သိလာခဲ့ရတော့သည်။ အသက်ရနှစ်မို့ သူတို့တွေက ကျွန်တော် ဒီအဖြစ်အပျက်တွေကို တချိန်ချိန်မေ့သွားမည်ဟု ထင်ခဲ့သော်လည်း ရင်ထဲမှာ အမြဲပူလောင် ဒဏ်ရာတွေ ရနေဆဲပါ။ တစ်နေ့တော့ ကျွန်တော်နဲ့ အမေကို သေခွဲခွဲခဲ့တဲ့ သူတို့တွေကို ကလဲ့စား ပြန်ချေမည်ဟု တွေးရင်း အံ့ကြိတ်ကာ လက်သီးကို နံရံသို့ အရှိန်ဖြင့်၊


ကျွန်တော် ။               ။ အားကွာ…


ဆွဲထိုးလိုက်တော့သည်။ အရှိန်ပြင်းသွားသည်မို့ လက်ဆစ်မှ သွေးများပင် ထွက်လာသော်လည်း ကျွန်တော်မနာပေ။ ရင်ထဲက အနာက ဒီအနာလောက်ကို လုံးဝမမှုနိုင်ခဲ့ပေ။ နောက်နေ့မနက် ကျောင်းမသွားခင် ထုံးစံအတိုင်း မနက်စောစောစီးစီးထပြီ ကားရေးဆေး၊ ခြံသန့်ရှင်းများကို လုပ်ကိုင်ရသည်။ ကျွန်တော်မှာ သူများတွေလို ကျူရှင်တက်၊ ဂိုက်သင်ဖို့နေသာသာ ကျောင်းစာအုပ်၊ ဘော်ပင်တို့အတွက် ရှိစုမဲ့စု ပိုက်ဆံများဖြင့် လောက်အောင် အမြဲသုံးရသည်။ ကားရေဆေးနေချိန်တွင် ဦးရဲခေါင် သူဌေးပီသစွာ အကျီင်္လက်ရှည် နီညှိရောင်နှင့် စတိုင်ဘောင်ဘီကို ၀တ်ဆင်ကာ အကျော့ဆင်းလာပြီ၊



ဦးရဲခေါင် ။                 ။ ဟေ့ကောင် ထင်ရှား၊ မင်းကားရေဆေးတာ မြန်မြန်လုပ်စမ်း။ ငါသွားစရာရှိတယ်…


ကျွန်တော် ။               ။ ဟုတ်ကဲ့…


သူဘေးမှ ဒေါ်သီတာကလည်း ထွက်လာပြီ ဦးရဲခေါင်ကို မျက်နှာလိုမျက်နှာရ၊


ဒေါ်သီတာ ။              ။ ဟုတ်တယ်။ အကိုကြီးရေ၊ လူတွေက ထမင်းသာ နုပ်မှန်အောင် စားချင်တာ၊ အလုပ်ဆိုရင် မြန်မြန်စမ်းစမ်း မလုပ်ချင်ဘူးလေ…


ကျွန်တော်ကိုင်ထားသော ရေပိုက်ကို ဆွဲညှစ်ပစ်လိုက်ပြီ ဒေါသတွေ ပေါက်ကွဲထွက်သွားမည်စိုး၍ အတင်းမျိုသိပ်ထားလိုက်ရသည်။ ကားကို ပြောင်လက်နေအောင် သန့်စင်ပေးပြီ ဦးရဲခေါင်လာသည်နှင့် ကားတံခါးဖွင့်ပေးရသေးသည်။


ဒေါ်သီတာ ။              ။ ဟဲ့ငါကိုလည်း လာဖွင့်ပေးလေ။ ဘာလုပ်နေတာလဲ…



ခြေလက်တွေများ ကောင်းရဲ့သားနဲ့ ကားတံခါးလေးတောင် ကိုယ်တိုင် မဖွင့်ချင်ပဲ ကျွန်တော်ကိုပဲ နှိပ်ပြီခိုင်းမြဲပင်။ ထင်ရှား၊ မင်းအမေအတွက် လက်စားချေချင်ရင် သည်းခံရမယ်ကွဟု ကိုယ်မှာကို သတိပေးရင်း ဒေါ်သီတာအတွက် ကားတံခါးကိုပါ ဖွင့်ပေးလိုက်သည်။ အဖြူအစိမ်းလေးဝတ်ပြီ ခုန်ဆွခုန်ဆွဖြင့် အိမ်သော်တာ သူမဆံပင်ရှည်လေးကို ကျစ်ဆံမြီးနှစ်ဖက်ကျစ်လျှက် ကားနားသို့ လမ်းလျှောက်လာသည်။ ပါးကွက်အမြဲကွက်တတ်သော သူမဟာ ရယ်လိုက်လျှင် ပါးချိုင့်လေးနှင့် ချစ်စရာတော့ကောင်းသည်။ ဒါပေမယ့် အဲဒီလို ချစ်စရာကောင်းတယ်လို့ သူမကို ထင်တဲ့လူတွေထဲတွင် ကျွန်တော်တော့ မပါပေ။ အိမ်သော်တာကို ငေါ့တဲ့ အနေနဲ့၊


ကျွန်တော် ။               ။ နင်ကိုရော၊ ငါကားတံခါးဖွင့်ပေးရအုန်းမလား…


အိမ်သော်တာ ။           ။ တော်စမ်းပါဟယ်။ ငါမှာ လက်ပါတာပဲ ကိုယ်မှာကို ဖွင့်မှာပေါ့။ နင်တကိုယ်လုံး ရေတွေနဲ့ စိုရွှဲနေတာပဲ၊ မြန်မြန် ကျောင်းအကျီင်္သွားလှဲပြီ လိုက်ခဲ့အုန်း။ ကျောင်းနောက်ကျနေလိမ့်မယ်…


စိတ်ပူတဲ့အနေနဲ့ ပြောပြီ အိမ်သော်တာနဲ့ ဦးရဲခေါင်တို့ ထွက်သွားကြသည်။ ကျွန်တော် ရနှစ်သားအရွယ် ရန်ကုန်ခေါ်ခံခဲ့စဉ်က သူတို့နယ်က မွေးစားလာတဲ့ကလေးလိုလို ဘာလိုလိုနဲ့ အရေးပေးခံရသေးသည်။ သူတို့အကြောင်းကို ကျွန်တော်မဖော်ထုတ်နိုင်ဘူးလို့ စိတ်အေးသွားမှ ဦးရဲခေါင်နဲ့ဒေါ်သီတာတို့ ဆက်ဆံရေးက ချက်ချင်းဆိုသလို ပြောင်းလဲသွားတော့သည်။ ထမင်းစားရင်တောင် အိမ်ဖော် မနိုင်နဲ့ ကျွန်တော်တူတူစားရသည်။ တစ်နေ့တော့ မနိုင်က ကျွန်တော် အသားဟင်းတွေ ထည့်ကျွေးနေသည်ကို ဒေါ်သီတာ မြင်သွားပြီ၊


ဒေါ်သီတာ ။              ။ မနိုင်၊ ညဉ်းကလေ ဖင်မှန်းခေါင်းမှန်း မသိဘူး။ ဒီကလေးကို အသားဟင်းတွေ ထည့်ကျွေးစရာလား။ ငပိရည်နဲ့ဆို ရပြီလေ၊ အားလုံးလိုက် ပြောနေရတာတော့ မကောင်းဘူးပေါ့အေ…


ပြောကာ စိတ်ဆိုးဆိုးနဲ့ ထွက်သွားခဲ့သည်။ ထိုနေ့ကစပြီ ကျွန်တော်အပေါ် သူတို့ထားတဲ့ စိတ်ရင်းအမှန်ကို နားလည်လာခဲ့သည်။ အိမ်သော်တာနှင့် ကျွန်တော် ကလေးချင်း တူတူဆော့တာ မြင်ပြန်တော့လည်း၊



ဒေါ်သီတာ ။              ။ အမယ်လေး။ တကိုယ်လုံး ရွှံ့တွေနဲ့ ညစ်ပတ်ကုန်ပါပြီ သမီးရယ်။ ဒီလို ကိုယ်နဲ့ အဆင့်အတန်း မတူတဲ့သူနဲ့ မကစားရဘူးလို့ မေမေ မပြောထားဘူးလား…


အိမ်သော်တာ ။           ။ ဟို သမီးက…


ဒေါ်သီတာ ။              ။ တော် ဘာမှပြောမနေနဲ့။ ထင်ရှား နင်ကို ငါပြောထားမယ် ငါသမီးက ကစားဖို့ လာခေါ်ရင်တောင် နင်ကစားရဲကစားကြည့် နင်အသေပဲ။ ဟဲ့ကြားလား…


ကျွန်တော် ။               ။ ဟုတ်ကဲ့…


ဟုပြောရင်း ခေါင်းငိုက်စိုက်ကာ ကျန်ရစ်ခဲ့သည်။ ထိုနေ့ကစပြီ အိမ်သော်တာနဲ့ ကျွန်တော်ကြားတွင် စည်းတစ်ခုတားလိုက်သလို သူနဲ့ ဘယ်တော့မှ မကစားတော့ပေ။ သို့သော် အိမ်သော်တာက သူမိဘတွေ စကားကို နားမထောင်ပဲ ကျွန်တော်ဆီ ခိုးခိုးလာကာ မုန့်ကျွေးခြင်း၊ အရုပ်ယူလာ ပေးခြင်းကို အမြဲလုပ်တတ်သည်။ ဦးရဲခေါင်ကလည်း ဒေါ်သီတာလောက် မဆိုးသော်လည်း သူအရက်မူးပြီ ပြန်လာတိုင်း ကျွန်တော်ကို အပြစ်ရှာကာ ရိုက်နှက်ခဲ့သည်။ အိမ်ဖော် မနိုင်က တကိုယ်လုံး အရှိုးရာတွေနဲ့ ကျွန်တော်ကို ကြည့်ရင်း မျက်ရည်လဲကာ၊



မနိုင် ။            ။ ကလေး၊ မင်းလည်း သူတို့အပေါ်မှ ၀ဋ်ကျွေး ရှိပုံရပါတယ်ကွယ်…


ဟုစိတ်မကောင်းစကားကို အမြဲပြောဆိုတတ်ကာ ဆေးအမြဲ လိမ်ပေးခဲ့သည်။ မနိုင်ကပဲ ကျွန်တော် အတွက် အမေပြီလျှင် အနီးစပ်ဆုံး ဆွေမျိုးသားချင်း တစ်ယောက်လို ဖြစ်လာခဲ့သည်။ သို့ပေမယ့် ကျွန်တော်အပေါ် ကောင်းတဲ့သူအားလုံး  ဘယ်တော့မှ သက်ဆိုးမရှည်ခဲ့ပေ။ သူမ ကျွန်တော် ၆တန်းတက်ချိန်မှာ ဌက်ဖျားရောဂါဖြင့် ရှုတ်တရပ် ဆုံးပါးသွားခဲ့သည်။ ဒီလိုနဲ့ ကျွန်တော်ဘ၀က အထီးကျန် တစ်ကောင်ကြွက် ဘ၀သို့ ပြန်ရောက်သွားပြန်သည်။


မနိုင်မရှိတော့တဲ့ နောက်ပိုင်း ကျွန်တော်ကို ဦးရဲခေါင်နှင့် ဒေါ်သီတာတို့ ပိုမို နိုင်ထက်စီးနင်း ပြုချင်လာကြသည်။ အစက ကျောင်းနားခိုင်းပြီ အိမ်အလုပ်တွေပဲ ၂နှစ်လောက် လုပ်လိုက်ရသေးသည်။ နောက်မှ တခြားသူတွေ ပြောခံရမှာဆိုး၍ ကျောင်းပြန်ထားပေးသည်။ ဒါကြောင့် အိမ်သော်တာနဲ့ ကျွန်တော်အသက်တူသော်လည်း အတန်းအရ သူထက် ၂တန်းငယ်သည်။ ဒါပေမယ့် အိမ်သော်တာ ဆယ်တန်းနှစ်နှစ်ကျတာနဲ့ ခုကျွန်တော်နဲ့ ဆယ်တန်းပြန်လာတူနေပြန်သည်။ တစ်ကျောင်းထဲတွင် တူတူတက်တာခြင်း တူသော်လည်း အိမ်သော်တာက ကားနဲ့သွားပြီ၊ ကျွန်တော်ကတော့ လမ်းလျှောက်ပြီ ကျောင်းတက်ရသည်။


ဒီအကြောင်းတွေကို တွေးမိတိုင်း ဒင်းတို့ကို ကျွန်တော် စိတ်မနာပဲ မနေနိုင်ပေ။ ဘ၀နာ မိဘမဲ့တစ်ကောင်ကြွက် ဖြစ်တာမို့ သူများတွေထက် အတန်းထဲမှာ စာပိုကြိုးစားသည်။ ခုလည်း ကျောင်းနောက်ကျမှာစိုး၍ ကျောင်းသို့ နေပူထဲမှာ ခြေလှမ်းမြန်မြန်ဖြင့် သွားနေရသည်။ ကံကောင်းလို့ ဒီနေ့တော့ ကျောင်းနောက်မကျပေ။ ဆယ်တန်းဘီခန်း နောက်ဆုံးတန်းတွင် ၀င်ထိုင်လိုက်သည်။


အိမ်သော်တာ ။           ။ ဟဲ့၊ နင်လမ်းလျှောက်လာတာ မြန်သားပဲ…


ကျွန်တော် ။               ။ ဘာလို့ ငါအတန်းဘေးမှာ လာထိုင်ရပြန်ပြီလဲ…



အိမ်သော်တာ ။           ။ နင်ကလည်း ငါဆို အကောင်းမပြောဘူး။ မနေ့က သင်တဲ့ သချာင်္တွေ နားမလည်လို့ ငါကိုရှင်းပြပေးစမ်းပါ…


ကျွန်တော်ခေါင်းကို ကုတ်လျှက် လာရှုတ်နေတယ်ဆိုတဲ့ အကြည့်နဲ့ အိမ်သော်တာကို ကြည့်လိုက်သည်။ သူမက အသနားခံတဲ့ပုံစံ လုပ်နေ၍ လွယ်အိတ်ထဲမှ သချာင်္စာအုပ်ကို ထုတ်လိုက်သည်။


ကျွန်တော် ။               ။ အေး ငါတစ်ခါပဲ ရှင်းပြမှာနော်။ နားမလည်ရင် ထပ်မမေးနဲ့…


အိမ်သော်တာ ။           ။ အေးပါဟယ်…


အိမ်သော်တာကို သချာင်္ပုစ္ဆာတွေကို ရှင်းပြပေးသည်။ အရေးထဲ ကျွန်တော်ဘေးက ကျောင်းသားတွေက အိမ်သော်တာနဲ့ ကျွန်တော်ကို ၀ိုင်းစနောက်ကြ၍၊


ကျောင်းသား ။            ။ ထင်ရှား၊ မင်းနဲ့အိမ်သော်တာ ရိုးရောရိုးရဲ့လား။ အိမ်မှာဒီလောက်တွေ့နေတာကို ကျောင်းမှာလဲ တစ်တွဲတွဲနဲ့…



အိမ်သော်တာနဲ့ စနောက်ခံရလျှင် ကျွန်တော် ခံပြင်းဆုံးဖြစ်သည်။ ကျွန်တော်ရန်သူ သမီးကို ကျွန်တော်ဘယ်တော့မှ မချစ်ဘူးဆိုတာ သေချာသည်။ ကျွန်တော် အမုန်းဆုံးမှာ ဦးရဲခေါင်၊ ဒေါ်သီတာပြီရင် အိမ်သော်တာ တတိယချိတ်သည်။ သူမက ကျွန်တော် အပေါ်ကောင်းသော်လည်း ဒါတွေ အားလုံး ဟန်ဆောင် အကောင်းတွေပါဟု တွေးမိတိုင်း သူမအပေါ် ဘယ်တော့မှ အကောင်းမမြင်နိုင်ပေ။ စနောက်သော ကျောင်းသားကို မိုက်ကြည့်ပြန်ကြည့်ကာ၊


ကျွန်တော် ။               ။ မင်းနောက်တစ်ခါ အိမ်သော်တာနဲ့ ငါကို မစနဲ့။ ငါလုံးဝ မကြိုက်ဘူး…


ကျောင်းသား ။            ။ မင်းကများ နာရတယ်ရှိသေး။ ဟိုက သူဌေးသမီး ချောလည်း ချောသေးတယ်။ မင်းက ဘာကောင်မို့လို့…


ကျွန်တော် ။               ။ အင်ကွာ…


စိတ်တိုတိုနှင့် လာစသော ကျောင်းသားကို ဒေါသတကြီးဖြင့် ဆွဲထိုးလိုက်ရာ ကျောင်းအုပ်ရုံးခန်းသို့ ရောက်သွားတော့သည်။


ကျောင်းအုပ် ။             ။ ထင်ရှား၊ မင်းကို ငါကြည့်နေတာကြာပြီ။ မိဘမဲ့ တစ်ကောင်ကြွက်မို့ သနားလို့ ဘာမှ မပြောပဲ နေနေတာ။ သူငယ်ချင်း စကားများတာ လက်ပါစရာလားကွ…



ကျွန်တော် တစ်ခွန်းမှ ပြန်မပြောပဲ မြုံစိစိ လုပ်နေသည်။ ကျောင်းအုပ်လည်း ပိုဒေါသထွက်လာကာ၊


ကျောင်းအုပ် ။             ။ အမြဲဒီကောင် ပေကတ်ကတ်နဲ့။ သွားထွက်သွား ငါရုံးခန်းထဲက…


ဆူဆုံးမကာ နောက်တစ်ခါ ရန်ဖြစ်လျှင် ကျောင်းထုတ်ခံရမည်ဟု သတိပေးခံလိုက်ရသည်။ မိဘမဲ့ မျက်နှာမွှဲမို့ ဘယ်နေရာရောက်ရောက် အရေးပေးမခံရပေ။ ကျွန်တော်ကို ပေါင်းချင်သော ကျောင်းသားလည်း အတော်ရှားသည်။ ပိုက်ဆံတပြားမှ မရှိသည့်အပြင် အလကားနေရင်း ဘ၀င်မြင့်နေတဲ့ကောင်ဟု တွေးနေကြပုံရသည်။ သူတို့တွေးသလို အိမ်သော်တာ ချောပြီ ပိုက်ဆံချမ်းသာသလို၊ ကျွန်တော်က စုတ်ချာပြီ အဖြူရောင်ညစ်နေသော ကျောင်းအကျီင်္နှင့် အရောင်အဆင်းမရှိတဲ့ ပုဆိုးစိမ်းကိုသာ အမြဲဝတ်ဆင်တတ်သည်။ မုန့်စားဆင်းချိန်ရောက်တော့ သူကြောင့် ရန်ဖြစ်သည့် သတင်းကို အိမ်သော်တာကြားသည်နှင့်၊


အိမ်သော်တာ ။           ။ ထင်ရှား၊ နင်ကလည်း နောက်တာကို ရန်ဖြစ်စရာလား…


ကျွန်တော် ။               ။ နင်နဲ့ငါကို နောက်တာ ငါမကြိုက်ဘူး…


အိမ်သော်တာ ။           ။ ဟင် ဘာလို့…



ကျွန်တော် ။               ။ ငါမကြိုက်ဘူးလို့ ပြောနေတယ်မဟုတ်လား။ သွားဟာ သွား…


အိမ်သော်တာ မျက်နှာပျက်ပြီ သူမသူငယ်ချင်းတွေ ရှိရာသို့ ထွက်သွားတော့သည်။ အိမ်သော်တာသူငယ်ချင်း နွယ်နီ နှင့် မြစန္ဒာတို့က ကျွန်တော်ကို ဘေးတွင် ထားပြီ ကျွန်တော်အကြောင်း ၀ိုင်းအပုပ်ချကြသည်။ နွယ်နီက အိမ်သော်တာရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်ပြီ အိမ်သော်တာလိုပင် ဆယ်တန်း ၂နှစ်ကျပင်။ မြစန္ဒာကတော့ ဒီနှစ်မှ ပေါင်းမိတဲ့ သူငယ်ချင်းအသစ်ဖြစ်သည်။ သူတို့ ၃ယောက်ထဲတွင် အိမ်သော်တာက ချောပြီ မြစန္ဒာကတော့ စာတော်သည်။ နွယ်နီက ရုပ်လည်းမချော၊ စာလည်း မတော်ဘူးဟု ဆိုရမည်။


နွယ်နီ ။                    ။ အိမ်သော်တာ နင်မို့ ထင်ရှားလို ကောင်မျိုးနဲ့ တစ်အိမ်ထဲမှာ တူတူနေနိုင်တာ အံ့ပါရောဟယ်…


မြစန္ဒာ ။                    ။ အေးလေ ငါလည်း အဲဒါပဲ ပြောနေတာ။ ဒီကောင်က အားရှိ ထိုးမယ်ကြိတ်မယ်နဲ့။ ကြည့်ရတာ မိဘမရှိပဲ ကြီးပြင်းလာလို့နဲ့ တူပါတယ်…


သူမစကားထဲတွင် မိဘမရှိပဲ ကြီးပြင်းလာသည်ဟု ပုတ်ခတ်လိုက်သဖြင့် ကျွန်တော် မျက်မှောင်ကို ကုတ်လိုက်ရင်း လက်သီးဆုတ်ကို တင်းနေအောင် ဆုတ်ထားလိုက်သည်။


အိမ်သော်တာ ။           ။ နင်ကလည်း၊ ထင်ရှားက အပြင်ပန်းတာ ဆိုးပေမယ့် စိတ်ရင်းကောင်းပါတယ်…



နွယ်နီ ။                    ။ အိမ်သော်တာ၊ နင်ကလေ ထင်ရှားဆို အမြဲကာစိ ကာစိနဲ့…


မြစန္ဒာ ။                    ။ မိန်းမ ကြည့်လည်း လုပ်အုန်း၊ တော်ကြာ သနားရင်းနဲ့ ချစ်သွားတာမျိုး ဖြစ်နေအုန်းမယ်…


အိမ်သော်တာ ဘာပြန်မည်ကို ကျွန်တော် မသိမသာ နားစွင့်နေမိသည်။


အိမ်သော်တာ ။           ။ အဲဒီလိုဖြစ်တော့ မကောင်းဘူးလားလို့…


မြစန္ဒာ ။                    ။ ဟယ်၊ နွယ်နီ နင်သူငယ်ချင်း နင်ဘာသာ ကြည့်ထိန်းပေးတော့…



နွယ်နီ ။                    ။ ထင်ရှား ငါတို့ပြောတာတွေ ကြားပြီ အသာလွှတ် ဘ၀င်မြင့်နေမယ်။ တိုးတိုးပြောအုန်း…


ပြောကာ တခစ်ခစ် ရယ်နေကြသည်။ အိမ်သော်တာ သူငယ်ချင်းတွေကပါ ကျွန်တော်ဆို ချဉ်ပြီ အထင်သေးချင်ကြသေးသည်။ ဘယ်သူအထင်သေးသေး၊ မပေါင်းသင်းလည်း ကျွန်တော် အရေးမစိုက်ပါ ကျွန်တော်ဘ၀အခြေအနေအရ ဘ၀ကို အရေးထူနေဖို့ လိုသည်။ ရတဲ့အချိန်ကိုသာ ကောင်းစွာအသုံးချပြီ ဆယ်တန်းအောင်ရေးကို အသာပေးကြိုးစားခဲ့သည်။ တဖြည်းဖြည်းနဲ့ ဆယ်တန်းစာမေးပွဲ ဖြေဖို့ ရက်က နီးကပ်လာသည်။ ထိုအခါ ဒေါ်သီတာရဲ့ မနာလိုစိတ်ဟာ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုရင် ကျွန်တော်အောင်ပြီ အိမ်သော်တာ ဆယ်တန်းမအောင်မှာကို စိုးရိမ်လာပုံရသည်။ စာမေးပွဲနီးလျှင် ကျွန်တော်ကို ပိုပြီ အလုပ်တွေ ခိုင်းလေပေဖြစ်တော့သည်။


ဒေါ်သီတာ ။              ။ ထင်ရှား လာအုန်း၊ နင်ကို အိမ်ရှေ့ခန်းက မှန်တွေ တိုက်ခိုင်းထားတာ တိုက်ပြီပြီလား…


ကျွန်တော် ။               ။ တိုက်ပြီပါပြီ…


ဒေါ်သီတာ ။              ။ ဒါဆို ဘုရားခန်းက မှန်တွေ တိုက်။ ပြီတော့ ၀ရံတာဆေးလိုက်အုန်း၊ ငါက အိမ်ကို ပြောင်လက်နေမှ ကြိုက်တာနော် သိတယ်မလား…



ကျွန်တော် ။               ။ သိပါတယ်…


ဟုအောက်သက်သက်ဖြင့် အနိုင်ကျင့်နေမှန်း သိရက်နဲ့ ပြန်ဖြေလိုက်သည်။ သို့သော် အိမ်အလုပ်တွေ လုပ်နေချိန်တွင် ကျွန်တော် သင်ခဲ့တဲ့ ဓာတုဗေဒ အီကွေးရှင်းများ၊ မြန်မာစာများကို ပါးစပ်မှ နှုတ်တိုက်မှတ်မိနေအောင် ဒေါ်သီတာ မသိအောင် တိုးတိုးလေး စိတ်ထဲမှ ရွှတ်ဆိုရင်း အလုပ်လုပ်ရသည်။ ဦးရဲခေါင် ပြန်လာချိန်ဆို အမြဲ ဆီးကြိုလျှက်၊


ဒေါ်သီတာ ။              ။ အကိုကြီး၊ ပင်ပန်းလာပြီလားဟင်။ သီတာက သိလို့ အကိုကြီးအမောပြေအောင် အိမ်ကို အမြဲသန့်ရှင်း လုပ်ထားတာ…


ဦးရဲခေါင် ။                 ။ ဒါမှ ကိုကြီး မိန်းမချောလေး။ ဟဲဟဲ…


ပြီတော့ ကြမ်းတိုက်နေသော ကျွန်တော်ဘက်သို့ လှည့်ကြည့်ပြီ၊


ဦးရဲခေါင် ။                 ။ ငါကားပေါ်က ပစ္စည်းတွေ သွားချလိုက်အုန်း၊ ထင်ရှား…



ခေါင်းညိတ်ပြပြီ ကားရှိရာသို့ ထွက်လာခဲ့သည်။ သူတို့ခိုင်းတာနဲ့ စာမေးပွဲနီးတာတောင် စာကျက်ချိန် ကျွန်တော်မှာမရှိပေ။ ဒါကြောင့် ကျွန်တော် စာကျက်ချိန်မှာ ကျောင်းမုန့်စားဆင်းချိန်နှင့် အိပ်ချိန်များပင်။ တစ်နေ့မှ ၄နာရီခန့်သာ အိပ်ပြီ ကျန်အချိန်များတွင် စာကို လေ့လာကျက်မှတ်ရသည်။ ဒီနေ့တော့ ကျောင်းမှာ အချိန်ပိုအနီးကပ် သင်ကြားမယ့် အစီအစဉ်ရှိသည်မို့ သွားရန် ဒေါ်သီတာဆီမှ ခွင့်တောင်းရသည်။


ကျွန်တော် ။               ။ ကျွန်တော် သစ်ပင်ရေလောင်းပြီရင် ကျောင်းကိုသွားချင်လို့ပါ…


ဒေါ်သီတာ ။              ။ ဟဲ့ထင်ရှား၊ နင်က အားရှိ။ ဒီကျောင်းစာတွေပဲ အကြောင်းပြပြီ ဘာအလုပ်မှကို မလုပ်ချင်ဘူး။ ငါတို့က နင်ကို အလကား ထမင်းကျွေးထားတယ် ထင်နေလား။ ကိုယ်စားထားတဲ့ ထမင်းနဲ့ တန်အောင်တော့ အလုပ်ပြန်လုပ်ပေးရမှာပေါ့…


ကျွန်တော် ။               ။ ဟို ဆရာမက ခေါ်ထားလို့ပါ…


ဒေါ်သီတာ ။              ။ အို မလိုချင်ဘူး။ ငါခိုင်းထားတာတွေ အားလုံးပြီမှ သွားရမယ်။ ဒါကြောင့် အကိုကြီးကို ပြောတာပေါ့ သူကို ကျောင်းမထား ပေးချင်ပါဘူးဆို…



ဦးရဲခေါင်ဘက်သို့ လှည့်၍ ကျွန်တော်ကို ကျောင်းနားခိုင်းရန် ပြောတော့သည်။ ဦးရဲခေါင်လည်း ဖတ်နေတဲ့ သတင်းစာကို ဘေးသို့ ချလိုက်ပြီ၊


ဦးရဲခေါင် ။                 ။ ဟေ့ကောင်၊ မင်းကို ငါတို့က သနားလို့ ကျောင်းထားပေးထားတာ။ နောက်တစ်ခါခိုင်းလို့ မလုပ်ချင်သလိုလို ကျောင်းစာ အကြောင်းပြလို့ကတော့ ကျောင်းထွက်ပဲ…


အံ့ကို ကြိတ်လိုက်ပြီ မကျေနပ်သော မျက်နှာပေဖြင့် ဘာမှ ပြန်မဖြေသည်ကို၊


ဒေါ်သီတာ ။              ။ ကြည့်စမ်း၊ ကြည့်စမ်း။ မျက်နှာပေကိုက သွား၊ သွား။ ကျက်သရေကို မရှိဘူး…


ကျွန်တော် သူတို့ခိုင်းသမျှ လုပ်ရန် ထွက်လာခဲ့တော့သည်။ ဒေါ်သီတာ ခိုင်းတာ အားလုံး လုပ်ပြီချိန်တွင် ကျောင်းသွားရန် မမှီတော့ပေ။ တစ်နေကုန် နေပူ၊ မိုးရွာထဲတွင် သစ်ပင်စိုက်ရ၊ ပန်းအိုးသယ်ရ၊ မြက်နှုတ်ရတာနှင့် ညနေစောင်းတော့ ကျွန်တော် တကိုယ်လုံး ကိုက်ခဲပြီ လှုပ်ချင်စိတ်ကို မရှိတော့ပေ။ ဗိုက်ဆာဆာနဲ့ မီးဖိုချောင်ထဲသို့ ၀င်လာခဲ့သည်။ ထမင်းစားရန် ကြောင်အိမ်ထဲသို့ ဖွင့်ကြည့်လိုက်ရာ ထမင်းကလွှဲလို့ စားစရာ ဘာမှ မရှိပေ။ နောက်ဆုံး ဗိုက်အရမ်းဆာနေသည်နှင့် ထမင်းကိုဆီဆမ်းပြီ ဆားနဲ့ နုယ်စားရသည်။ အိမ်သော်တာ ဘယ်ချိန်က ရောက်လာမှန်းမသိ လက်ထဲတွင် အသားဟင်းတစ်ခွက်ကိုင်ရင်း ကျွန်တော်ရှေ့သို့ လာချပေးသည်။ ကျွန်တော် သူမကို မော့ကြည့်ရင်း၊


ကျွန်တော် ။               ။ ဘာလဲ…



အိမ်သော်တာ ။           ။ နင်စားဖို့လေ…


ကျွန်တော် ။               ။ ရပါတယ်။ ငါဘာသာ ဆီနဲ့ဆားနဲ့ စားမယ်…


အိမ်သော်တာ ကျွန်တော်ဘေးမှ ခွေးချီထိုင်ခုံလေးတစ်ခုကို ယူကာ ထိုင်လိုက်ရင်း၊


အိမ်သော်တာ ။           ။ နင်ကလည်း စာမေးပွဲနီးရင် အားရှိဖို့ ပိုလိုတာပေါ့၊ ရော့စားပါဟယ်…


အတင်း အသားတုံးကို ကျွန်တော်ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ ထိုချိန် ဒေါ်သီတာ အော်ခေါ်သံကြား၍ ဟင်းပန်းကန် ထားခဲ့ပြီ အိမ်သော်တာ အိမ်ပေါ်ထပ်သို့ အမြန်ပြေးတက်သွားတော့သည်။ အိမ်သော်တာ ထည့်ပေးသွားသော အသားတုံးကို ပါးစပ်ထဲသို့ ထည့်လိုက်ရင်း ကျွန်တော် မျက်ရည်များ စီးကျလာသည်။ ဆိုးရွားလှတဲ့ ကျွန်တော်ဘ၀ကို ကျွန်တော်နာကြည်းမိသည်။ ကျလာသော မျက်ရည်များကို လက်ဖြင့်သုတ်ရင်း ထမင်းလုတ်ကို ပါးစပ်ထဲသို့ ထည့်နေရသည်။ လက်စားချေရန်အတွက် ကျွန်တော်ရှင်သန်ရမည် ဟူသော မျှော်လင့်ချက်နဲ့ပင်။


—————————————————————-



          နောက်နေ့မိုးလင်းတော့ ကိုယ်တွေ ကျစ်ကျစ်တောက်ပူပြီ ကုတင်ပေါ်မှ မထနိုင်ပေ။ ဒေါ်သီတာ ဒေါသူပုန်ထကာ ကျွန်တော် အလုပ်ကို အချောင်ခိုသည်ဟု စွပ်စွဲပြန်သည်။ ဒါကြောင့် နေမကောင်းသည့်ကြားမှ သူတို့ခိုင်းသမျှကို ထလုပ်ရသည်။ ဒီနေ့ အိမ်တွင် အိမ်သော်တာနှင့် စာတူတူကျက်ရန် နွယ်နီနှင့် မြစန္ဒာတို့လည်း ရောက်နေကြသည်။ ကျွန်တော်ကို မြင်တော့ ပခုံးပင့်ကာ အိမ်ပေါ်တက်သွားကြသည်။ အိမ်သော်တာ သူငယ်ချင်းများ စာကျက်ရင်း စားရန် လက်ဖက်ရည်နှင့် အကြော်စုံကို နေမကောင်းသော်လည်း အပြင်ထွက်ပြီ သွားဝယ်ပေးရသည်။ အိမ်ပြန်ရောက်တော့ ကျွန်တော် ခေါင်းတွေပါ ပိုကိုက်လာတော့သည်။ ခေါင်းကိုက်လွန်းလို့ အိမ်ပေါ်ပင် ချက်ချင်း မတက်နိုင်ပဲ ခဏအနားယူရသည်။ ပြီမှ အကြော်စုံပန်းကန်ကို အိမ်သော်တာရှိရာ အိမ်ရှေ့ခန်းသို့ သွားချပေးရာ၊


မြစန္ဒာ ။                    ။ ဟယ် ဗိုက်ဆာနေတာနဲ့ အတော်ပဲ ပေးပေး…


ကျွန်တော်လက်ထဲမှ အကြော်ပန်းကန်ကို လှမ်းအယူတွင် သူမလက်ထဲသို့ပင် မထည့်ပေးနိုင်ပဲ၊ လွှတ်ကျကွဲသွားတော့သည်။


အသံ ။                     ။ ခွမ်း…


ဒေါ်သီတာ ပြေးထွက်လာပြီ ကွဲသွားသော အကြော်ပန်းကန်ကို မြင်တော့၊


ဒေါ်သီတာ ။              ။ ထင်ရှား၊ နင်အလုပ်လုပ်တာ ဘယ်လို လုပ်တာလဲ။ အကုန်ကွဲကုန်ပါပြီတော်။ ခုချက်ချင်း ကွဲတာတွေ ပြန်သိမ်း…



အိမ်သော်တာ ။           ။ ထင်ရှား၊ ငါကူသိမ်းပေးမယ်…


ဒေါ်သီတာ ။              ။ ငါ့သမီးလက် နုနုလေး ဖန်ခွဲစတွေရှသွားမယ် ဖယ်ကြ၊ ဖယ်ကြ…


ဟုပြောလိုက်ရာ အိမ်သော်တာနှင့် သူမသူငယ်ချင်းများက နောက်သို့ ဖယ်ပေးကြသည်။ ကျွန်တော် ထိုဖန်ခွဲစတွေကို သိမ်းဖို့တောင် အင်အား မရှိတော့ပေ။ အရာအားလုံးကို တဖြည်းဖြည်းဖြင့် ၀ိုးတိုးဝါးတားသာ မြင်ရချိန်တွင်၊


ဒေါ်သီတာ ။              ။ ဟဲ့ မသိမ်းပဲ ဘာလုပ်နေတာလဲ…


သူမစကားကို ကျွန်တော် ကြားတ၀က်၊ မကြားတ၀က်ဖြင့် ထိုနေရာတွင် လှဲကျသွားတော့သည်။ အိမ်သော်တာ အမြန် ကျွန်တော်နားသို့ ပြေးလာပြီ၊


အိမ်သော်တာ ။           ။ မေမေ တော်ပါတော့။ ထင်ရှား နေမကောင်းဘူးဆိုတာ သိရက်နဲ့ ခိုင်းရက်တယ်။ ထင်ရှား၊ ထင်ရှား…



ကျွန်တော် သတိပြန်ချိန်တွင် အိပ်ခန်းထဲသို့ ပြန်ရောက်နေသည်။ လက်မှာလည်း ဆေးအပ်ဖြင့် ဆေးပုလင်း ချိတ်ဆွဲထားသည်။ ကျွန်တော် အားယူကာ ထမယ်အလုပ်တွင်၊


နွယ်နီ ။                    ။ ဟဲ့ ထင်ရှား၊ သက်သာသွားပြီလား…


မေးသံကြားမှ နွယ်နီကို မော့ကြည့်လိုက်ပြီ ခေါင်းညိတ်ပြလိုက်သည်။ သူမနောက်မှ မြစန္ဒာနဲ့ အိမ်သော်တာလည်း ၀င်လာကြသည်။ အိမ်သော်တာ မျက်နှာကိုကြည့်ပြီ ငိုထားမှန်း တန်းသိနိုင်သည်။


မြစန္ဒာ ။                    ။ နင်နေမကောင်းမှန်း မသိပဲ၊ အကြော်စားမယ် ပူဆာမိတာ တောင်းပန်ပါတယ်ဟယ်…


ကျွန်တော် ။               ။ ရပါတယ်…


အိမ်သော်တာ ။           ။ ထင်ရှား။ ဟိဟိဟိ…



အိမ်သော်တာ ဘာလို့ ငိုနေမှန်းမသိအောင် ရှိုက်ကြီးတငင် ငိုချနေတော့သည်။ မြစန္ဒာနှင့် နွယ်နီက သူမ ၀ိုင်းချော့ရင်း၊


နွယ်နီ ။                    ။ ထင်ရှား နေကောင်းသွားပြီပဲ၊ ဒီလောက်လဲ စိတ်မကောင်း မဖြစ်ပါနဲ့…


မြစန္ဒာ ။                    ။ ဟုတ်ပါတယ်ဟယ်။ ဆရာဝန်က ၁ရက်လောက် အနားယူရင် သက်သာသွားမယ် ပြောခဲ့တယ်လေ…


သူမဘာမှ ပြန်မဖြေပဲ ငိုချည်းသာ ငိုနေတော့သည်။ ခဏနေမှ နွယ်နီနှင့် မြစန္ဒာတို့ အိမ်သော်တာကို ချော့မော့ကာ ခေါ်သွားကြသည်။ အိမ်သော်တာ၊ အိမ်သော်တာ နင်ငါအပေါ် သံယောဇဉ်ထား မနေပါနဲ့၊ ငါက တကြောင်ကြွက် လက်စားချေဖို့သာ ရှင်သန်နေသူကို သံယောဇဉ်ထားဖို့ မသင့်ပါဘူးဟု စိတ်ထဲမှ တွေးနေမိသည်။


ဒီလိုနဲ့ ဆယ်တန်းစာမေးပွဲ ဖြေတဲ့နေ့သို့ ရောက်လာတော့သည်။ ကျွန်တော်ကြိုးစားခဲ့သမျှတန်အောင် ဆယ်တန်းစာမေးပွဲ ဖြေချိန်တွင် ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့သည်။ ဆယ်တန်းစာမေးပွဲလည်း ပြီဆုံးတဲ့ နောက်ဆုံးနေ့ကို ရောက်ရှိလာခဲ့တော့သည်။ စာမေးပွဲခန်းမှ ထွက်ထွက်လာခြင်း အခန်းဝတွင် ရပ်စောင့်ပြီ သူများမိဘတွေလို သားဖြေနိုင်ရဲ့လားဟု စိတ်ပူပေမယ့် သူကို ကျွန်တော်အရမ်း မျှော်လင့်တမ်းတမိရင်း၊


ကျွန်တော် ။               ။ မေမေ…



ဟုပါးစပ်မှ တိုးတိုးလေး ရွတ်ဆိုရင်း မျက်ရည်များပင် ၀ဲလာတော့သည်။ ခုချိန်မှာ မေမေသာ ရှိသေးရင် ဘယ်လောက်များကောင်းလိုက်မလဲ။ ကျွန်တော် အအောင်မြင်ဆုံး အချိန်တွေမှာ မေမေကို ရှိစေချင်လိုက်တာဟု တွေးရင်း ပါးပြင်တဖက်မှ မျက်ရည်များ စီးကျလာသည်။ ကျနေသော မျက်ရည်များကို အမြန်သုတ်လိုက်ပြီ နောက်ဆုံးနေ့ စာမေးပွဲကို အတတ်နိုင်ဆုံး ကြိုးစားကာ အကောင်းဆုံး ဖြေဆိုခဲ့သည်။


အသံ ။           ။ တင်၊ တင်၊ တင်…


အသံနှင့်အတူ ဆရာမများက အဖြေစာရွက်များကို လိုက်သိမ်းကြသည်။ အိမ်သော်တာလည်း ကျွန်တော်နှင့် တခန်းထဲမှာ ဖြေရ၍ သူမလှမ်းကြည့်လိုက်မိသည်။ သူမ ငိုနေပုံရတော့ ဖြေနိုင်ပုံမပေါ်ပေ၊ သူမကို အားပေးရမယ့်အစား ထိုအတွက် ကျွန်တော် ၀မ်းတောင်သာမိသေးသည်။ စာမေးပွဲနောက်ဆုံးနေ့မို့ ကျောင်းသားများ တပျော်တပါး စကားပြောပြီ စာမေးပွဲခန်းမှ ထွက်လာကြသည်။ သူငယ်ချင်းမရှိတဲ့ ကျွန်တော်ကတော့ တစ်ယောက်ထဲ အပြင်သို့ ထွက်လာသည်။ သို့သော် ကျောင်းအပြင်ဝတွင် ရပ်စောင့်နေသော ဒေါ်သီတာ မျက်နှာ မြင်လိုက်ရသည်နှင့် ကျွန်တော်မျက်နှာ တစ်ချက်ပျက်သွားသည်။


ဒေါ်သီတာ ။              ။ မင်းဘယ်လိုလဲ အောင်အောင် ဖြေခဲ့ရဲ့လား…


ငေါ့သလိုလို၊ အောင်မှာကိုပဲ စိုးရိမ်နေသလိုလို အမေးမျိုးဖြင့် အမေးခံရသဖြင့် ပြန်မဖြေချင်သော်လည်း၊


ကျွန်တော် ။               ။ ဖြေနိုင်ပါတယ်…



ဒေါ်သီတာ ။              ။ အေး၊ ခုထဲက ပြောထားရအုန်းမယ်။ ကျရင်တော့ ငါတို့ နောက်တစ်နှစ် ပြန်ထားပေးမယ် ထင်မနေနဲ့…


အ၀ကနေ ဆီးကြိုကာ ကျွန်တော် ရင်ဘတ်ကို ခြေထောက်နဲ့ စုန်ကန်လိုက်သလို ခံစားလိုက်ရ၍ စို့နစ်သွားတော့သည်။ ထိုချိန် အိမ်သော်တာ စာမေးပွဲခန်းမှ ပြေးထွက်လာပြီ ဒေါ်သီတာကို ပြေးဖက်လိုက်ကာ၊


အိမ်သော်တာ ။           ။ မေမေ၊ သမီး မဖြေနိုင်ပြန်ဘူး။ ဟိဟိဟိ…


ဒေါ်သီတာ ။              ။ သမီးလေးရယ်၊ စိတ်မကောင်းမဖြစ်ပါနဲ့။ ဒီနှစ်မအောင်လည်း နောက်နှစ်ပေါ့ သမီးရယ်။ လာသမီးလေး ပင်ပန်းသွားပြီ မေမေနဲ့ တစ်နေသွားရအောင်…


အိမ်သော်တာ လက်ကိုတွဲပြီ ရှေ့မှ ထွက်သွားတော့သည်။ နာကြီးမုန်းတီးသော အကြည့်ဖြင့် ဒင်းတို့နောက်မှ ဖြည်းညင်းစွာလိုက်လာခဲ့သည်။ အိမ်ပြန်ရောက်တော့ ငိုနေသော အိမ်သော်တာကို ဒေါ်သီတာက နှစ်သိမ့်ပေးနေစဉ် ဘေးက ကျွန်တော်ကြည့်ပြီ သူတို့စိတ်ဆင်းရဲလေ ကျွန်တော် ၀မ်းသာလေဖြစ်သည်မို့ ပြုံးနေသည်ကို၊


ဒေါ်သီတာ ။              ။ ထင်ရှား၊ နင်က ငါသမီး မဖြေနိုင်လို့ စိတ်မကောင်းဖြစ်နေတာကို၊ နင်မျက်နှာက ဘာလို့ ပြုံးစိစိ ဖြစ်နေတာလဲ…



ကျွန်တော် ။               ။ သူမဖြေနိုင်ပေမယ့် ကျွန်တော်ဖြေနိုင်တယ်လေ…


ဒေါ်သီတာ ။              ။ ဘာပြောတယ်။ အင်ဟာ…


ပါးကို ဗန်းခနဲမြည်အောင် ရိုက်ချလိုက်သည်။ ကျွန်တော်လည်း ချက်ချင်းဆိုသလို လက်သီးက ဒေါ်သီတာ မျက်နှာတည့်တည့်ကို ပြန်ရွယ်မိရဲ့သား ဖြစ်နေတော့သည်။ ထိုချိန် ဦးရဲခေါင် ပြေးဝင်လာပြီ၊


ဦးရဲခေါင် ။                 ။ ဘာဖြစ်နေကြတာလဲကွ…


ဟုပြောလိုက်မှ ရွယ်ထားသော လက်သီးကို အောက်သို့ ပြန်ချလိုက်သည်။ ဒေါ်သီတာ ကျွန်တော် အပြစ်မကြီးကြီးအောင် ဟန်ဆောင် လုပ်ဆက်ခင်းတော့သည်။


ဒေါ်သီတာ ။              ။ ကိုကြီးရယ်။ ကျွန်မတို့ သားအမိကို ကယ်ပါအုန်း။ ထင်ရှားဆိုတဲ့ကောင် ကျွန်မတို့ သားအမိကို သတ်ဖို့ လုပ်နေတယ်…



ကျွန်တော် ။               ။ ခင်မျာ စကားကို အမျိုးမျိုးမပြောနဲ့…


ဦးရဲခေါင် ။                 ။ မင်းမိုက်ရိုင်းလှချည်းလားကွ…


ဆဲဆိုရင်း လက်သီးဖြင့် ထိုးကြိတ်ရုံမကသေးပေ၊ သူခါးပတ်ကို ဆွဲထုတ်လိုက်ကာ၊


ဦးရဲခေါင် ။                 ။ ခွေးမသား သေစမ်း၊ သေစမ်း…


အားဖြင့် လွှဲရိုက်တော့သည်။ ကျွန်တော် လက်ဖြင့် မျက်နှာအုပ်ရင်း ကြမ်းပြင်ပေါ်တွင် အလူးအလဲ ခံနေရသည်။ အိမ်သော်တာ ဘေးကနေ ဦးရဲခေါင်ကို ကျွန်တော်ကို မရိုက်ဖို့ တောင်းပန်သော်လည်း မရချေ။ ထင်ရှား၊ မင်းကလဲ့စားပြန်ချေမယ့် နေ့မရောက်သေးမချင်း သူတို့ကို သည်းခံရမည်ဟု အားတင်းကာ ပြန်မခုခံပေ။ ညမိုးချုပ်ချိန်ရောက်တော့ ရိုက်နှက်ထားသည့် ဒဏ်ရာများကြောင့် အိပ်ယာထဲမှ မထနိုင်အောင်ကို တကိုယ်လုံး နာကျင်ကိုက်ခဲနေတော့သည်။ ဆွေမရှိ မျိုးမရှိဖြစ်အောင် လုပ်ခဲ့ရုံမက ကိုယ်မွေးရပ်မြေကို ဘယ်မှာမှန်း မသိတဲ့ ကျွန်တော်ဘ၀က လူသေကောင်တစ်ယောက်နဲ့ ဘာထူးတော့မှာလဲဟု တွေးရင်း အိပ်ယာထဲ ခွေနေစဉ်၊



အိမ်သော်တာ ။           ။ ထင်ရှား၊ ထင်ရှား…


တိုးတိုးလေး ခေါ်သံကြား၍ မျက်လုံးကို မသိမသာ ဖွင့်ကြည့်လိုက်သည်။ အိမ်သော်တာ သူမိဘတွေ မသိအောင် ကျွန်တော်အခန်းထဲသို့ ၀င်လာပုံရသည်။ အိမ်သော်တာမြင်တော့ လှဲနေရာမှ အားယူကာ ထထိုင်လိုက်ပြီ၊


ကျွန်တော် ။               ။ ညမိုးချုပ်၊ ငါအခန်းထဲ ဘာလာလုပ်တာလဲ…


အိမ်သော်တာ ။           ။ ဟယ် နင်မျက်နှာတစ်ခုလုံး ညှိမဲနေတာပဲ။ ငါတောင်းပန်ပါတယ်ဟယ် ငါကြောင့် ဖြစ်တယ်ဆိုတော့…


ကျွန်တော် ။               ။ မလိုပါဘူး…



အိမ်သော်တာ ။           ။ ငါလေ နင်ကို စိုးရိမ်လို့ အမေတို့မသိအောင် ၀င်လာတာ။ ဒါနဲ့ နင်အရမ်းနာနေသေးလားဟင်…


ကျွန်တော်စိတ်ထဲတွင် အိမ်သော်တာ မင်းစိုးရိမ်တာတွေလည်း ငါမလိုချင်ဘူး၊ ငါအပေါ် လာကောင်းပြမနေစမ်းပါနဲ့ဟု ခပ်ရိုင်းရိုင်းပင် ပြန်ပြောလိုက်ချင်သည်။


ကျွန်တော် ။               ။ နင်ထွက်သွားစမ်းဟာ…


အိမ်သော်တာ ။           ။ နင်ကလည်း ငါက စိုးရိမ်လို့ဟာကိုး။ ရော့ သက်သာသွားအောင် ဒီဆေးလေး လိမ်းထားလိုက်နော်…


ဆေးပုလင်းကို ကျွန်တော်လက်ထဲ အတင်းလာထိုးပေးသဖြင့် စိတ်တိုတိုဖြင့် ဆေးပုလင်းကို ပုတ်ချလိုက်ရာ၊


အသံ ။                     ။ ခွမ်း…



ကျကွဲသွား ဆေးပုလင်းအသံကြောင့် ဒေါ်သီတာ ကျွန်တော်အခန်းရှိရာသို့ ရောက်လာတော့သည်။ အခန်းတံခါးကို အတင်းထုရိုက်ရင်း၊


ဒေါ်သီတာ ။              ။ ဟဲ့အထဲမှာ ဘာတွေ ဆူညံနေတာလဲ…


အိမ်သော်တာ ။           ။ ဒုက္ခပါပဲ။ ငါရှိတာ မပြောနဲ့နော်…


ဟုပြောလိုက်ရာ ကျွန်တော် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီ အိမ်သော်တာလက်နှစ်ဘက်ကို အတင်းဆုတ်ကိုင်လိုက်ကာ သူမကို ခုပဲ ၀ါးမျိုတော့မည် အကြည့်ဖြစ် စိုက်ကြည့်လိုက်၍၊


အိမ်သော်တာ ။           ။ ထင်ရှား၊ နင်ဒါဘာလုပ်တာလဲ…


ကျွန်တော်ခံစားခဲ့သမျှ ဒင်းတို့တွေ ပြန်ခံစားစေရမယ်ဟု တွေးကာ အိမ်သော်တာကို အတင်း ကျွန်တော်ရင်ခွင်ထဲသို့ ဆွဲသွင်းရင်း အားရပါးရ ဖက်နမ်းပစ်လိုက်တော့သည်။ ထိုချိန် ဒေါ်သီတာ အိမ်သော်တာ အသံကြား၍ အခန်းတံခါးကို ဆွဲအဖွင့် ကျွန်တော်ရင်ခွင်ထဲရောက်နေသော အိမ်သော်တာကို မြင်သည်နှင့် သူဘယ်လောက်ပူလောင် ဒေါသတွေ ထွက်သွားမည်ကို တွေးနေစရာကို မလိုပင်။ မျက်လုံး မျက်စံပြူးဖြင့်၊



ဒေါ်သီတာ ။              ။ နင်လိုကောင်က ငါသမီးကို… ကို… ခုလွှတ်စမ်း…


ဟုအော်ရင်း ဒေါသထွက်လွန်းပြီ ဒေါ်သီတာ ထိုနေရာတွင်ပင် မေ့လှဲသွားတော့သည်။ အိမ်သော်တာလည်း ကျွန်တော်ရင်ခွင်ထဲမှ အတင်းရုန်းထွက်ကာ ဒေါ်သီတာကိုပွေ့ချီလိုက်ပြီ၊


အိမ်သော်တာ ။           ။ မေမေ၊ မေမေ။ သတိထားပါအုန်း…


သတိလစ်သွားသော ဒေါ်သီတာကို ကြည့်ရင်း ဒါက ကလဲ့စားချေတဲ့ ပထမခြေလှမ်းပဲ ရှိပါသေးတယ် ဒေါ်သီတာဟု စိတ်ထဲမှ ရေရွတ်လိုက်သည်။ ဦးရဲခေါင်လည်း ထိုအကြောင်းကို သိသွားတော့ ကျွန်တော်ကို အိမ်က မောင်းချဖို့အထိပါလုပ်ဖို့ ကြိုးစားသေးသည်။ သို့သော် သူတို့ ခိုင်းကောင်းတဲ့ နွားတစ်ကောင်ကို ဒီလိုလွယ်လွယ်နဲ့ ဘယ်ရောင်းပါ့မလဲဗျာ။ အိမ်သော်တာကလည်း အစက သူမကို အတင်းဖက်နမ်း၍ ကျွန်တော်ကို စိတ်ဆိုးပြီ စကားမပြောပေ။ ဦးရဲခေါင်နဲ့ ဒေါ်သီတာ မရှိတုန်း ဒန်းစီးနေသော အိမ်သော်တာဘေးတွင် အတင်းဝင်ထိုင်လိုက်သည်။ သူမက စိတ်ဆိုးသေးဟန်ဖြင့် နှုတ်ခမ်းဆူရင်း မျက်နှာလွှဲသွား၍၊


ကျွန်တော် ။               ။ အိမ်သော်တာ…


အိမ်သော်တာ ။           ။ ဘာလဲ…



ကျွန်တော် ။               ။ နင်ကို ငါနမ်းလို့ ခုထိ စိတ်ဆိုးနေတုန်းလား…


အိမ်သော်တာ ။           ။ ဟုတ်တယ်။ ဆိုးတယ်၊ နင်နဲ့ စကားမပြောချင်ဘူး။ သွား…


ဒန်းပေါ်မှာ ထိုင်ရင်း ကျွန်တော်ကို ဘေးသို့ တွန်းလိုက်ရာ ကျွန်တော်နာသွားဟန်ဆောင်ပြီ၊


ကျွန်တော် ။               ။ အား၊ ငါလက်…


အိမ်သော်တာ ။           ။ ထင်ရှား၊ ဘာဖြစ်သွားလဲဟင်။ ငါတမင်လုပ်တာ မဟုတ်ဘူးနော်…



ပျာပျာသလဲလဲဖြင့် ကျွန်တော် လက်ကို လာကိုင်ကြည့်၍၊


ကျွန်တော် ။               ။ ဒါဆို စိတ်ဆိုးပြေတော့…


အိမ်သော်တာ ။           ။ အလကားကောင်၊ လူလိမ် ဟွန်…


အိမ်သော်တာ ကျွန်တော်အပေါ် စိတ်ဆိုးပြေအောင် တမင်ချော့ရင်း ခြံထဲမှ ခူးလာသော ပန်းစီးလေးကို သူမရှေ့သို့ ထိုးပေးလိုက်သည်။ ပန်းစီးမြင်တော့ အိမ်သော်တာ စိတ်ဆိုးပြေသွားဟန်ဖြင့် ပြုံးသွားပြီ၊


အိမ်သော်တာ ။           ။ ဒီလို တောင်းပန်တော့လည်း ကျေအေးရတာပေါ့။ ဒါနဲ့ ထင်ရှား၊ မနက်ဖြန် အောင်စာရင်း ထွက်တော့မယ်နော်…


ကျွန်တော် ။               ။ အေး အဲဒီတော့…



အိမ်သော်တာ ။           ။ နင်ကဖြေနိုင်တော့ ဘယ်စိတ်ပူပါ့မလဲ။ ငါကတော့ ဖြေမှမဖြေနိုင်ပဲ။ ငါတော့ ဒီတသက် ဆယ်တန်းအောင်တော့မယ် မထင်ပါဘူးဟာ…


ကျွန်တော် ။               ။ ဒါတော့ စိတ်မပူပါနဲ့ နင်ဘေးမှာ ငါရှိနေတာပဲ…


ကျွန်တော်စကားကြောင့် အိမ်သော်တာ အံ့အားသင့်သွားတော့သည်။ သူမအပေါ် ကျွန်တော်ဘယ်တော့မှ စကားကို ဒီလိုချိုချိုသာသာ မပြောဖူးတော့ကြောင့်ပင်။ အိမ်သော်တာ ပါးချိုင့်လေးပေါ်အောင် ပြုံးရင်း၊


အိမ်သော်တာ ။           ။ ထင်ရှား နင်က ဒီလိုဆိုတော့လဲ၊ အားကိုးရသားပဲ။ ဒါကြောင့် ငါလေ နင်ကို…


ပြောလက်စ စကားကို ဆက်မပြောတော့ပဲ ပါးနှစ်ဖက်နီရဲသွားတော့သည်။ ကျွန်တော်စိတ်ထဲတွင် အိမ်သော်တာ နင်ငါကို ချစ်နေတာ ငါသိပါတယ်ဟု တွေးကာ ပြုံးမဲ့မဲ့ လုပ်နေလိုက်သည်။ ကျောင်းမှာ အိမ်သော်တာကို စိတ်ဝင်စားသူများသော်လည်း သူက ကျွန်တော်ကိုသာ တဖက်သတ် စိတ်ဝင်စားနေခဲ့သည်ကို ကျွန်တော် အရင်ကတည်းက သိသော်လည်း လစ်လျှူရှုခဲ့သည်။ နောက်နေ့ အောင်စာရင်း ထွက်မည်ဖြစ်၍ အိမ်သော်တာနှင့်အတူ အောင်စာရင်းကြည့်သည့်နေရာသို့ သွားမည်အလုပ်တွင်၊


ဒေါ်သီတာ ။              ။ သမီး၊ အိမ်သော်တာ အောင်စာရင်း သွားကြည့်တာ ဘာလို့ ထင်ရှားပါ ခေါ်သွားရမှာတုန်း။ အခိုင်းအစေက အခိုင်းအစေလို ဆက်ဆံတာပဲ ကောင်းပါတယ်၊ တန်းတူဆက်ဆံလို့ မရဘူးလို့ သမီးကို အမေ ဘယ်နှခါ ပြောရမလဲ…



အိမ်သော်တာ ။           ။ မေမေကလည်း ဒီနေ့ ဒရိုင်ဘာခွင့်ယူထားတယ်လေ။ ထင်ရှားလည်း ကားမောင်းတတ်တော့ တူတူသွားလိုက်မယ်နော်၊ မေမေ…


ဒေါ်သီတာ ။              ။ ပြီရော ပြီရော။ ကြည့်ပြီတာနဲ့ မြန်မြန်ပြန်လာခဲ့အုန်း…


အိမ်သော်တာ ။           ။ ဟုတ်ကဲ့ပါ…


ဒေါ်သီတာပါးကို အနမ်းပေးပြီ အိမ်သော်တာ ကားရှေ့ခန်း ကျွန်တော်ဘေးတွင် ၀င်ထိုင်လိုက်သည်။ ဒေါ်သီတာ မျက်နှာသိသိသာသာကြီးကို ပျက်သွားသည်။ ကျွန်တော်လို စုတ်ချာတဲ့ကောင်မျိုးနဲ့ အိမ်သော်တာ ကြိုက်သွားမည်ကို အလွန်စိတ်ပူနေပုံရသည်။ ဒင်းတို့ ပိုစိုးရိမ်လေ ကျွန်တော်က ခြေလှမ်းပိုတိုးလေးဆိုတာ ဒင်းတို့သိဖို့ကောင်းတယ်ဟု တွေးရင်း ကားမောင်းထွက်လာခဲ့သည်။ သမီးလေးတစ်ယောက်ထဲ ရှိတာမို့ ဦးရဲခေါင်ရော၊ ဒေါ်သီတာပါ အိမ်သော်တာကို အရမ်းချစ်ကြသည်။ ဒင်းတို့နှစ်ယောက်ရဲ့ ပျော့ကွက်မှာ အိမ်သော်တာပင်။ ကံကကောင်းချင်တော့ အိမ်သော်တာ ကျွန်တော်ကို ချစ်နေခြင်းပင်။ ဒီပျော့ကွက်ကို အသုံးချပြီ ဒင်းတို့ကို လက်စားချေမည်ဟု တွေးရင်း ဆယ်တန်းအောင်စာရင်း ကြည့်မည့် နေရာနားသို့ ရောက်လာသည်။ အိမ်သော်တာ အရမ်းစိုးရိမ်ပုံဖြင့် ကျွန်တော်လက်ကို လာကိုင်၍ သူကို စိုက်ကြည့်လိုက်မိသည်။


အိမ်သော်တာ ။           ။ ထင်ရှား ငါသွားမကြည့်ရဲဘူးဟာ…



ကျွန်တော် ။               ။ ရောက်ပြီမှတော့ ကြောက်မနေပါနဲ့…


သူမကို အတင်း အောင်စာရင်းထွက်မည့် နေရာသို့ ခေါ်လာခဲ့သည်။ နွယ်နီနဲ့ မြစန္ဒာတို့လည်း ရောက်နေကြသည်။ ကျွန်တော်တို့ နှစ်ယောက်တူတူ လာတာမြင်တော့၊


နွယ်နီ ။                    ။ မြန်မြန်လာ။ ငါတို့တော့ကြည့်ပြီပြီ…


အိမ်သော်တာ ။           ။ နင်တို့ အောင်လားဟင်…


နွယ်နီ ။                    ။ အေး ဒီနှစ်တော့ ငါအောင်သွားပြီ။ မြစန္ဒာက ၂ဘာသာဂုဏ်ထူးတောင် ပါသေး…



အိမ်သော်တာ ။           ။ ဟုတ်လား ၀မ်းသာလိုက်တာ။ ငါတို့လည်း အောင်စာရင်း သွားကြည့်အုန်းမယ်…


ကျွန်တော်လက်ကို ဆွဲကာ အောင်စာရင်းကြည့်ရန် လူအုပ်ကြားထဲသို့ တိုးဝင်လာသည်။ အိမ်သော်တာက မိန်းခလေးမို့ ဘယ်လို တိုးဝင်သွားမှန်း မသိသော်လည်း၊ ကျွန်တော်က အဝေးမှာ ရပ်ကျန်ခဲ့၍၊


အိမ်သော်တာ ။           ။ ထင်ရှား၊ နင်ခုံနံပါတ် ဘယ်လောက်လဲ…


ကျွန်တော် ။               ။ ဆမ- ၃၀၅…


အိမ်သော်တာ ။           ။ ဆမ-၃၀၅ဟုတ်လား…



ရင်တထိတ်ထိတ်နှင့် ကျွန်တော်နံမည် မပါမှာစိုး၍ သက်ပြင်းချလိုက်မိသည်။ ခဏနေမှ လူအုပ်ကြားမှ အိမ်သော်တာ အသံကြားလိုက်ရသည်။


အိမ်သော်တာ ။           ။ ဟယ် ဒီမှာ တွေ့ပြီ ဆမ-၃၀၅ ထင်ရှား (အဖ ဦးရဲခေါင်)…


ဟုသူမက ၀မ်းသာအားရ အော်ပြောလိုက်သော်လည်း ကျွန်တော်ရဲ့ အဖေနေရာတွင် ထည့်စရာလူမရှိ၍ အုပ်ထိန်းသူအစား ဦးရဲခေါင်နံမည်ကို ကျောင်းအပ်စဉ်က ထည့်ခဲ့သည်ကို နောင်တရမိသွားသည်။ ကျွန်တော်ရန်သူကိုမှ အုပ်ထိန်းသူတော်ရသည်ကို နည်းနည်းလေးမှ ဘ၀င်မကျမိပေ။ နောက်မှ အိမ်သော်တာကို သတိရပြီ၊


ကျွန်တော် ။               ။ အိမ်သော်တာ နင်ရော…


မေးလိုက်ရာ လူအုပ်ကြားမှ ပြန်တိုးထွက်လာရင်း ကလေးငယ်တစ်ဦးပမာ ကျွန်တော် လက်မောင်းကို ဆုတ်ကိုင်ကာ၊


အိမ်သော်တာ ။           ။ ထင်ရှား။ ငါမအောင်ပြန်ဘူးဟာ။ ဟိဟိဟိ…



အတင်းငိုချတော့သည်။ သူမခေါင်းကို ပုပ်လိုက်ရင်း ခေါင်းထဲတွင် မကောင်းသည့် အကြံအစည် တစ်ခုဝင်လာသည်နှင့်၊


ကျွန်တော် ။               ။ အရမ်းလည်း စိတ်မကောင်းဖြစ်ပါနဲ့ဟာ။ ဒီနှစ်မအောင်လည်း နောက်နှစ်ပြန်ဖြေပေါ့။ ဒါနဲ့ စိတ်ပြေလက်ပျောက် အိမ်မပြန်သေးပဲ။ ငါနဲ့တနေရာလိုက်ခဲ့ဟာ…


အိမ်သော်တာ ။           ။ အင်း…


မြစန္ဒာနဲ့ နွယ်နီကို နှုတ်ဆက်ရင်း ကျွန်တော် ကားပေါ်သို့ အိမ်သော်တာနဲ့အတူ ၀င်ထိုင်လိုက်ကြသည်။ ငိုမဲ့ငိုမဲ့ဖြင့် မျက်ရည်များကျနေသော အိမ်သော်တာကို ကြည့်ရင်း အပြစ်တင်ချင် နင်မိဘတွေသာ နင်တင်သင့်တယ်ဟု တွေးကာ ကားမောင်းထွက်လာသည်။ ခဏကြာတော့ ငိုရင်းငိုရင်း သူမ အိမ်မောကျသွားတော့သည်။


———————————————————————–


လူရှင်း လူပျက်တဲ့ အဝေး တစ်နေရာရောက်မှ ကားကို တမင်ထိုးရပ်လိုက်သည်။ ကားပေါ်တွင် အိပ်မောကျနေသော အိမ်သော်တာကို သေချာကြည့်ရင်း ပါးကွက်လေးနဲ့မို့ နမ်းချင်စရာကောင်းသော သူမပါးလေးကို နမ်းဖို့ ကြိုးစားပြီမှ ထင်ရှား၊ မင်းလက်စားချေမယ့် အစီအစဉ်ထဲမှာ ဒါတွေ မပါဘူးလေကွာဟု ကိုယ်မှာကို သတိပြန်ပေးရင်း ဟန့်တားလိုက်သည်။ ခဏနေတော့ အိမ်သော်တာလည်း အိပ်နေရာမှ လန့်နှိုးလာပြီ ဘေးဗယ်ကို ကြည့်ရင်း၊


အိမ်သော်တာ ။           ။ ထင်ရှား။ ကားဘာဖြစ်လို့လဲ…



ကျွန်တော် ။               ။ ကားစက်သေသွားလို့၊ ခဏငါဆင်းကြည့်လိုက်အုန်းမယ်…


အိမ်သော်တာလည်း ကျွန်တော် နောက်မှ လိုက်ဆင်းလာသည်။ ကားအဖုံးကို လှန်ကြည့်၍ ဟိုစမ်းဒီစမ်း လုပ်ပြလိုက်သေးသည်။ ပြီတော့ ကားစက်ပြန်နှိုးမရဟန် တမင်ဟန်ဆောင်နေလိုက်သည်။ အိမ်သော်တာကလည်း ကားနဲ့ပတ်သက်ရင် ဘာမှ မနားလည်သည်မို့ အလွယ်တကူလိမ်နိုင်သည်။ ကျွန်တော် ကားကို ခြေထောက်ဖြင့်ကန်ရင်း၊


ကျွန်တော် ။               ။ ဒီကားက စောင့်ရေးထဲ ပျက်သွားရတယ်လို့ကွာ။ တောက်…


အိမ်သော်တာ ။           ။ ဒုက္ခပါပဲဟယ်။ ဒါနဲ့ ငါတို့ ခုဘယ်နားရောက်နေတာလဲဟင်…


ကျွန်တော် ။               ။ ငါလည်း နင်စိတ်ပြေလက်ပျောက်ဖြစ်အောင် တစ်နေရာမောင်းရင်း လမ်းမှားပြီ ဒီဘက်ရောက်လာတာ။ ဘယ်နားလည်း ငါလည်း မသိဘူး…



အိမ်သော်တာ သတိရဟန်ဖြင့် သူလက်ကိုင်အိတ်ထဲမှ ဟမ်းဖုန်းကို ဆွဲထုတ်လိုက်သည်။ သူမ အိပ်ပျော်နေတုန်း ဟမ်းဖုန်း ဘယ်ထရီကို တမင် လှဲထားလိုက်၍၊


အိမ်သော်တာ ။           ။ အရေးဆို ဒီဖုန်းအစုတ်က အားကုန်နေပြန်ပြီ။ စိတ်ညစ်ပါတယ် တစ်ခုခုတော့ ကြံပါအုန်း ထင်ရှားရယ်…


ကျွန်တော် မချိပြုံးလေးပြုံးပြီ စိတ်ထဲမှ ကြိတ်ပျော်နေသည်။ ခုချိန်လောက်ဆို အိမ်သော်တာ ပြန်မလာသေး၍ ဒေါ်သီတာ ဘယ်လောက်အောင်တောင် ပျာယာခတ်နေမည်ကို မြင်ယောင်ပြီ အရသာခံနေမိသည်။ ခင်မျာတို့ ကျွန်ုပ်ဆီက ရယူခဲ့တာတွေ တစ်ခုချင်းစီ ပြန်ပေးရမယ်ဟု တွေးရယ်လိုက်သေးသည်။  အိမ်သော်တာကတော့ ထိုင်ရမလို၊ ထရမလို ဂဏှာမငြိမ်နိုင်အောင် ဖြစ်နေသည်။ ကျွန်တော် အကြံတစ်ခုပေါ်လာသည်နှင့်၊


ကျွန်တော် ။               ။ အိမ်သော်တာ၊ နင်ဒီမှာ နေခဲ့အုန်း။ ငါ အကူအညီရလိုရဌါး လူသွားရှာလိုက်အုန်းမယ်…


အိမ်သော်တာ ကျွန်တော်လက်မောင်းကို ဆွဲကိုင်လိုက်ရင်း၊


အိမ်သော်တာ ။           ။ ထင်ရှား၊ ငါတစ်ယောက်ထဲ မကျန်ခဲ့ပါရစေနဲ့။ ဒီနားမှာ လူက အရမ်းပျက်တာ၊ ငါကြောက်တယ်…



ကျွန်တော် ။               ။ မကြောက်ပါနဲ့ဟာ။ နင်မကျန်ခဲ့ရင် ဒီနေ့တော့ ငါတို့ အိမ်ပြန်ရတော့မှာ မဟုတ်ဘူး။ ကားကို စောင့်ကြည့်ထားဖို့ လူလိုတာပေါ့။ ဟုတ်ပြီနော်…


အတင်းချော့မော့ပြောကာ အိမ်သော်တာကို ကားပေါ်မှာ တမင်ထားခဲ့ပြီ ကားသော့ကိုတော့ ကျွန်တော်ယူသွားသည်။ လေလေ တချွန်ဖြင့် သူမကျွန်တော်ကို မမြင်နိုင်သည့် နေရာနားရောက်မှ နေရိပ်သစ်ပင်တစ်ပင်မှ ကွယ်နေပြီ သူမကိုပြန် ချောင်းကြည့်နေသည်။ နေ့ခင်းကနေ ညနေစောင်းလာသည်အထိ ကျွန်တော် ဘယ်အကူအညီမှ မရှာပဲ သစ်ပင်ခြေရင်းမှာ တရေးတောင် အိပ်နေလိုက်သေးသည်။ အိမ်သော်တာကတော့ ကျွန်တော် မပြန်လာ၍ ကားထဲမှာ တစ်ယောက်ထဲ ဘယ်လောက်တောင် ခြောက်ခြားနေမည်ကို တွေးကြည့်ရုံနှင့်ပင် သိနိုင်သည်။ ညနေတော်တော်စောင်းလာမှ ပြုံးတုံ့တုံ့ဖြင့် ကားရှိရာသို့ ကျွန်တော် ပြန်လာခဲ့သည်။ ကျွန်တော် ကားနားရောက်တော့ အိမ်သော်တာ အရမ်းကြောက်လန့် ထိတ်လန့်နေရှာသည်။


အိမ်သော်တာ ။           ။ ထင်ရှား၊ ဟိဟိဟိ…


ကျွန်တော် ။               ။ ငါပြန်လာပြီလေ၊ ဘာလို့ ဒီလောက် ငိုနေတာလဲ…


အိမ်သော်တာ ။           ။ ငါနင်မပြန်လာတော့ဘူးထင်နေတာ။ ဟိဟိဟိ…



ကျွန်တော် ။               ။ ဟာ၊ ငါက မပြန်လာပဲ နေပါ့မလား…


အိမ်သော်တာ ။           ။ ကားပြင်ဆရာရော တွေ့ခဲ့လားဟင်…


ကျွန်တော် ။               ။ ဘယ်သူမှကို မတွေ့ခဲ့တာ။ ငါလည်း တွေ့လိုတွေ့ဌါး လျှောက်သွားရင်း ညမိုးချုပ်သွားတာဟ…


အိမ်သော်တာ ။           ။ ဒါဆို ငါတို့ အိမ်ပြန်လို့ မရတော့ဘူးပေါ့နော်…


ကျွန်တော် ခေါင်းငြိတ်ပြ၍ အိမ်သော်တာ စိတ်ပျက်သွားပုံရသည်။ သူမဗိုက်မှ ဂွီဆိုတဲ့ ကျယ်လောင်သံ တစ်ခုထွက်လာပြီ၊



အိမ်သော်တာ ။           ။ ထင်ရှား ငါ ရေလည်းဆာတယ်၊ ဗိုက်လည်းဆာတယ်…


ကျွန်တော် ။               ။ အေး ငါရောပဲ…


စိတ်ထဲမှာတော့ နင်ဒီတစ်ရက်တော့ သည်းခံလိုက်အုန်းပေါ့ဟာဟု တွေးနေသည်။ တဖြည်းဖြည်းနဲ့ ညက ပိုမှောင်လာတော့သည်။ လမ်းမီးလည်း မရှိသည်မို့ ညရဲ့အမှောင်ထဲမှာ ကျွန်တော်နဲ့ အိမ်သော်တာ နှစ်ယောက်ထဲ ဖြစ်နေသည်။ ဒီလိုအချိန်မျိုးမှာ အိမ်သော်တာအပေါ် အခွင့်အရေးယူမည်ဆိုလျှင် ရသည်။ သို့သော် ကျွန်တော် လက်စားချေမယ့် အစီအစဉ်ထဲတွင် ထိုကိစ္စ မပါသည်မို့ သူမကို လက်ဖျားလေးနဲ့တောင် မတို့ပါ။


အိမ်သော်တာ ။           ။ ဖေဖေ၊ မေမေတို့တော့ အရမ်းစိတ်ပူနေမှာ…


ကျွန်တော် စိတ်ထဲတွင် ဦးရဲခေါင်နဲ့ ဒေါ်သီတာ ဒါခင်မျာတို့အတွက် ကလဲ့စားခြေတဲ့ ဒုတိယခြေလှမ်းပဲ ရှိပါသေးတယ်။ အိမ်သော်တာကတော့ ကျွန်တော် အကြံစည်တွေကို ဘာမှ မသိရှာပဲ၊ တကယ်ကားပျက်သည်ဟု ထင်ကာ ကျွန်တော်ကို အရမ်းအားကိုး နေလေသည်။ အိမ်သော်တာ မျက်နှာလေး နီရဲလာပြီ ရှက်ရှက်ဖြင့်ပင်၊


အိမ်သော်တာ ။           ။ ထင်ရှား ငါကြောက်လို့၊ ငါနဲ့ကားနောက်ခန်းမှာ တူတူ လာအိပ်ပေးပါ့လားဟင်…



မရဲတရဲလေး မေးလိုက်သည်။ ကျွန်တော် လိုချင်တဲ့ ကွင်ထဲသို့ တဖြည်းဖြည်း တိုးဝင်လာသည်မို့ မချိပြုံးပြုံးပြီ နောက်ခန်းသို့ ပြောင်းထိုင်လိုက်သည်။ ပြီမှ သူမခေါင်းကို ကျွန်တော်ပခုံးပေါ်မှီခိုင်းလိုက်ပြီ၊


ကျွန်တော် ။               ။ ငါပေါ်မှာ မှီအိပ်ချည်း…


အိမ်သော်တာ ။           ။ အင်း…


သူမ ကျွန်တော် ပခုံးကို မှီအိပ်ရင်း တဖြည်းဖြည်းနဲ့ အိပ်မောကျသွားတော့သည်။ ကျွန်တော်ကတော့ တစ်ညလုံး အိပ်မပျော်နိုင်ပေ။ ကျွန်တော်ဘ၀မှာ ရန်သူတွေနဲ့လည်း တစ်ဘ၀စာလုံး သည်းခံပြီ တူတူနေခဲ့ရသည်။ ခုရန်သူသမီးကိုလည်း မချဉ်းကပ်ချင်ပဲ ချဉ်းကပ်နေရပြန်၍ တခါတလေ လောကကြီးကို စိတ်နာမိသည်။ မနက်မိုးလင်းသည်နှင့် ကျွန်တော် စီစဉ်ထားသည့်အတိုင်း အိမ်သော်တာ မနှိုးခင် ကားဘတ်ထရီကြိုးကို ပြန်တပ်ထားပြီသည်နှင့်၊


ကျွန်တော် ။               ။ အိမ်သော်တာ ထတော့၊ ငါတို့ အိမ်ပြန်မယ်…


အိမ်သော်တာ ။           ။ ဟင်၊ ကားပြန်ကောင်းသွားပြီလား…



ကျွန်တော် ။               ။ ခုနက နင်အိပ်နေတုန်း ကားတစ်စီးလာပြီ ကူညီပေးသွားတာ။ ဦးရဲခေါင်တို့ စိတ်ပူနေမယ် ပြန်ကြရအောင်…


အိမ်သော်တာ ။           ။ အေးအေး…


အိမ်ပြန်ရောက်တော့ ကျွန်တော် ထင်ထားသည်ထက်ပင် ပိုမို ဆိုးရွားနေသေးသည်။ ဦးရဲခေါင်နဲ့ ဒေါ်သီတာက ကျွန်တော် အိမ်သော်တာကို မတရားခိုးပြေးသွားတယ်ထင်ပြီ ရဲစခန်းပင် တိုင်ထားပြီပြီ ဖြစ်နေသည်။ အစကတည်း ကျွန်တော်ကို အမြင်လုံးဝမကြည်လင်သော ဒေါ်သီတာက၊


ဒေါ်သီတာ ။              ။ ထင်ရှား၊ နင်မှန်မှန်ပြောစမ်း။ နင်ကို ငါနည်းနည်းလေးမှ မသင်္ကာဘူး၊ ကားမပျက်ပဲ တမင် ကားပျက်ချင် ဆောင်တာမလား…


အိမ်သော်တာ ။           ။ မေမေကလည်း တကယ်ကားပျက်တာပါ။ ဘာလို့ ထင်ရှားကို မယုံဖြစ်နေရတာလဲ…



အိမ်သော်တာက ကျွန်တော်ဘက်မှ ကူပြောပေးသည်။ ဒေါ်သီတာ မကျေနပ်နိုင်သေးပဲ၊ သူသမီးနှင့် ကျွန်တော် တစ်ညလုံး တူတူရှိနေသည်ကို စိတ်မအေးနိုင်ဖြစ်ကာ၊


ဒေါ်သီတာ ။              ။ ပြီတော့ ညတုန်းက ဘယ်မှာ အိပ်ကြလဲ…


ဟုမေးလိုက်ရာ အိမ်သော်တာ ကျွန်တော်ကို လှမ်းကြည့်သည်။ သူမက နောက်ခန်းမှာ တူတူအိပ်ကြသည်ကို မပြောစေချင်ပုံရသည်။ သို့သော် ကျွန်တော်အတွက်တော့ ဒီကိစ္စက အရေးပါသည်နှင့်၊


ကျွန်တော် ။               ။ နောက်ခန်းမှာ တူတူအိပ်ပါတယ်…


ဟုအမှန်တိုင်း ဖြေလိုက်ရာ ဒေါ်သီတာ ထိုနေရာတွင်ပင် မေ့လှဲမတတ် ဖြစ်သွားကာ ရင်ဘတ်ဖိရင်း၊


ဒေါ်သီတာ ။              ။ အမယ်လေး…



ဒီလို ဒေါ်သီတာ သွေးပျက်နေသည်ကို ကျွန်တော်မှာ ဟန်မဆောင်နိုင်အောင် ၀မ်းသာလွန်းလို့ မျက်နှာကို မနည်း အပိုးသတ်ထားရသည်။ ဒေါ်သီတာ ကျွန်တော်ကို လက်ညှိုးထိုးရင်း၊


ဒေါ်သီတာ ။              ။ နင်ထွက်သွား၊ နင်မျက်နှာ ငါမမြင်ချင်ဘူး…


ဒေါသတကြီး အော်ဟစ်ဆဲဆိုတော့သည်။ ဒီထက် ပြောရရင် ဒေါ်သီတာ အသက်ပင် ထွက်သွားအောင် အထိ ကျွန်တော်မှာ ပြောစရာ အကွက်တွေ ကျန်သေးသည်။ သို့သော် သူမလည်း မမေးတော့သည်မို့ ကျွန်တော်လည်း မပြောတော့ပေ။ နောက်နေ့တွင် အိမ်သော်တာ ကျွန်တော်ကို မနေ့က ဒေါ်သီတာကို ပြောလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီ ရန်လာတွေ့သည်။


အိမ်သော်တာ ။           ။ ထင်ရှား၊ နင်ကို ငါတကယ် စိတ်ဆိုးတယ်။ ဘာလို့ မေမေ တမျိုးထင်အောင် နင်နဲ့ငါ နောက်ခန်းမှာ တူတူအိပ်တာ သွားပြောရတာလဲ…


ကျွန်တော် ။               ။ ငါမှ မလိမ်ချင်တာ…


ကျွန်တော်စကားကို ပြန်မချေပနိုင်သည်မို့ အိမ်သော်တာ စိတ်တိုတိုနှင့် ထွက်သွားတော့သည်။ တက္ကသိုလ် ၀င်ခွင့်လျှောက်လွှာတင်ရမည့် နေ့သို့ ရောက်လာတော့သည်။ တခြားကျွန်တော်နဲ့ အတန်းတူတွေအားလုံး တက္ကသိုလ်ရောက်လွှာတင်ပြီ ကြသော်လည်း ကျွန်တော်မှာ တက္ကသိုလ် တက်ခွင့်မရပေ။ ကျွန်တော် တက္ကသိုလ်တက်လျှင် အိမ်သော်တာ စိတ်မကောင်းဖြစ်မှာစိုး၍ ဟူသော အကြောင်းပြချက်ဖြင့်ပင်။



ဦးရဲခေါင် ။                 ။ ထင်ရှား၊ မင်း အိမ်ပေါ်လာခဲ့အုန်း…


ကျွန်တော် ။               ။ ဟုတ်ကဲ့…


ဦးရဲခေါင် နောက်မှ လိုက်လာခဲ့သည်။ ဧည့်ခန်းထဲတွင် ဒေါ်သီတာလည်း ထိုင်နေသည်။ ကျွန်တော်ကို အကြောင်းတစ်စုံတစ်ရာ မရှိပဲ ဒီလို ခေါ်တွေ့ ပြောဆိုခြင်း ဘယ်တော့မှ မရှိပေ။ ကိစ္စတစ်ခုရှိပုံရသည်ကို သူတို့မျက်နှာကြည့်ရုံဖြင့် အကဲခတ်နိုင်သည်။


ဦးရဲခေါင် ။                 ။ မင်းရဲ့ ရှေ့ရေးနဲ့ ပတ်သက်ပြီ မင်းနဲ့ ပြောစရာရှိလို့ ခေါ်လိုက်တာ…


ဒေါ်သီတာ ။              ။ အကိုကြီးကလည်း စကားပျိုးနေတာနဲ့ ကြာတယ်။ ပြောစရာရှိ မြန်မြန်ပြောလိုက်စမ်းပါ…



ဦးရဲခေါင် ။                 ။ မင်းလည်း အရွယ်ရောက်ပြီ ဆိုတော့ ဒေါ်သီတာ တူမတိုးတိုးနဲ့ မင်းကို အိမ်ထောင်ချပေးဖို့ စဉ်းစားထားတယ်။ မင်းဘယ်လို သဘောရလဲ…


ထိုစကားကို ကြားတော့ ကျွန်တော် စိတ်ထဲတွင် အံ့တချက်ကြိတ်လိုက်သည်။ ဒေါ်သီတာ တူမ တိုးတိုးဆိုသူကို တစ်ခါနှစ်ခါ မြင်ဖူးရုံကလွှဲလို့ အသိကြီးတော့မဟုတ်ပေ။ ဒါပေမယ့် ဦးနှောက်သိပ်မပြည့်၍ ကျောင်းတန်းကို ၂တန်းထိပင် တက်နိုင်ခဲ့သည်ကိုတော့ ကျွန်တော်သိသည်။ ကျွန်တော်ကို ကျပ်မပြည့် အရူးတစ်ယောက်ကို အတင်းထိုးထည့်ရန် ကြံနေသဖြင့် ဒေါသမထွက်ပဲ မနေနိုင်ပေ။ သို့သော် ကျွန်တော် စိတ်တိုသည်ကို ပြန်မျိုချလိုက်ရင်း၊


ကျွန်တော် ။               ။ သူကို ကျွန်တော် နှစ်ခါလားပဲ မြင်ဖူးတာပါ…


ဒေါ်သီတာ ။              ။ ဘြော် နှစ်ခါမြင်ဖူးရင် လုံလောက်ပါတယ်။ တချို့ဆို တစ်ခါမှတောင် မမြင်ဖူးပဲ လူကြီးတွေ စီစဉ်တာတောင် ယူနေကြတာ မဟုတ်လား အကိုကြီးရဲ့…


ဦးရဲခေါင် ။                 ။ အေး၊ မင်းသဘောမတူရင် ငါတို့ အတင်းမလုပ်ပါဘူး။ တိုးတိုးက ရူးပေါပေါနိုင်တယ် ဆိုပေမယ့် သူ့မိဘက ပိုက်ဆံ အရမ်းရှိတာ မင်းအသိပဲ။ သူကို ယူရင် မင်းတက်ချင်တဲ့ တက္ကသိုလ် တက်နိုင်မယ်၊ မင်းနောင်ရေးလည်း လုံခြုံသွားတာပေါ့ကွာ…



ဟုပြောလိုက်ရာ ကျွန်တော်ကို နွားမှ ရိုးရိုးနွားမဟုတ်ဘူး၊ ဘို့ကြီးနဲ့ နွားကြီးလို့ ခေါ်ခံရလိုက်သလိုပင်။ ဒါတွေ အားလုံးဟာ ဒေါ်သီတာ အကြံအစည်တွေပဲ ဆိုတာ မှန်းရုံနှင့် သိနိုင်သည်။ အိမ်သော်တာနဲ့ ကျွန်တော် ရင်းနှီးသွားမှာကိုလည်း အရမ်းစိုးရိမ်တာမို့ တမင် ဒီလို ကြံစည်လိုက်ပုံရသည်။


ကျွန်တော် ။               ။ ကျွန်တော် စဉ်းစားပါရစေ…


ဒေါ်သီတာ ။              ။ အေးစဉ်းစားလည်း မြန်မြန်စဉ်းစား။ ငါတူမ တိုးတိုးကို လိုချင်တဲ့သူများတယ်၊ နောက်မှ မင်းမရလိုက်ပဲ နေမယ်…


ပါးစပ်မှ တိုးတိုးလေး တောက်တချက်ခေါက်လိုက်ကာ ခင်မျာတို့ ကျွန်ုပ်ကို လုပ်ခဲ့သမျှ ပြန်လက်စားချေမယ်ဟု စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။ ညနေပိုင်း ပန်းပင်စိုက်နေတုန်း အိမ်သော်တာ ကျွန်တော်နားသို့ လမ်းလျှောက်လာပြီ မျက်နှာလည်း သိပ်မကောင်းပေ။


အိမ်သော်တာ ။           ။ ထင်ရှား၊ နင်တိုးတိုးနဲ့ ယူဖို့ သဘောတူလိုက်တယ်ဆို…


ထင်ရှား ။                  ။ နင်ကို ဘယ်သူပြောလဲ…



အိမ်သော်တာ ။           ။ ငါအမေ ပြောတာပဲ…


ထင်ရှား ။                  ။ ဘြော်ဟုတ်လား…


ကျွန်တော် ဟုတ်တယ်မပြောသလို၊ မဟုတ်ဘူးလို့လည်း မငြင်းသဖြင့် အိမ်သော်တာ စိတ်တိုလာပြီ၊


အိမ်သော်တာ ။           ။ ငါမေးနေတာဖြေအုန်း…


သူမ အသံထဲတွင် ငိုသံပါ ပါလာသဖြင့် သူမကို ကျွန်တော် မော့ကြည့်လိုက်သည်။ မျက်ဝန်းထဲတွင် မျက်ရည်စများကို တွေ့နေရသည်။ ကျွန်တော် သစ်ပင်စိုက်ရင်းမှ ထရပ်လိုက်ကာ၊


ကျွန်တော် ။               ။ နင်ငါဆီက လက်ခံတာနဲ့၊ ငြင်းတာ ဘယ်စကားကို မျှော်လင့်နေတာလဲ…



အိမ်သော်တာ ။           ။ ငြင်းတာ…


ခပ်ပြုံးပြုံးလေး ရယ်လိုက်ရင်း လက်ထဲမှ ပေါက်တူးကို မြေပေါ်ပစ်ချလိုက်ပြီ လက်မှာပေနေသော ဖုန်များကို ခါချလိုက်သည်။ ပြီမှ သူမမျက်နှာ သေချာကြည့်ရင်း၊


ကျွန်တော် ။               ။ ဒါဆို နင်မျှော်လင့်တဲ့ အတိုင်းပဲ…


ဟုပြောလိုက်မှ အိမ်သော်တာ ချက်ချင်း ပြုံးပျော်သွားပုံရသည်။


အိမ်သော်တာ ။           ။ ဟိ၊ ၀မ်းသာလိုက်တာ…


ပါးစပ်မှ လွှတ်ခနဲ ထွက်သွားပြီမှ အိမ်သော်တာ မျက်နှာလေးလွှဲကာ ရှက်သွားပုံရသည်။ ဒေါ်သီတာကတော့ သူတူမကို ကျွန်တော် မယူနိုင်ဘူး တချက်ထဲနဲ့ ငြင်းလိုက်၍ တော်တော် ပေါက်ကွဲနေလေသည်။ တက္ကသိုလ် မတက်ရသော်လည်း ဦးရဲခေါင်က ကျွန်တော်ကို သူ့ကားကို မောင်းပေးလျှင် အဝေးသင်ပေးတက်မည် ပြော၍ လခတစ်ပြားမှ မရပဲ၊ ဦးရဲခေါင် အလုပ်လိုက်၍ သူခိုင်းသမျှ အကုန်လိုက်လုပ်ရသည်။ ဒရိုင်ဘာ တစ်ယောက်စရိတ် သက်သာလည်း နည်းတာ မဟုတ်၍ ကျွန်တော်လို နွားကို နှာဖာကြိုးတပ်ပြီ ခိုင်းပြန်တာပေါ့။ သို့သော် အနီးကပ်ရန်သူက ကြောက်စရာအကောင်းဆုံး ဆိုတာကိုတော့ ဦးရဲခေါင် နည်းနည်းလေးမှ တွေးမိပုံ မရပေ။ အလုပ်မှာ ဒရိုင်ဘာ ဆိုပေမယ့် အလုပ်က လူတွေ ရင်းနှီးကျွမ်းဝင်အောင် တမင် လုပ်ထားသည်။



အိမ်သော်တာကတော့ နောက်နှစ် ဆယ်တန်းပြန်ဖြေရန်​ ကြိုးစားနေရသည်။ ကျွန်တော်အိပ်နေတုန်း တံခါးခေါက်သံကြား၍ လှပ်ကြည့်လိုက်ရာ အိမ်သော်တာ ဖြစ်နေ၍ မျက်လုံးကို ပွတ်သက်ရင်း၊


ကျွန်တော် ။               ။ ဘာလဲဟ၊ ငါအိပ်နေပြီ မနက်မှ တွေ့မယ်…


အိမ်သော်တာ ။           ။ ထင်ရှားရယ် နေပါအုန်း။ ငါစာမေးပွဲနီးလာတောင် စာလည်း ကျက်မရလို့…


ငိုမဲ့ငိုမဲ့ဖြင့် ကျွန်တော်ကို အပူလာကပ် နေပြန်သည်။ ကျွန်တော် ခေါင်းကို လက်ဖြင့် ကုတ်လိုက်ရင်း၊


ကျွန်တော် ။               ။ အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ။ သွား သွား…


အိမ်သော်တာ ။           ။ နင်ငါကို စာတွေ ကူရှင်းပြပေးလို့ မရဘူးလားဟင်…



ကျွန်တော် ။               ။ ဟာ မရဘူးဟာ…


စိတ်ရှုပ်ပုံဖြင့် နှင်ထုတ်ပြီမှ ခေါင်းထဲ အတွေးတစ်ခုပေါ်လာပြီ စိတ်ချက်ချင်း ပြောင်းသွားကာ၊


ကျွန်တော် ။               ။ ဘြော် အေးရတယ်။ ဒါပေမယ့် ဒေါ်သီတာသိရင် ငါကို ဆူလိမ့်မယ်…


အိမ်သော်တာ ။           ။ ဒါကြောင့် အမေတို့ အိပ်ချိန်မှ လာတာပေါ့…


ကျွန်တော် ။               ။ ပြီရော…



ဟုပြောရင်း ကျွန်တော် အိပ်ခန်းတံခါးကို ဖွင့်ပေးလိုက်သည်။ ဒါနောက်တကြိမ် ကလဲ့စားခြေဖို့ ခြေလှမ်းအစပင် ဖြစ်သည်။ စာမေးပွဲ မဖြေခင် နေ့တိုင်း ည ၁၀နာရီကျော်မှ ည ၁နာရီအထိကို ဦးရဲခေါင်နှင့် ဒေါ်သီတာ မသိအောင် ကျွန်တော်အိပ်ခန်းထဲတွင် အိမ်သော်တာကို စာပြပေးသည်။ တဖြည်းဖြည်းနဲ့ အိမ်သော်တာ ကျွန်တော်အပေါ်မှာ စိတ်ယိုင်လာသည်ကို သိသော်လည်း ရေလိုက် ငါးလိုက် လုပ်နေလိုက်သည်။ ဒီလို ကျွန်တော်အိပ်ခန်းထဲတွင် ညတိုင်း အိမ်သော်တာ ရှိနေသည်ကို ဒေါ်သီတာများ သိသွားခဲ့လျှင်ဟူသော မျှော်လင့်ချက်ကြီးဖြင့် ကျွန်တော်မှာ ပျော်မဆုံးနိုင်ပေ။


အင်္ဂလိပ်စာမေဂျာဖြင့် အဝေးသင်တက်ရင်း ဦးရဲခေါင် ကားမောင်းပေးရသည်။ ကားမောင်းရင်း ဦးရဲခေါင် အလုပ်ကိစ္စမှာ ဘယ်သူနဲ့သွားတွေ့တယ်၊ ဘာတွေလုပ်နေတယ်ဆိုတာ ခိုးနားထောင်ရင်း သိခွင့်ရလာသည်။ ဒါပေမယ့် ဦးရဲခေါင်တို့ကို လက်စားချေဖို့ဆိုလျှင် ကုမ္ပဏီမှ အတွင်းလူတစ်ယောက် လိုကို လိုသည်။ ဒါကြောင့် ဦးရဲခေါင်ရဲ့ လူယုံလည်းဖြစ်သော သူရဲ့ မန်နေဂျာ ကိုဝင်းဇော်ကို ကျွန်တော် အဝေးကနေ လေ့လာအကဲခတ်နေတာ ကြာပြီ။ ဒီလူက ဦးရဲခေါင်ရှေ့ရောက်ရင် အားလုံးကို ဟုတ်ကဲ့၊ ဟုတ်ကဲ့လုပ်နေသော်လည်း သူပုံက သိပ်မရိုးသားပေ၊ နောက်ကွယ်မှာတော့ တစ်ခုခုကြံစည်နေပုံရသည်။ ဒါကြောင့် လက်စားချေဖို့ ကိုဝင်းဇော်ကို အသုံးချလျှင် ဖြစ်နိုင်သည်ဟု အကြံရလာ၍၊


ကျွန်တော် ။               ။ ကိုဝင်းဇော်၊ လက်ဖက်ရည်သောက်အုန်းမလား။ ဦးရဲခေါင်အတွက် မှာပေးရင်း တခါတည်း မှာခဲ့ပေးမယ်လေ…


ကိုဝင်းဇော် ။              ။ ဘြော်အေး ကောင်းတာပေါ့…


ကျွန်တော် ။               ။ ဒါနဲ့ မနေ့က အင်ယားလမ်းဆိုင်မှာ ကိုဝင်းဇော်ကို ကျွန်တော် မြင်လိုက်သလိုပဲ…


ဟုပြောလိုက်ရာ ကိုဝင်းဇော် မျက်နှာ အပျက်ကြီး ပျက်သွားတော့သည်။ ကိုဝင်းဇော် နောက်ကို ခြေရာခံလိုက်ရင်း မနေ့က ဦးရဲခေါင်နဲ့ပြိုင်ဘက် ကုမ္ပဏီတစ်ခုနှင့် ကိုဝင်းဇော်ဆက်သွယ်နေသည်ကို ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့သောကြောင့်ပင်။ ကိုဝင်းဇော်ရဲ့ ပျော့ကွက်ကို နင်းပြီ ကျွန်တော်လိုချင်သော ခြေလှမ်းကို စလှမ်းဖို့ ကြံတော့သည်။



ကိုဝင်းဇော် ။              ။ ထင်ရှား မင်းလူမှားနေပြီနဲ့ တူတယ်။ မနေ့က ငါရုံးဆင်းဆင်းချင်း အိမ်တန်းပြန်တာ…


ကျွန်တော် ။               ။ ကျွန်တော် ရုံးဆင်းချိန်တွေ့ခဲ့တယ်လို့ မပြောမိသလိုပဲနော်…


ကိုဝင်းဇော်က ခိုးစားတာ လူမိသွားတဲ့ရုပ်နှင့် မျက်မှောင်ကုတ်လျှက်၊


ကိုဝင်းဇော် ။              ။ ဒါဆို မင်းငါဆီက ဘာလိုချင်လို့လဲ…


ကျွန်တော် ။               ။ ခင်မျာ အဆင်ပြေမယ်ဆိုရင် မနက်ဖြန် ၁၀နာရီ အင်းယားလမ်းဆိုင်မှာ စောင့်နေပါ…



ကျွန်တော် လက်စားချေမယ့် စီမံကိန်းကြီး တဖြည်းဖြည်း နီးကပ်လာသည်။ ဦးရဲခေါင်နဲ့ ဒေါ်သီတာ ခင်မျာတို့ ကျွန်ုပ်နဲ့ ကျွန်ုပ်အမေလုပ်ခဲ့တာ မှန်သမျှ အားလုံး ပြန်ပေးဆပ်ရမယ်ဟု တွေးကာ လက်သီးဆုတ်ကို တင်းနေအောင် ဆွဲညစ်လိုက်သည်။ အိမ်သော်တာ စာမေးပွဲ ဖြေဖို့ ရက်ပိုင်းသာလိုတော့၍ ဒီနေ့လည်း စာပြခိုင်းဖို့ အချိန်မှန် အိမ်သော်တာ ကျွန်တော် အိပ်ခန်းထဲသို့ ၀င်လာသည်။


ကျွန်တော် ။               ။ မနေ့က ကျက်ခိုင်းထားတာတွေ ကျက်ပြီပြီလား…


အိမ်သော်တာ ။           ။ အေးကျက်ပြီပြီ။ ငါစာမေးပွဲအောင်ရင် နင်ကို ကျေးဇူးကောင်းကောင်း ဆပ်ရမယ်…


ကျွန်တော် ။               ။ နင်က ဘယ်လို ဆပ်မှာမို့လဲ…


ဟုငေါ့တော့တော့ဖြင့် အိမ်သော်တာကို မေးလိုက်ရာ၊


အိမ်သော်တာ ။           ။ နင်လိုချင်တစ်ခု ပေးမယ်ဟာ…



ကျွန်တော် ။               ။ ဒါဆို ကတိတည်အောင် ပြင်ထားပေးတော့…


ခုချိန်မှာရတဲ့ အခွင့်အရေးကို ကောင်းမွန်စွာ အသုံးချရမည်မို့ အိမ်သော်တာ နင်အပြစ်တင်ချင်၊ နင်မိဘတွေကိုပဲ တင်ဟု စိတ်ထဲမှ ပြောရင်း ကျွန်တော် အိမ်သော်တာ မသိခင် အိပ်ခန်းတံခါးလော့ချ ထားလိုက်သည်။ ပြီတော့ နောက်မှ နေပြီ အိမ်သော်တာကို သိုင်းဖက်လိုက်၍ အိမ်သော်တာ တော်တော်လေးကို ခြောက်ခြားသွားပုံရသည်။


အိမ်သော်တာ ။           ။ ထင်ရှား၊ နင်ဒီလို မလုပ်နဲ့လေ။ လွှတ်…


ကျွန်တော် ။               ။ ရှုးတိုးတိုး… နင်ငါကို ချစ်နေတယ်မဟုတ်လား…


အိမ်သော်တာ ။           ။ ဟုတ်တော့ ဟုတ်တယ်။ ဒါပေမယ့် အဲဒီလိုတော့ မဟုတ်ပါနဲ့ ထင်ရှားရယ်…



သူငြင်းသော်လည်း ကျွန်တော် ကုတင်ပေါ်သို့ သူမကို အတင်း တွန်းချလိုက်သည်။ အိမ်သော်တာက ကျွန်တော်ကို ချစ်နေသည်မို့ သူအပေါ် အမြတ်ယူသည်ကို မငြင်းဆန်နိုင်ခဲ့ပေ။ နောက်နေ့မနက် ဦးရဲခေါင် ကျွန်တော် အိပ်ခန်းတံခါးကို လာခေါက်ပြီ၊


ဦးရဲခေါင် ။                 ။ ဟေ့ကောင် ထင်ရှား၊ နှိုးပြီလား…


ကျွန်တော် အိနြေမပျက် တံခါးကို အမြန်ဖွင့်ပေးလိုက်ကာ၊


ကျွန်တော် ။               ။ ဟုတ်ကဲ့ နှိုးပါပြီ…


ဦးရဲခေါင် ။                 ။ ဒီနေ့ ငါအရေးကြီး လူကြီးတွေနဲ့ သွားတွေ့ဖို့ရှိတယ်။ အဲဒါမင်းပဲ ကားမောင်းပို့ရမှာ ဆိုတော့၊ ဒီအကျီင်္၊ အ၀တ်အစားတွေ လှဲခဲ့…


ကျွန်တော် ။               ။ ဟုတ်ကဲ့…



ပထမဆုံးအကြိမ် ဦးရဲခေါင် ကျွန်တော်ကို ပေးတဲ့အ၀တ်အစားမို့ ရွှေပင် ချထားလိုက်ချင်သည်။ အိမ်ခန်းထဲမှ သစ်လွင်တောက်ပတဲ့ အကျီင်္၊ ဘောင်ဘီတွေ ၀တ်ပြီ ထွက်လာသည်။ အိမ်သော်တာလည်း ကျောင်းသွားမှာမို့ အဖြူ၊ အစိမ်းလေးနဲ့ ဆင်းလာသည်။ ကျွန်တော်ကို မြင်တော့ မနေ့က အဖြစ်အပျက်ကြောင့် မျက်နှာလေး နီရဲပြီ မျက်နှာလွှဲသွားသည်။ ထို့နောက် ဦးရဲခေါင်တက်ဖို့ ကားတံခါးဖွင့်ပေးပြီ ဒရိုင်ဘာအနေနဲ့ ကျွန်တော်က မောင်းရသည်။ ကားနောက်ကြည့်မှန်မှ အိမ်သော်တာကို လှမ်းကြည့်နေမိသည်။ သူမက မျက်နှာကိုအောက်သို့ အတင်း ငုတ်ထားသည်။ ကျောင်းရှေ့ကားရပ် လိုက်သည်နှင့် ဦးရဲခေါင်ကိုပင် မနှုတ်ဆက်တော့ပဲ ကားပေါ်မှ ပြေးဆင်းသွား၍၊


ဦးရဲခေါင် ။                 ။ ဒီကောင်မလေး ခုတစ်လော ဘာတွေ ဖြစ်နေမှန်း မသိပါဘူး…


ဟုပြောလိုက်၍ ဦးရဲခေါင် ကျွန်တော်နဲ့အိမ်သော်တာ အကြောင်းကို ရိပ်မိသွားမှာ စိတ်ပင်ပူလိုက်သေးသည်။ သို့သော် ရိပ်မိဟန် မရှိ၍ ရုံးသို့ ကားကို ဆက်မောင်းလာခဲ့သည်။ ဦးရဲခေါင်ကို ရုံးပို့ပေးပြီ ကိုဝင်းဇော်နှင့်ချိန်းထားသော အင်ယားလမ်းဆိုင်သို့ ထွက်လာခဲ့သည်။ ကိုဝင်းဇော်က ကျွန်တော်အရင် ဆိုင်မှာ ရောက်နေသည်။ သူကြည့်ရတာ တစ်ခုခုကိုလည်း ကြံစည်ထားပုံရ၍ သတိဝိရိယထားပြီ သူဘေးတွင် ၀င်ထိုင်လိုက်သည်။


ကိုဝင်းဇော် ။              ။ မင်းဘာမှာအုန်းမလဲ…


ကျွန်တော် ။               ။ ကိုဝင်းဇော် လိုရင်းပဲ ပြောရအောင်။ ပြီရင် အိမ်သော်တာ ပြန်သွားကြိုရအုန်းမှာ…


ကိုဝင်းဇော် ။              ။ ဒါဆို ငါပဲအရင်ပြောမယ်။ အေးမင်းငါနောက်က နောက်ယောင်ခံလိုက်နေတာ ဦးရဲခေါင် တာဝန်ပေးထားလို့လား……



ကျွန်တော် ။               ။ ခင်မျာထင်နေသလို တစ်ခုမှ မဟုတ်ဘူး။ ကျွန်တော်ကို နောက်ယောင်ခံ လိုက်ဖို့ ဘယ်သူမှ တာဝန်မပေးထားပါဘူး။ ကျွန်တော်ပြောခဲ့တဲ့အတိုင်း မတော်တဆမြင်သွား တာပါ…


ကိုဝင်းဇော် ။              ။ ကောင်းပြီ မင်းပါးစပ်ပိတ်ဖို့ ငါဘယ်လောက်ပေးရမလဲ…


ကျွန်တော် ကိုဝင်းဇော်နားသို့ တိုးကပ်ထိုင်လိုက်ပြီ ခပ်ပြုံးပြုံးဖြင့်၊


ကျွန်တော် ။               ။ ပိုက်ဆံက အဓိကမဟုတ်ပါဘူး။ ကျွန်တော်က ခင်မျာကို ကူညီပေးချင်ရုံ သက်သက်ပါဗျ…


ကိုဝင်းဇော် ကျွန်တော် စကားကြောင့် ယုံရအခက်၊ မယုံရအခက် အနေထားသို့ ရောက်သွားသည်။ သူ ကျွန်တော်ကို ယုံလို့ဖြစ်ပါမလားဟု လေးလေးနက်နက် စဉ်းစားနေဟန် ရှိ၍၊


ကျွန်တော် ။               ။ ခင်မျာသိတဲ့အတိုင်း ကျွန်တော်ဒရိုင်ဘာဆိုပေမယ့် ဦးရဲခေါင်တို့ အိမ်မှာ နေတယ်ဆိုတော့ သူဘယ်သူနဲ့ သွားတွေ့တယ်၊ ဘာတွေပြောတယ်၊ ဘာတွေကြံနေတာက အစ အားလုံးသိတယ်လေ။ ခင်မျာလိုချင်ရင် ဒီထက် အတွင်းကျတာတွေတောင် ကျွန်တော် ကူညီပေးနိုင်ပါသေးတယ်…



ကိုဝင်းဇော် ။              ။ အေး၊ မင်းငါနဲ့သာ အကျိုးတူ ပူးပေါင်းရင် မင်းဝေစုအတိုင်း ရစေရမယ်။ နည်းနည်းလေးမှ မနစ်နာစေရဘူး…


ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။ ကိုဝင်းဇော်အနေနဲ့ ကုမ္ပဏီလူယုံ မန်နေဂျာတစ်ဦးအနေနဲ့ ဘ၀ရပ်တည်နေရသည်ကို နည်းနည်းလေးမှ ကျေနပ်ဟန်မရှိပေ။ ဒီလူက တော်တော်ကို လောဘကြီးတဲ့လူ ဦးရဲခေါင်ကို ပုဆိုးကွင်လုံးမကျန်အောင် ဖြုတ်ချင်ပုံရသည်။ သို့ပေမယ့် သူတစ်ယောက်ထဲနဲ့ ဦးရဲခေါင်ကို ယှဉ်ပြိုင်၍ မရမှန်းသိ၍ ကျွန်တော် အကူအညီကို လက်ခံလိုက်ခြင်းဖြစ်သည်။ ဦးရဲခေါင်၊ ဦးရဲခေါင် ခင်မျာမို့ ကိုဝင်းဇော်လို လူမျိုးကို လူယုံအဖြစ်ထားထားတာကိုးဟု တွေးရယ်နေသည်။


——————————————————————–


ထို့နောက် အိမ်သော်တာကို ကျောင်းပြန်သွားကြိုရန် ထွက်လာခဲ့သည်။ အိမ်သော်တာ ကားပေါ်တက်တက်ခြင်း ရှက်နေပုံရပြီ မျက်နှာကို အတင်းငုတ်ထားပြန်သည်။ ကားကို အိမ်သို့ မမောင်းသေးပဲ အေးအေးဆေးဆေး စကားပြောလို့ရနိုင်မည့် နေရာသို့ မောင်းလာခဲ့ပြီမှ ကားကို စက်ရပ်ကာ၊


ကျွန်တော် ။               ။ အိမ်သော်တာ၊ ငါကို ကြည့်ပါအုန်းဟာ…


အိမ်သော်တာ ။           ။ ငါနင်ကို မုန်းတယ်…



ကျွန်တော် ။               ။ မနေ့ညက ကိစ္စ ငါတောင်းပန်ပါတယ်။ နင်က အရမ်းလှတော့ ငါစိတ်မထိန်းနိုင် ဖြစ်သွားလို့ပါ…


ဟုပြောလိုက်မှ မျက်ရည်လေး ၀ဲရင်း ကျွန်တော် မော့ကြည့်သည်။ သူမ ကျွန်တော်ကို အရမ်းချစ်နေသည့်အတွက် သူမအပေါ် အခွင့်ရေးယူ၊ အမြတ်ထုတ်သွားသည်ကို အပြစ်မမြင်ရက်ပုံရသည်။ သူမ ကျွန်တော်ရင်ခွင်ထဲ တိုးဝင်ကာ အားရပါးရ ငိုချနေတော့သည်။ ကျွန်တော် သူမဆံပင်လေးတွေကို ပွတ်သတ်ပေးရင်း၊


ကျွန်တော် ။               ။ စိတ်ချပါ။ ငါနင်ကို တာဝန်ယူမှာပါ…


ပြန်ပြောလိုက်သည်။ ဒေါ်သီတာ ခုခင်မျာသမီး ခုကျွန်တော် လက်ခုပ်ထဲက ရေဖြစ်သွားပြီ။ ကျွန်ုပ် မှောက်ချင်သလို မှောက်၊ လှန်ချင်သလို လှန်လို့ရတယ်၊ ဟားဟားဟားဟု စိတ်ထဲမှနေ ဒေါ်သီတာကို လှောင်ရယ်နေသည်။ ဒီလိုနဲ့ အိမ်သော်တာ ဆယ်တန်းစာမေးပွဲ ဖြေရမည့်အချိန်သို့ ပြန်ရောက်လာပြန်သည်။ ဒီနှစ်တော့ ကျွန်တော် သူမကို သေချာသင်ပြပေးထားတာမို့ ကောင်းမွန်စွာဖြေဆိုနိုင်သည်။ ဦးရဲခေါင်ရဲ့ အတွင်းရေးမှန်သမျှကို စပိုင်လုပ်ပြီ ကိုဝင်းဇော်ကို သတင်းပေးပို့သည်။ ခုထိတော့ ကျွန်တော် မျှော်မှန်းထားသလို အရာအားလုံးဟာ ချောမွေ့နေသေးသည်။ ဒေါ်သီတာ ခေါ်သံကြား၍ အိမ်ပေါ်သို့ တက်လာခဲ့သည်။


ဒေါ်သီတာ ။              ။ ဟဲ့ ထင်ရှား၊ ဒီနေ့ ငါမိတ်ဆွေတစ်ယောက်ရဲ့သား အိမ်လာလိမ့်မယ်။ အဲဒါ နင်ခြံတံခါးဖွင့်ဖို့ စောင့်နေအုန်း။ ဟိုက ကားဟွန်းတီးမှ မကြားပဲနေမယ်…


ကျွန်တော် ။               ။ ဟုတ်ကဲ့…



အောက်သက်သက်ဖြင့် ထွက်လာခဲ့သည်။ ဘယ်သူမို့ ဒီလောက်ကြီး အကဲပိုပြနေလည်း မသိပါဘူး၊ ဒီမိန်းမကြီးဟု စိတ်ထဲမှ ကြိမ်းဆဲနေမိသည်။ ခဏနေတော့ မာစီတီကားအနီလေး တစ်စီး ကျွန်တော်တို့ ခြံရှေ့တွင် ဟွန်းတီးသံကြား၍ ထွက်လာပြီ ခြံတံခါးဖွင့်ပေးလိုက်သည်။ ထိုကားပေါ်မှ ရုပ်ရည် သန့်သန့်ပြန့်ပြန့် အသက် ၃၀ဆယ်ဝန်းကျင် အမျိုးသားတစ်ဦး ဆင်းလာသည်။ သူလက်ထဲမှာလည်း လက်ဆောင်ပစ္စည်းတွေ ကိုင်ထားသေးသည်။ ဒေါ်သီတာ ပျာပျာသလဲလဲ ပြေးဆင်းလာကာ၊


ဒေါ်သီတာ ။              ။ မောင်ရဲနိုင် လာလာ။ သမီးအိမ်သော်တာလည်း အပေါ်မှာ ရှိတယ်။ အိမ်သော်တာရေ ဒီမှာ မောင်ရဲနိုင် ရောက်နေတယ်…


ဒီလူကို ကျွန်တော် အရင်က အိမ်ဝင်အိမ်ထွက်လုပ်သည်ကို တစ်ခါမှ မမြင်ဖူးပေ။ သူက ဘယ်သူပါလိမ့်၊ ဘာလို့ ဒေါ်သီတာက ဒီလောက်ထိ အရေးပေးသည်ဟု စဉ်းစားရခက်နေသည်။ တော်တော်ကြာမှ ထိုလူအိမ်ပေါ်မှ ပြန်ဆင်းလာသည်။ ဒေါ်သီတာနဲ့ အိမ်သော်တာလည်း သူနောက်မှ ပါလာသည်။ အိမ်သော်တာကတော့ မျက်နှာသိပ်တော့ မကောင်းလှပေ။


ထိုလူပြန်သွားပြီကတည်းက ဒေါ်သီတာရှိနေတာမို့ အိမ်သော်တာနဲ့ ကျွန်တော် စကားပြောခွင့်မရပေ။ ကိုရဲနိုင်ဆိုတဲ့ လူက ဘယ်သူလည်းလို့ သိချင်စိတ်ကို မချုပ်တီးနိုင်တော့ပဲ၊ ညမိုးချုကြီး အိမ်သော်တာ အခန်းရှိရာသို့ ၀ရံတာမှ ကျော်ခွပြီ ၀င်လာခဲ့သည်။ အိမ်သော်တာ ပြတင်းပေါက်ကို လက်ဖြင့် အသာလေး ခေါက်လိုက်ရာ၊


အိမ်သော်တာ ။           ။ ထင်ရှား၊ နင်ဒီမှာ ဘာလုပ်နေတာလဲ…


ကျွန်တော် ။               ။ မြန်မြန်ဖွင့်စမ်းပါ…



အိမ်သော်တာ သူမရဲ့ ၀ရံတာတံခါးကို အမြန်ဖွင့်ပေးလိုက်သည်။ အိမ်သော်တာ အိပ်ခန်းထဲသို့ ဒါကျွန်တော် ပထမဆုံးအကြိမ် ရောက်ဖူးတယ်ဆိုလည်း မမှားပေ။ ရနှစ်သားကတည်း ဒီအိမ်ကြီးမှာ နေလာခဲ့ပေမယ့် သူတို့နဲ့ တမိုးအောက်မှာ တူတူနေခဲ့ရတာမျိုး မဟုတ်သလို၊ ကျွန်တော်က ကားဂိုဒေါင်အပေါ်ထပ်မှာ နေရသည်။ အိမ်သော်တာ စိတ်ပူလေဟန်ဖြင့်၊


အိမ်သော်တာ ။           ။ ဖေဖေတို့သိသွားမှ ဒုက္ခပါပဲ။ နင်ပြောစရာရှိ၊ မနက်မှ ပြောတာမဟုတ်ဘူး…


ကျွန်တော် ။               ။ မရဘူးဟာ။ ငါသိချင်လွန်းလို့ ဒီရင်ဘတ်က ပလောင်ဆူနေပြီ ညနေက လာတဲ့လူက ဘယ်သူလဲ။ ဘာလို့ နင်အမေက သူကို ဒီလောက် အရေးပေးနေတာလဲ…


အိမ်သော်တာ ။           ။ ဟို၊ ငါနဲ့မိဘချင်း သဘောတူထားတဲ့သူ…


ကျွန်တော် ။               ။ ဘာ… ဘာပြောတယ်…



ပါးစပ်မှ တောက်တစ်ချက်ခေါက်လိုက်ပြီ ဒေါ်သီတာ၊ ဒေါ်သီတာ ဒီတစ်ခါတော့ ခင်မျာ ကျွန်ုပ်ထက် ကျားကွက်တစ်ကွက် စောရွှေ့လိုက်ပြီပေါ့လေဟု အံ့ပါကြိတ်လိုက်သည်။


အိမ်သော်တာ ။           ။ ထင်ရှားရယ်၊ တိုးတိုးပြောပါဟယ်။ ငါသူကို မကြိုက်ပါဘူး…


ကျွန်တော် ။               ။ ဒါနဲ့ ငါသူကို အရင်ကတခါမှ မမြင်ဖူးပါဘူး…


အိမ်သော်တာ ။           ။ နင်ဘယ်မြင်ဖူးပါ့မလဲ၊ ဟိုတစ်ခါ ငါဖေဖေတို့နဲ့ မန္တာလေးလိုက်သွားတုန်းက တွေ့ခဲ့တာ။ သူဘာလို့ ရန်ကုန်ကို လာလဲတော့ ငါလည်း သေချာမသိဘူး…


ကျွန်တော် ။               ။ ဒါနဲ့ ဒီကောင်က ဘာအလုပ်လုပ်လဲ…



အိမ်သော်တာ ။           ။ သူက မန္တာလေးမှာ နံမည်ကြီး ရှေ့နေ ဆိုလားပဲ။ သူကသာ တဖက်သက် ကြိုက်နေတာ၊ ငါမကြိုက်တာ သေချာပါတယ် ထင်ရှားရယ်။ ငါက နင်ကိုပဲ ချစ်တာပါ…


ဟုပြောရင်း မျက်လွှာလေးကို အောက်ချလိုက်သည်။ ရှေ့နေဟုတ်လား၊ ဒီကောင် ကျွန်တော်ကို ဘယ်လို ယှဉ်ပြိုင်မည်ကို စောင့်ကြည့်လိုက်ချင်သေးသည်ဟု တွေးကာရင်း မဲ့ပြုံးပြုံးလိုက်သည်။ ဒီလိုအချိန်တွေမှာ အိမ်သော်တာကို လစ်လျှူရှုထားလို့ မဖြစ်ပေ၊ သူကို ပိုဂရုစိုက်ပေးဖို့ လိုသည်မို့ သူမပခုံးနှစ်ဖက်ကို ဆုတ်ကိုင်လိုက်ပြီ၊


ကျွန်တော် ။               ။ နင်ငါကို မခွဲသွားပါနဲ့ဟာ။ ငါလေ နင်မရှိရင် သေမှာ…


ဟု ပြောရင်း ကွန်တော်ရင်ဆွဲထဲသို့ အိမ်သော်တာကို ဆွဲသွင်းလိုက်သည်။ ဒေါ်သီတာ၊ ဒေါ်သီတာ ခင်မျာကြီးကို ကျားကွက်ရွှေ့ခွင့် ကျွန်ုပ်နည်းနည်းလေးမှ မပေးနိုင်ဘူးဟု တွေးရင်း အိမ်သော်တာကို ကုတင်ပေါ်သို့ လှဲချလိုက်ပြန်သည်။ သူမကို ခုပဲ ၀ါးမျိုးတော့မည့် အကြည့်ဖြင့် စိုက်ကြည့်နေရာ အိမ်သော်တာ မျက်လုံးမှိတ်ရင်း မျက်နှာလွှဲသွားသည်။ ငါနင်ကို အခွင့်အရေး တမင်ယူချင်လို့ မဟုတ်ပါဘူး၊ ဒါပေမယ့် ငါလုပ်ကို လုပ်ရမယ်။ ဒီတစ်ခါတော့ သူမ လုံးဝမငြင်းဆန်ပေ။


သို့သော် ဒီရှေ့နေ့ဆိုတဲ့ကောင် ရန်ကုန်ပြန်လာပြီကတည်း မျက်စိနှောက်လောက်အောင် အိမ်ဝင်အိမ်ထွက် လုပ်နေတာရော၊ အိမ်သော်တာနဲ့ တူတူ သွားလာနေသည် အားလုံးကို ကျွန်တော် နည်းနည်းလေးမှ ကြည့်လို့မရပေ။ ထိုချိန် ဦးရဲခေါင် အိမ်ပေါ်မှ ဆင်းလာပြီ၊


ဦးရဲခေါင် ။                 ။ ထင်ရှား၊ မင်းငါကားဆေးရင်း မောင်ရဲနိုင်ကားပါ ဆေးပေးလိုက်စမ်းပါ…



ကျွန်တော် ။               ။ ဟုတ်ကဲ့…


ဟုပြောပြီ တောက်၊ ဒီကောင်ကားကို ငါက ဆေးပေးရအုန်းမယ်ဟု အံ့ပါ ကြိတ်လိုက်မိသည်။ ဒါပေမယ့် ကျွန်တော် ဘယ်တတ်နိုင်ပါ့မလဲ သူတို့ခိုင်းတာ လုပ်ရုံသာ ရှိ၍ ဆေးပေးရပြန်သည်။ ခဏနေတော့ ကိုရဲနိုင်နဲ့ အိမ်သော်တာ အိမ်ပေါ်မှ တူတူဆင်းလာကြသည်။ ကိုရဲနိုင်ကားကို ဆေးပေးနေရသော ကျွန်တော်ကိုကြည့်ပြီ အိမ်သော်တာ စိတ်မကောင်းဖြစ်သွားပုံရသည်။ ကိုရဲနိုင်ဆိုတဲ့ လူကတော့ စပ်ဖြီးဖြီး မျက်နှာနှင့်၊


ကိုရဲနိုင် ။                  ။ ဟာ၊ ကားလေးက ခုမှပဲ လှသွားတော့တယ်။ ကျေးဇူးကွာ…


ပြောရင်း သူလက်ကိုင်အိတ်ထဲမှ ငွေနှစ်ထောင်ကို ထုတ်ကာ ကျွန်တော်ကို ပေးလိုက်သည်။ ဒီနေ့တော့ ကျွန်တော် သူတောင်းစားလုံးလုံးကြီးကို ဖြစ်သွားတော့သည်။ လာပေးသော ငွေနှစ်ထောင် လက်ဖြင့် ပြန်ပုတ်ချလိုက်ပြီ၊


ကျွန်တော် ။               ။ ကျွန်ုပ်က စေတနာနဲ့ လုပ်ပေးတာ။ ငွေနဲ့ တန်ဖိုးမဖြတ်ပါနဲ့…


ဟုပြောရင်း ကားသုတ်ပေးနေသော အ၀တ်ကို နံရံသို့ ပစ်ပေါက်၍ စိတ်တိုတိုဖြင့် ထွက်လာခဲ့သည်။



ကိုရဲနိုင် ။                  ။ အိမ်သော်တာ၊ ဒီလူက တစ်မျိုးပါ့လား…


အိမ်သော်တာ ။           ။ ကိုရဲနိုင်ကလည်း ကိုရဲနိုင်ပဲလေ။ ထင်ရှားက စေတနာနဲ့ လုပ်ပေးတာ၊ ဒီလို လုပ်စရာလား…


ကိုရဲနိုင် အံ့အားသင့်သွားပုံဖြင့် တခုခုစဉ်းစားပြီမှ၊


ကိုရဲနိုင် ။                  ။ ကိုအတွေးများသွားလို့ပါကွာ။ သူကို ကိုယ်တောင်းပန်တယ် ပြောလိုက်နော်…


အိမ်သော်တာ ။           ။ အင်းအင်း…



အဲဒီနေ့ကစပြီ ကိုရဲနိုင်နဲ့ ကျွန်တော် အမြင်မကြည်လင်မှုတွေ ပိုမိုပြင်းထန်လာသည်။ အိမ်သော်တာက ကျွန်တော်ဘက်မှ အမြဲကာကွယ် ပြောဆိုသည်ကိုလည်း သူသိပ်သဘောကျပုံ မပေါ်ပေ။ အရေးထဲ အိမ်သော်တာနဲ့ ကျွန်တော် တရင်းတနှီး စကားပြောနေသည်ကို သူအိမ်လာတုန်း တွေ့သွားသေးသည်။ ဒီနေ့တော့ အိမ်သော်တာ မရှိချိန်တွင် အိမ်သို့ရောက်လာပြန်၍ အပေါက်ဝမှ ဆီးကြိုပြီ၊


ကျွန်တော် ။               ။ အိမ်သော်တာ မရှိဘူး…


ကိုရဲနိုင် ။                  ။ အိမ်သော်တာ မရှိလည်း အန်တီသီတာတော့ ရှိတယ် မဟုတ်လား…


ကျွန်တော် ။               ။ ဒေါ်သီတာလည်း မရှိဘူး…


ကိုရဲနိုင် ။                  ။ ဒါဆိုလည်း အိမ်ထဲက စောင့်နေလိုက်မယ်…



ကျွန်တော် ။               ။ ခင်မျာနဲ့တော့ ခက်သားပဲ။ မရှိပါဘူးဆိုမှ ပြန်တာ မဟုတ်ဘူး…


ကျွန်တော် စကားကြောင့် ကိုရဲနိုင် မျက်မှောင် တစ်ချက်ကုတ်သွားပြီ ကားပေါ်မှ ဆင်းလာကာ၊


ကိုရဲနိုင် ။                  ။ နေပါအုန်း၊ မင်းက ဒီအိမ်က ဒရိုင်ဘာလား၊ သူဌေးလားကွ…


ကျွန်တော် ။               ။ ကျွန်ုပ်ဘာသာ ဘာပဲဖြစ်ဖြစ် ခင်မျာနဲ့ ဆိုင်တာ မှတ်လို့…


ကိုရဲနိုင် ။                  ။ ဒီကောင်တော့ကွာ ငါလုပ်လိုက်ရ…



ကျွန်တော်ကို ကိုယ်ထိလက်ရောက် ထိုးဖို့ ကြိုးစားသဖြင့် သူမထိုးခင်ပင် သူကို ကျွန်တော်ကပဲ အရင်ဆွဲထိုးလိုက်တော့သည်။ ထိုလူကို အိမ်သော်တာနား ရစ်သီရစ်သီ လုပ်နေကတည်းက ထိုးချင်နေတာ ကြာပြီ၊ ခုမှ ထိုးလိုက်ရ၍ ဘယ်လို နေလို့ထိုင်လို့ ကောင်းမှန်းကို မသိပေ။ ထိုချိန် ဒေါ်သီတာနှင့် အိမ်သော်တာတို့ ကားရောက်လာပြီ ထိုမြင်ကွင်းကို မြင်သွားတော့သည်။ ဒေါ်သီတာ နှင့် အိမ်သော်တာ အမြန်ကားပေါ်မှ ပြေးဆင်းလာကာ၊


ဒေါ်သီတာ ။              ။ အမယ်လေးဟဲ့၊ ထင်ရှား နင်ဘယ်လိုလုပ်လိုက်တာလဲ…


ကျွန်တော် ။               ။ ကျွန်တော်ကို အရင်ထိုးဖို့ လုပ်တာကိုး…


ဒေါ်သီတာ ။              ။ ဗျန်း…


ကျွန်တော်ပါးကို အားရပါးရလွှဲရိုက်လိုက်ပြီ သူအရမ်းတော်ချင်နေတဲ့ သမက် ကိုရဲနိုင်ကျေနပ် သွားအောင်အထိ တောင်းပန်နေသည်။ အိမ်သော်တာကတော့ အလယ်ကနေ ဘာလုပ်ရမှန်း မသိဖြစ်နေ၍ ကျွန်တော် စိတ်တိုတိုဖြင့် အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ တဖြည်းဖြည်းနဲ့ သူတို့အပေါ် နားကြည်းချက်တွေ ပိုမိုပြင်းထန်လာလေ၊ လက်စားချေဖို့ ပိုအားသန်လေပင်။ ဒေါ်သီတာ ထိုကိစ္စနဲ့ပတ်သက်ပြီ ကျွန်တော်အပေါ် အမြင်မကြည်လင်မှု ပိုမိုပြင်းထန်လာသည်။ ကိုရဲနိုင်ဆိုတဲ့လူက ကျွန်တော်ဒီအိမ်မှာ ရှိရင် အိမ်မလာချင်ဘူး ဘာညာနဲ့ တော်တော်ကို မိန်းမလို၊ မိန်းမရ ဆန်တဲ့လူပဲဟု တွေးကာ လှောင်ရယ်နေစဉ်၊


အိမ်သော်တာ ။           ။ ထင်ရှား..



ကျွန်တော် ။               ။ ဘာလဲ…


အိမ်သော်တာ ။           ။ ဒုက္ခပါပဲ၊ ငါကို ကိုရဲနိုင်နဲ့ အတင်းပေးစားဖို့ စီစဉ်နေကြပြီ။ တဘက်ခါ ကိုရဲနိုင်မိဘတွေ အိမ်လာပြီ မင်္ဂလာရက်လာရွေးကြမှာ။ ငါတို့ ဘယ်လိုလုပ်ကြမလဲဟင်…


ကျွန်တော် ။               ။ တောက်…


ဒီလိုလွယ်လွယ်နဲ့ ကျွန်တော်ရဲ့ ကစားကွက်တွင် ဘာမဟုတ်တဲ့ကောင်က ၀င်ရှုပ်တာ မခံနိုင်ပေ။ ဒါကြောင့် အိမ်သော်တာလက်ကို ဆွဲကိုင်လိုက်ရင်း၊


ကျွန်တော် ။               ။ နင်ငါနဲ့ လိုက်ခဲ့…



အိမ်သော်တာ ။           ။ ဟင်၊ ငါက ဘယ်ကို လိုက်ရမှာလဲ…


ကျွန်တော် ။               ။ ခိုးရာလိုက်ခဲ့ဖို့ ပြောနေတာ…


အိမ်သော်တာ ။           ။ ဖြစ်ပါ့မလားဟယ်…


ကျွန်တော် အိမ်သော်တာ မေးစေ့ကို ကိုင်ရင်း မော့ကြည့်ခိုင်းလိုက်ပြီ၊


ကျွန်တော် ။               ။ နင်ငါကို မချစ်ဘူးလား…



အိမ်သော်တာ ။           ။ ချစ်တာပေါ့၊ ငါနင်ကို ချစ်လွန်းလို့ ငါဘ၀တစ်ခုလုံး ပေးခဲ့တာပဲ…


ကျွန်တော် ။               ။ ဒါဆို မနက်ဖြန် ဆယ်တန်းအောင်စာရင်း သွားကြည့်ရင်.x.x.x.x.x.x.x.x.x…


အိမ်သော်တာကို ဆွဲထားသည့် ကျွန်တော်အစီအစဉ်ကို ပြောပြလိုက်သည်။ သူမက ကျွန်တော်နဲ့ ခွဲရမှာ အရမ်းကြောက်နေတော့ လုံးဝမငြင်းဆိုပြီ အစီအစဉ်ကို လက်ခံသည်။ နောက်နေ့ စီစဉ်ထားသည့်အတိုင်း ဆယ်တန်းအောင်စာရင်းကြည့်သည့် နေရာသို့ တစ်ယောက်ထဲ ရောက်လာခဲ့သည်။ သူမ ဒီနှစ်ဆယ်တန်းအောင်ပြီမို့ အပျော်ကြီး ပျော်နေရှာသည်။ ကျွန်တော်လည်း သူမကို အဝေးတစ်နေရာသို့ ခေါ်လာခဲ့သည်။ ကျွန်တော်အသိတစ်ယောက်အကူညီဖြင့် ဦးရဲခေါင်၊ ဒေါ်သီတာတို့ ဘယ်လိုမှ လိုက်မရှာနိုင်တဲ့ တစ်နေရာတွင် တိုက်ခန်းဌါးထားလိုက်သည်။


ကျွန်တော် ။               ။ လာ၊ ဒါငါဌါးထားတဲ့အခန်းပဲ။ ဒီနေရာကို နင်မိဘတွေ ဘယ်လိုမှ သိစရာ အကြောင်းမရှိဘူး…


သူမ တိုက်ခန်းကို ဟိုကြည့်၊ ဒီကြည့် လျှောက်ကြည့်ပြီ၊


အိမ်သော်တာ ။           ။ ထင်ရှား၊ ငါကြောက်တယ်…



ကျွန်တော် ။               ။ ဘာမှမကြောက်နဲ့ ငါရှိတာပဲ။ ငါပြောတဲ့အတိုင်းရော စာရေးခဲ့လား…


အိမ်သော်တာ ။           ။ အင်း ရေးခဲ့တယ်…


ကျွန်တော် ။               ။ ဒါဆို ဘယ်သူမှ မရိပ်မိခင် ငါအိမ်ပြန်လိုက်အုန်းမယ်။ နင်ဆီ ညနေကျ တစ်ခေါက် ပြန်လာခဲ့မယ်…


အိမ်သော်တာ ။           ။ နင်မပြန်လို့ မရဘူးလားဟင်။ ငါနင်နဲ့ဆို ဆင်းဆင်းရဲရဲလည်း နေနိုင်ပါတယ်ဟယ်…


ကျွန်တော် ။               ။ မရဘူး။ ဦးရဲခေါင်နဲ့ဒေါ်သီတာသာ ငါနဲ့နင် ခိုးပြေးသွားမှန်းသိရင် ငါတို့ကို ရှင်ခွဲခွဲကြမှာ။ နင် ငါကိုတကယ် ချစ်ရင် ငါပြောတဲ့အတိုင်း လုပ်ပါဟာနော်…



အိမ်သော်တာကို ချော့မော့ကာ ထိုအခန်းတွင် ထားခဲ့လိုက်သည်။ ကျွန်တော်ကလွှဲလို့ မည်သူမှကို တံခါး မဖွင့်ပေးရန်လည်း မှာထားခဲ့သည်။ သူမကို တစ်ယောက်ထဲ ထားခဲ့ရ၍ ကျွန်တော် စိတ်ပူမိသော်လည်း ငါလက်စားချေမယ့် အစီအစဉ် အောင်မြင်တော့မှာပါ၊ နင်နည်းနည်းတော့ သည်းခံလိုက်အုန်းပေါ့ အိမ်သော်တာရယ်ဟု စိတ်ထဲမှ ရေရွှတ်လိုက်သည်။ ဦးရဲခေါင်၊ ဒေါ်သီတာ ခင်မျာတို့အတွက် လှိုဝှက်ဖဲတစ်ခုချန်ထား ပါသေးတယ်။ ဒီဖဲကို အချိန်ကျတဲ့အခါမှ ကျွန်တော် လှန်ရတော့မှာပေါ့ဟု တွေးပြုံးနေမိသည်။ ကျွန်တော်ကတော့ အိနြေ္ဒမပျက် ရုံးမှာ ပြန်သွားနေနေသည်။ ဦးရဲခေါင်နဲ့ ကျွန်တော် အိမ်ထဲ ကားဝင်လာတော့ ဒေါ်သီတာတစ်ယောက် အရူးတစ်ပိုင်းလို အိမ်ပေါ်မှ ပြေးဆင်းလာပြီ၊


ဒေါ်သီတာ ။              ။ ကိုကြီးရယ်၊ လုပ်ပါအုန်း။ ကိုယ်ကျိုးနည်းပါပြီ ကိုကြီးရယ်…


ဦးရဲခေါင် ။                 ။ သီတာ ဘာတွေဖြစ်လို့လဲ သေသေချာချာပြောစမ်း…


ဒေါ်သီတာ ။              ။ ဒီမှာ အိမ်သော်တာ သူခေါင်းအုံးအောက်မှာ ထားခဲ့တဲ့စာ။ မောင်ရဲနိုင်ကို လက်မထပ်နိုင်တာမို့ သူချစ်တဲ့သူနောက် ခိုးရာလိုက်ပြေးသွားပြီတဲ့လေ…


ဦးရဲခေါင်လည်း ပျာယာခတ်သွားကာ ဒေါသတကြီးဖြင့်၊


ဦးရဲခေါင် ။                 ။ မင်းကွာ။ အမေဖြစ်ပြီ ကိုယ်သမီးမှာ ချစ်သူရှိတာ ဘာတွေ မသိဘူးလားကွ…



ဒေါ်သီတာ ။              ။ ကျွန်မလည်း တကယ်မသိဘူး…


ဟုပြောရင်း ဒေါ်သီတာ မျက်လုံးအကြည့်သည် ကျွန်တော်ဆီသို့ ဦးတည်လာ၍ ကျွန်တော် မသိချင်ယောင်ဆောင်နေလိုက်သည်။ ဒေါ်သီတာတို့ မျက်ရည်ဇာတ်ခင်းရသည့် ဘ၀သို့ ရောက်သွားတော့သည်။ ခဏနေတော့ ကိုရဲနိုင်လည်း အိမ်ရောက်လာပြီ၊


ကိုရဲနိုင် ။                  ။ အန်တီရာ ဘယ်လိုဖြစ်တာလဲ။ အိမ်သော်တာ လုပ်ရက်တယ်ဗျာ…


ဒေါ်သီတာ ။              ။ အန်တီကပဲ ကြားကနေ တောင်းပန်ပါတယ် သားရယ်…


ဦးရဲခေါင် ။                 ။ အေး၊ အန်ကယ်တို့ ကိုယ်သမီး ကိုယ်မထိန်းနိုင်တာ၊ မင်းမိဘတွေကို ဘယ်လို မျက်နှာပြရမှန်းကို မသိပါဘူးကွာ…



ကိုရဲနိုင် လာပြီ သနားအောင် အသဲတွေကွဲပြနေတော့သည်။ ရှေ့နေဆိုတဲ့အတိုင်း ကျွန်တော်ကို တရားခံတစ်ယောက်ပမာ မယုံသင်္ကာသောအကြည့်ဖြင့် စေ့စေ့ကြည့်ရင်း၊


ကိုရဲနိုင် ။                  ။ ဦးရဲခေါင်၊ ကျွန်တော်တော့ ဒီကောင်ကို နည်းနည်းလေးမှ မယုံဘူး။ ဟိုတစ်ခါ ကျွန်တော်အိမ်လာတုန်းက အိမ်သော်တာနဲ့သူနဲ့ ရင်းရင်းနှီးနှီး စကားပြောနေတာ တွေ့လိုက်တယ်။ အိမ်သော်တာ ခိုးရာလိုက်ပြေးသွားတာ သူစနက်ပဲ ဖြစ်မယ်…


ကျွန်တော် ။               ။ ဟာ၊ မဟုတ်တာ။ ကျွန်တော်လည်း တကယ်ဘာမှ မသိပါဘူး။ တနေကုန် ကျွန်တော် ရုံးမှာရှိတာ ဦးရဲခေါင် အသိပါ…


တကယ် ရိုးသားဟန်ဖြင့် ဟန်ဆောင် ပြောရတော့သည်။ ဒေါ်သီတာကတော့ စကတည်း ကျွန်တော်ကို ယုံသူမဟုတ်၍၊


ဒေါ်သီတာ ။              ။ ဟုတ်တယ် မောင်ရဲနိုင်ပြောတာ ဖြစ်နိုင်တယ်။ ကျွန်မလည်း ထင်ရှားကို မယုံဘူး…


ဦးရဲခေါင်ကလည်း ကျွန်တော်ကို လှမ်းကြည့်လိုက်ပြီ၊



ဦးရဲခေါင် ။                 ။ ထင်ရှားက တစ်နေကုန် ရုံးမှာ ရှိနေတာ။ သူကူညီတာတော့ မဖြစ်နိုင်ဘူး ထင်တယ်…


ဟုပြောလိုက်မှ ကျွန်တော် အသက်ရှုချောင်သွားတော့သည်။ ဦးရဲခေါင် ကျွန်တော်ကို ယုံအောင် ကိုဝင်းဇော်ကို အကူအညီ ပြန်တောင်းထားရသေးသည်။ ကိုရဲနိုင်ကတော့ အိမ်သော်တာကို မရရအောင် လိုက်ရှာပြီ ပြန်ယူမယ်၊ ဘာညာဆိုပြီ ကြိမ်းဝါးပြီ အိမ်မှ ထွက်သွားတော့သည်။ ပြသာနာတွေ အကုန်ရှင်းပြီ  အေးအေးဆေးဆေးဖြစ်သွားချိန်မှ အိမ်သော်တာရှိရာ တိုက်ခန်းသို့ စားသောက်စရာ၊ လိုအပ်မယ့် ပစ္စည်းတွေ ၀ယ်ပြီ လာခဲ့သည်။ ကျွန်တော်မှာ အခန်းတံခါးသော့တစ်စုံ အပိုရှိသည်မို့ ဖွင့်ဝင်လာခဲ့သည်။ အိမ်သော်တာ ကျွန်တော်ကို မြင်တော့ ငိုမဲ့ငိုမဲ့ဖြင့်၊


အိမ်သော်တာ ။           ။ ထင်ရှား နင်မလာတော့ဘူး ထင်နေတာ။ ဟိဟိဟိ…


ကျွန်တော် ။               ။ ဟာ ငါက ဘာလို့ မလာရမှာလဲ။ အခြေအနေ တည်ငြိမ်သွားအောင် စောင့်ကြည့်နေရသေးတယ်ဟ…


အိမ်သော်တာ ။           ။ ဖေဖေနဲ့မေမေရော ငါကို အရမ်းစိတ်ဆိုး နေကြလားဟင်…



ကျွန်တော် ။               ။ အစကတော့ စိတ်ဆိုးပေမယ့် ခုတော့ တည်ငြိမ်သွားပါပြီ။ ရော့ နင်လိုမယ်ထင်တာတွေ အကုန်ငါဝယ်လာတယ်…


အိမ်သော်တာ ။           ။ ဒီပစ္စည်းတွေ ၀ယ်ဖို့ နင်မှာ ပိုက်ဆံရှိရဲ့လား…


သူမ စိတ်ပူပြီ မေးသော်လည်း ကျွန်တော်ကတော့ မျက်နှာပျက်သွားသည်။ ဦးရဲခေါင် အတွင်းရေးတွေကို သတင်းပေးခအနေနဲ့ ကိုဝင်းဇော်ဆီမှ ငွေတွေ တော်တော်များများ ကျွန်တော် ရထားပြီပြီ ဖြစ်သည်။ ဒါကို မသိသော အိမ်သော်တာက သူလည်ပင်းမှ ဆွဲကြိုးလေးကို ချွတ်ပြီ ကျွန်တော်လက်ထဲသို့ လာထည့်ပေးကာ၊


အိမ်သော်တာ ။           ။ နင် ပိုက်ဆံလိုရင်၊ ဒါလေး ရောင်းလိုက်နော်…


မလိုပါဘူး၊ ငါမှာရှိပါတယ်ဟု ပြန်ပြောချင်သော်လည်း ဒီပိုက်ဆံတွေ ဘယ်ကရသည်ကို သူမ မေးမှာကိုလဲ မလိုလားသည်နှင့် ခေါင်းညိတ်ပြီ ယူထားလိုက်သည်။


ကျွန်တော် ။               ။ နင်ဒီမှာ နေတာ အဆင်ပြေရဲ့လား။ ဘယ်သူလာလာ မဖွင့်ပေးနဲ့နော်…



အိမ်သော်တာ ။           ။ ငါသိပါတယ်။ ဒါပေမယ့် ညညဆို ငါတစ်ယောက်ထဲ အရမ်းကြောက်တာပဲ…


ကျွန်တော် ။               ။ နင်နဲ့ငါ နီးစပ်ဖို့အတွက် သည်းခံလိုက်ပါဟာ။ ခုတောင်ဒေါ်သီတာတို့က ငါကို သိပ်ယုံတာ မဟုတ်တော့ နေ့တိုင်းတော့ ငါနင်ဆီ လာနိုင်မှာမဟုတ်ဘူး။ တရက်ခြားတစ်ခါတော့ ကြိုးစားပြီ လာခဲ့ပါမယ်…


ကျွန်တော်စကားကြောင့် အိမ်သော်တာ မျက်နှာညှိုးငယ်သွားသည်။ ဦးရဲခေါင်နဲ့ ဒေါ်သီတာ ထိုကိစ္စတွေကို မရိပ်မိခင် ကျွန်တော် လက်စားချေမယ့်လုပ်ငန်းကို အမြန်ဆုံး အကောင်ထည်ဖော်မှ ဖြစ်မည်။ ကံကကောင်းချင်တော့ ဦးရဲခေါင်လည်း အလုပ်ကိစ္စတစ်ခုနှင့် နိုင်ငံခြားကို ရှေ့အပတ် သွားဖို့ရှိခြင်းဖြစ်သည်။ ဒေါ်သီတာလည်း အိမ်သော်တာစိတ်နဲ့ သောကရောက်နေသည်မို့ ကျွန်တော်ကို အရင်ကလို မျက်ခြေမပျက် မစောင့်ကြည့်နိုင်ကြတော့ချေ။


ကိုဝင်းဇော် ။              ။ ငါမှာ ဦးရဲခေါင်ရဲ့ တံဆိပ်တုံးရှိတယ်။ ထင်ရှား ငါတို့လိုတဲ့ စာရွက်စာတမ်းသာ မင်းယူပေးနိုင်ရင် ပွဲက လုံးဝပြီသွားပြီ။ မင်းဘ၀တစ်ခုလုံးလည်း ပြောင်းလဲသွားစေရမယ်…


ကျွန်တော် စိတ်ထဲတွင် ကျွန်တော်ဘ၀ပြောင်းလဲဖို့ထက် ဦးရဲခေါင်နဲ့ဒေါ်သီတာ ဘ၀ပြောင်းလဲသွားဖို့က အရေးကြီးပါတယ်ဟု တွေးရင်း၊


ကျွန်တော် ။               ။ စိတ်ချပါ။ ရှေ့အပတ်အတွင်း ခင်မျာလိုချင်တာ အကုန်ရစေရမယ်…



ကိုဝင်းဇော်ပြောပြချက်အရ သူရဲ့အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို ဒေါ်သီတာတို့အိပ်ခန်း သံသေတ္တာထဲတွင် သိမ်းထားကြောင်းသိရသည်။ ဒါကြောင့် ဦးရဲခေါင်ရော၊ ဒေါ်သီတာပါ အိမ်က ထွက်သွားအောင် ကျွန်တော်ရဲ့ လှိုဝှက်ဖဲချက်ကို လှန်ရတော့မည်။


ဒီနေ့ ဦးရဲခေါင်ကို လေယဉ်ကွင်း လိုက်ပို့ပေးပြီသည်နှင့် အိမ်သော်တာ ဆီသို့ ပြန်လာခဲ့သည်။ သူမကြိုက်တဲ့ မုန့်တွေလည်း ၀ယ်လာပြီ အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။ သူမကို ဒီနေ့မှ သေချာကြည့်မိတော့ သူမအရမ်းကို ပင်ပန်းပြီ မျက်နှာက အရမ်းချောကျနေသည်။ ကျွန်တော် သူမလက်ကို ကိုင်ရင်း၊


ကျွန်တော် ။               ။ အိမ်သော်တာ၊ နင်ကြည့်ရတာ မျက်နှာလည်း မကောင်းဘူး။ နေမကောင်းဘူးလား…


အိမ်သော်တာ ။           ။ ငါလေ ခုတစ်လော ခံတွင်းလည်း ပျက်ပြီ တချိန်လုံး အန်နေတယ်။ ဘာမှကို စားချင်စိတ်လည်း မရှိဘူး…


ကျွန်တော် ။               ။ ဟုတ်လား၊ ဒါဆို ဒီနားမှာ ဆေးခန်းတစ်ခုတွေ့ထားတယ်။ ဒီညနေပဲ နင်သွားပြလိုက်ပေါ့…


အိမ်သော်တာ နေမကောင်းတာထက် ဦးရဲခေါင်ဆီမှ လှိုဝှက်စာရွက်စာတမ်းတွေကို ဘယ်လို ယူရမည်ကိုသာ စိတ်က ပိုရောက်နေ၍၊



အိမ်သော်တာ ။           ။ ငါဆေးခန်းသွားပြရင် နင်ရော မလိုက်ဘူးလားဟင်။ ထင်ရှား…


ကျွန်တော် ။               ။ လိုက်ချင်တာပေါ့ဟာ။ ဒါပေမယ့် ငါညနေထိ နေလို့ မရတာ နင်အသိပဲလေ။ မနက်ဖြန်မှ ငါလာခဲ့မယ်နော်။ ရော့ လိုရမယ့်ရ ပိုက်ဆံယူထား။ ပြီတော့ နင်ရွှေဆွဲကြိုးပါ ပြန်ယူထားလိုက်…


သူမရောင်းဖို့ ပေးလိုက်သော ရွှေဆွဲကြိုးကို လည်ပင်းတွင် ပြန်ဝတ်ပေးလိုက်၍၊


အိမ်သော်တာ ။           ။ နင် ငွေလို…


သူမပါးစပ်ကို ကျွန်တော်လက်ဖြင့် ဟန့်တားလိုက်ပြီ၊


ကျွန်တော် ။               ။ ဘာမှ စိတ်ပူမနေနဲ့။ ငါကိစ္စ ငါဘာသာ ဖြေရှင်းနိုင်တယ်။ နင်သာ နေကောင်းအောင်နေ…



ဟုပြောကာ သူမပါးကို အနမ်းလေးပေးပြီ အိမ်ထဲမှ ထွက်လာခဲ့သည်။ အိမ်သော်တာ တစ်ယောက်ထဲ စိတ်မကောင်း ဖြစ်မှန်း သိသော်လည်း မတတ်နိုင်ပေ။ မနက်ဖြန်ဟာ ကျွန်တော် ဘ၀အတွက် အရေးကြီးဆုံး အချိန်ဖြစ်သည်။ တစ်ဘ၀လုံး အနစ်နာခံပြီ သည်းခံခဲ့သမျှ အတိုးနဲ့ရင်းကာ ပြန်ရယူရမည်ဟု တွေးရင်းပင်။ ခက်နေတာ တစ်ခုက ဦးရဲခေါင် မရှိပေမယ့် ဒေါ်သီတာက အိမ်က လုံးဝမခွာခြင်းပင်။ ဒါကြောင့် ဒေါ်သီတာကို အိမ်က ခွာကို ခွာသွားအောင် ကျွန်တော်မှ နောက်ဆုံး လှိုဝှက်ဖဲတစ်ချက် ကျန်သေး၍၊


ကျွန်တော် ။               ။ လှန်လိုက်ပြီကွ ဂျိုကာ…


ဖုန်း ။                      ။ ကလင်၊ ကလင်၊ ကလင်…


ဖုန်းသံကြား၍ အိပ်ခန်းမှ ထွက်လာပြီ ဒေါ်သီတာ ဖုန်းကောက်ကိုင်လိုက်သည်။ ကျွန်တော် သူမမမြင်နိုင်သော နေရာမှ ချောင်းကြည့်နေသည်။


ဒေါ်သီတာ ။              ။ ဟယ်လို၊ ဘာ အိမ်သော်တာကို တွေ့ပြီဟုတ်လား။ ဘယ်နားမှာလဲ၊ အေး ခုလိုက်လာခဲ့မယ်…


ဒေါ်သီတာလည်း သမီးဇောကပ်ပြီ အိမ်မှ အမြန်ထွက်သွားတော့သည်။ ကျွန်တော် စီစဉ်ထားသည့်အတိုင်း နည်းနည်းလေးမှ မလွှဲသည်မို့ သူတို့မရှိတုန်း အခန်းသို့ ဖောက်ဝင်ပြီ သံသေတ္တာထဲမှ စာရွက်စာတမ်းကို အရယူလိုက်သည်။ ပြီသည်နှင့် စာရွက်စာတမ်းများကို ကိုဝင်းဇော်လက်ထဲသို့ အပ်လိုက်တော့သည်။ ကျွန်တော်ရဲ့ စီမံကိန်းလည်း အောင်မြင်သွားပြီမို့ အိမ်သော်တာရှိရာ အခြေအနေသိရရန် လိုက်သွားတော့သည်။ ခုလောက်ဆို ဒေါ်သီတာ အိမ်သော်တာကို ရှာတွေ့လောက်ပြီဟု တွေးပြီ ကျွန်တော်တို့ဌါးထားသော တိုက်ခန်းနားတွင် ကားကိုရပ်ပြီ တစ်ဖက်လမ်းမှ ကြည့်နေသည်။ တအောက်နေတော့ ဒေါ်သီတာ အိမ်သော်တာကို တိုက်ခန်းပေါ်မှ အတင်းဆွဲခေါ်လာပြီ ဆူငေါက်နေပုံရသည်။ အိမ်သော်တာကလည်း ငိုပြီ ဘာတွေ ပြန်ပြောနေမှန်းတော့ ကျွန်တော်မသိပေ။



တဖက်လမ်းမှနေ၍ ကျွန်တော် သူတို့အခြေအနေကို ရပ်ကြည့်နေသည်ကို အိမ်သော်တာ မမျှော်လင့်ပဲ မြင်သွားတော့သည်။ အိမ်သော်တာ ဒေါ်သီတာလက်ထဲမှ အတင်းရုန်းထွက်ကာ ကျွန်တော်ဆီ ပြေးလာမည်လို့ မထင်ထားမိပေ။ သူမ ကျွန်တော်ဆီသို့ ပြေးလာသော်လည်း ဒေါ်သီတာ ကျွန်တော်ကို မြင်သွားလျှင် ပြသာနာ ရှုပ်ကုန်မည်စိုး၍ ကားနောက်တွင် ပြန်ကွယ်နေလိုက်ချိန်တွင်၊


အသံ ။           ။ ရွှီ… ရွှီ… ဒုန်း…


ကျယ်လောင်စွာ ကားတိုက်သံကြားလိုက်မှ ပုန်းနေရာမှ အပြင်ထွက်ကြည့်ရာ ကုန်ကားကြီးရှေ့ သွေးအိုင်ထဲတွင် လှဲကျနေသော အိမ်သော်တာမြင်ပြီ ကျွန်တော်အရမ်းကို ထိတ်လန့်သွားတော့သည်။ ခြေမကိုင်နိုင်၊ လက်မကိုင်နိုင်ဖြစ်ကာ တကိုယ်လုံးလည်း တုန်ခါလာတော့သည်။


ကျွန်တော် ။               ။ ဟာ… သွားပါပြီ…


ဒေါ်သီတာလည်း အိမ်သော်တာနား အမြန်ပြေးလာပြီ အိမ်သော်တာကို ပွေ့ချီရင်း အော်ကြီးဟစ်ကျယ် ငိုကြွေးနေတော့သည်။ ကျွန်တော်လည်း သူတို့နားသို့ မသွားတော့ပဲ တစ်ယောက်ထဲ လျှောက်မိလျှောက်ရာ ထွက်လာခဲ့ပြီ၊


ကျွန်တော် ။               ။ ထင်ရှား၊ မင်းဒီချိန်မှာ တည်ငြိမ်နေဖို့လိုတယ်…



ကိုယ်မှာကို သတိပေးရင်း ကျွန်တော်မျက်နှာကို ကျွန်တော်လက်ဖြင့် အုပ်လိုက်ကာ မြေပြင်ပေါ်သို့ ခွေလှဲကျ သွားတော့သည်။ ထိုမြင်ကွင်းကို မြင်တော့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ခန့်က ကျွန်တော်အမေကို ဦးရဲခေါင်ကားနှင့်တိုက်ပြီ သတ်ခဲ့စဉ်က မြင်ကွင်းကို ပြန်မြင်ယောင်လာ၍ မျက်ရည်များပင် စီးကျလာပြီ၊ ကျွန်တော် ဘေးနံရံကို လက်သီးဖြင့် အဆက်မပြတ်ထိုးရင်း၊
ကျွန်တော် ။               ။ အိမ်သော်တာ၊ အိမ်သော်တာ။ ငါကိုခွင့်မလွှတ်ပါနဲ့ဟာ…


ဟုတွေးရင်း မျက်ရည်များ စီးကျလာတော့သည်။ ရနှစ်သားအရွယ် ဦးရဲခေါင် ရန်ကုန် ခေါ်ခဲ့စဉ်က တစ်အိမ်သားလုံး ကျွန်တော်ကို ခွဲခြား ဆက်ဆံခဲ့သော်လည်း အိမ်သော်တာ တစ်ဦးတည်းသာ ကျွန်တော်ကို နွေနွေထွေးထွေး ကြိုဆိုခဲ့သည်။ သို့ပေမယ့် သူမအပေါ် ကျွန်တော်အမြဲ မကောင်းစိတ်ဖြင့် ဒုက္ခတွေသာ ပေးခဲ့မိသည်။ ဒီနေ့လို နေ့ရက်မျိုးဖြစ်လာမယ်မှန်း သိလျှင် အိမ်သော်တာအပေါ် ကျွန်တော် ကောင်းခဲ့မိမှာပဲဟု တွေးကာ ထိုနေရာတွင်ပင် ရှိုက်ကြီးတငင် ငိုနေမိတော့သည်။


ဦးရဲခေါင်လည်း အိမ်သော်တာ ဆုံးပါးသွားတဲ့ သတင်းကို ကြားပြီ နိုင်ငံခြားမှ ပြန်ရောက်လာတော့သည်။ ဒါပေမယ့် ဦးရဲခေါင်ပြန်လာချိန်တွင် ကိုဝင်းဇော်က ဦးရဲခေါင်ရဲ့ ကုမ္ပဏီနဲ့ ပိုင်ဆိုင်မှုတွေကို တခြားတစ်ဦးတစ်ယောက်ထံ လွှဲပြောင်းရောင်းချပြီသား ဖြစ်နေတော့သည်။ သမီးလည်းရှုံး၊ ပိုင်ဆိုင်မှုတွေပါ ရှုံးပြီ အရူးတစ်ယောက်လို ဦးရဲခေါင် ဖြစ်သွားတော့သည်။ နေ့ချင်းညချင်းလို ဦးရဲခေါင်နဲ့ ဒေါ်သီတာ သူတို့နေအိမ်မှ ဆင်းပေးရပြီ မွဲပြာကျ ဆင်းရဲသွားတော့သည်။ အိမ်သော်တာအတွက် စိတ်မကောင်းဖြစ်မိသော်လည်း ဒင်းတို့ကို ကျွန်တော်လက်စားချေခွင့် ရလိုက်၍ ကျွန်တော် အတော်လေးကို ၀မ်းသာနေမိသည်။


ကတိအတိုင်း ကိုဝင်းဇော်က ကျွန်တော်ရသင့်သည့် ရှယ်ယာငွေတွေကို ခွဲပေးလိုက်၍ ကျွန်တော်က နေ့ချင်းညတွင်းပင် သူဌေးဘ၀သို့ ပြောင်းလည်သွားသည်။


—————————————————————————



 


အိပ်နေရင်းမှ ကျယ်လောင်သော အသံဖြင့် ယောင်ယမ်းကာ၊


ကျွန်တော်။               ။ အိမ်သော်တာ… အိမ်သော်တာ… အိမ်သော်တာ…


ဟုအော်ရင်း ရှုတ်တရပ် လန့်နှိုးလာတော့သည်။ ကျွန်တော်တစ်ကိုယ်လုံးမှာလည်း ချွေးသီး ချွေးပေါက်များ ကျနေသည်။ နာရီလှမ်းကြည့်တော့ ခုမှ မနက် ၄နာရီပင် ရှိသေးသည်။ ကျွန်တော် တပည့် မောင်ထူးလည်း စိတ်ပူကာ အိပ်ခန်းတံခါးကို ဖွင့်ကာ ပြေးဝင်လာပြီ၊


မောင်ထူး ။                ။ ဆရာ၊ ဘာဖြစ်လို့လဲ…


ကျွန်တော် ။               ။ ငါ အိပ်မက်မက်လို့ပါကွာ။ ဘာမှမဖြစ်ပါဘူး…



မောင်ထူး ။                ။ ကျွန်တော် ရေယူပေးရမလား ဆရာ…


ကျွန်တော် ။               ။ မလိုပါဘူး။ မင်းလည်း ပြန်သွားအိပ်တော့…


မောင်ထူး ဟုတ်ကဲ့ဟုပြောကာ အိပ်ခန်းတံခါးကို ပြန်ပိတ်ခဲ့ပေးပြီ ထွက်သွားတော့သည်။ ခုတစ်လော ငါဘာလို့ အိမ်သော်တာကိုပဲ အိမ်မက်တွေ မက်နေရပါလိမ့်ဟုစဉ်းစားနေမိသည်။ မက်လိုက်တိုင်းလည်း သူမက ကျွန်တော်ကို တစ်ခုခုဖြစ်မည်ကို သတိပေးနေသလိုပင်။ ကျွန်တော် စိတ်စွဲနေလို့ ဖြစ်မှာပါဟုတွေးကာ ရေထသောက်ပြီ ပြန်မအိပ်တော့ပဲ၊ ကုမ္ပဏီ စာရင်းတွေကို စီစစ်တော့သည်။ မနက် ၈နာရီလောက် ဇက်ကြောထိုးလာသည်နှင့် ခဏနားပြီ မနက်စာ စားရန် ထွက်လာခဲ့သည်။ မောင်ထူးက ကျွန်တော်စားရန် မနက်စာ အားလုံးကို ပြင်ဆင်ထားပေးသည်။


မောင်ထူး ။                ။ ဆရာအကြိုက် မုန့်ဟင်းခါး ၀ယ်ထားပေးတယ်…


ကျွန်တော် ။               ။ အေး။ ပြီရင် ကားလည်း ထုတ်ထားလိုက်။ ရေချိုးပြီ ငါရုံးသွားမယ်…



မောင်ထူး ။                ။ ဟုတ်ကဲ့ ဆရာ…


မောင်ထူးက ကျွန်တော်လိုပင် တစ်ကောင်ကြွက် မိဘမဲ့ ဖြစ်တာမို့ ဘ၀တူချင်း ကိုယ်ချင်းစာကာ ကျွန်တော်အိမ်မှာ အဖော်ရအောင် ခေါ်ထားခြင်းဖြစ်သည်။ မနက်စာစားပြီ ရုံးသို့ ထွက်လာခဲ့သည်။ ရုံးရှေ့တွင် ကျွန်တော်ကားရပ်လိုက်သည်နှင့် ဘေးတွင် မာစီတီကားအနီရောင်လေး တစ်စီးပါ ထိုးရပ်လိုက်သည်။ ကျွန်တော် စိတ်ထဲတွင် ဒီကားကို ရင်းနှီးနေသလို ဖြစ်၍ လှမ်းကြည့်လိုက်ရာ ကားပေါ်မှ ဆင်းလာသူမှာ ကိုရဲနိုင် ဖြစ်နေ၍ အနည်းငယ် အံ့အားသင့်သွားတော့သည်။ အိမ်သော်တာ ဆုံးပြီကတည်း ကိုရဲနိုင်နဲ့ ကျွန်တော်မတွေ့တာ ၁နှစ်လောက် ရှိသွားပြီဖြစ်သည်။


ကိုရဲနိုင် ။                  ။ ထင်ရှား၊ မတွေ့တာ ကြာပြီနော်…


ကျွန်တော် ။               ။ ဟုတ်ကဲ့။ မတွေ့ကြာပြီပဲ။ ဒါနဲ့ ခုဘယ်ကို လာတာလဲ…


သူကားက ကျွန်တော် ကုမ္ပဏီရှေ့မှာ ရပ်ထား၍ မသင်္ကာစွာ မေးလိုက်သည်။ ကိုရဲနိုင် မျက်မှန်ကို အနည်းငယ်ပင့်လိုက်ပြီ၊


ကိုရဲနိုင် ။                  ။ ကျွန်ုပ် အမူသည်တစ်ယောက်ဆီ လာတာပါ…



ကျွန်တော် ။               ။ ဘြော်…


ကျွန်တော်သူကို အရေးမလုပ်တော့ပဲ ကားတံခါးကို အဝေးခလုတ်ဖြင့် ပိတ်၍ ထွက်လာခဲ့သည်။ ဒီလူနဲ့မှ ဘာရေစက်နဲ့ ပြန်လာဆုံနေပါလိမ့်ဟု တွေးနေမိသည်။ တအောက်နေတော့ ၀န်ထမ်းတစ်ယောက်က ဧည့်သည်ရောက်နေကြောင်း ပြော၍ ၀င်လာခိုင်းလိုက်သည်။ ကိုရဲနိုင်ပင် ဖြစ်နေ၍ စိတ်ထဲမှ အံ့တချက်ကြိတ်လိုက်ပြီ၊


ကျွန်တော် ။               ။ ခင်မျာလာတဲ့ အမူသည်ဆိုတာ ကျွန်ုပ်များ ဖြစ်နေလို့လား…


ကိုရဲနိုင် ။                  ။ မဟုတ်ပါဘူးဗျာ။ ကျွန်ုပ်အမူသည်နဲ့ စကားပြောပြီလို့ ခင်မျာဆီ ခဏ၀င်လာတာပါ…


ပြောရင်း ကျွန်ုပ်ရုံးခန်းကို ဟိုကြည့်၊ ဒီကြည့် လုပ်ရင်း၊


ကိုရဲနိုင် ။                  ။ ခင်မျာ ညတွင်းချင်း သူဌေးဖြစ်သွားတာ၊ အံ့ဘြစရာ မကောင်းဘူးလား…



ကျွန်တော် ။               ။ ဒါကတော့ ခင်မျာနဲ့ မဆိုင်ဘူးထင်တယ်…


ကိုရဲနိုင် စားပွဲပေါ် လက်ကို ခေါက်နေရင်းနှင့် မဲ့ပြုံးပြုံးလျှက်၊


ကိုရဲနိုင် ။                  ။ ဟုတ်ပါတယ်။ ကျွန်ုပ်နဲ့ မဆိုင်ပါဘူး။ ဒါနဲ့ ကျွန်ုပ်သိချင်တာလေး တစ်ခုရှိသေးလို့။ အိမ်သော်တာနဲ့ ခင်မျာနဲ့ ကြိုက်နေတာ ဘယ်လောက်ကြာပြီလဲ…


သူမေးခွန်းတွင် အိမ်သော်တာနဲ့ ကျွန်တော်နဲ့အကြောင်း သိသလိုလို ပြောနေသဖြင့် အနည်းငယ် အံ့အားသင့်သွားတော့သည်။ အိမ်သော်တာ ဆုံးသွားသည့်အတွက် သူနဲ့ခိုးပြေးသွားသည့် ချစ်သူဆိုသူကို ကျွန်တော်လို့ ဘယ်သူမှ မသိကြချေ။ ဒါကြောင့် ကျွန်တော် မျက်မှောင်ကုတ်လျှက် ကိုရဲနိုင်ကို စေ့စေ့ကြည့်ရင်း၊


ကျွန်တော် ။               ။ အိမ်သော်တာနဲ့ ကျွန်ုပ်နဲ့ ဘာမှမဆိုင်ဘူး…


ကိုရဲနိုင် ။                  ။ ဟုတ်လို့လားဗျာ။ ကျွန်ုပ်စုံစမ်းရသလောက်တော့ အိမ်သော်တာ ဌါးထားတဲ့ အိမ်က ခင်မျာ နံမည်နဲ့ ဌါးထားတာဆိုပဲ…



ဆတ်ခနဲ ထိုင်နေရာမှ ထရပ်လိုက်ပြီ ကျွန်တော် အခန်းပြင်ကို လက်ညှိုးထိုးလျှက်၊


ကျွန်တော် ။               ။ ခင်မျာ ထွက်သွားတော့…


ကိုရဲနိုင် ။                  ။ ကောင်းပါပြီ။ သွားဆိုလည်း သွားပါ့မယ်။ ဒါပေမယ့် ပြန်ဆုံရအုန်းမှာပါ…


ကျွန်တော်ကို ရိသလိုလို၊ ဘာလိုလို လုပ်သွား၍ ခံပြင်းနေမိသည်။ ဒီလူ အကြောင်းမရှိပဲ၊ ဘယ်လို ကျွန်တော်ကုမ္ပဏီကို သိသွားသည်ကို တွေးဆ၍ မရနိုင်ပေ။ ကျွန်တော် ကုမ္ပဏီက နိုင်ငံခြား ပို့ကုန်၊ သွင်းကုန် ပစ္စည်းတွေ လုပ်တာမို့ စက်ရုံကို သွားပြီ စစ်ဆေးကြည့်၍ ညနေစောင်း အိမ်သို့ ပြန်လာခဲ့သည်။ မောင်ထူးက ကျွန်တော်လက်ထဲမှ ရုံးအိတ်ကို ဆွဲယူရင်း၊


မောင်ထူး ။                ။ ဆရာ ညနေစာ ပြင်လိုက်ရတော့မလား…


ကျွန်တော် ။               ။ မပြင်နဲ့အုန်း။ ငါစားချင်စိတ် မရှိဘူး…



ပြောကာ ဧည့်ခန်းကုလားထိုင်ပေါ်တွင် ကိုယ်ကို ပစ်လှဲလိုက်ပြီ တစ်နေကုန် စိတ်ရော၊ လူရော ပင်ပန်းခဲ့သမျှတွေ အပန်းဖြေလိုက်သည်။ တီဗွီခလုတ်ကို နှိပ်ရင်း လိုင်းတစ်ခုပြီ တစ်ခု ပြောင်းကြည့်သော်လည်း အကြိုက်မတွေ့၍ ပြန်ပိတ်လိုက်ပြန်သည်။ ကျွန်တော် ဘ၀မှာ ဦးရဲခေါင်နဲ့ ဒေါ်သီတာကို လက်စားချေဖို့ အတွက်ပင် ရှင်သန် လာခဲ့သည်။ လက်စားချေပြီလို့၊ ကျွန်တော်ဘ၀မှာ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ နေရပါသော်လည်း မပျော်နိုင်သေးပေ။ ကျွန်တော်ကြောင့် အိမ်သော်တာ ဆုံးပါးသွားသည်ကို တွေးမိတိုင်း နောင်တလည်း ရမိပြီ ကိုယ်မှာကိုလည်း အပြစ်တင်မိသည်။ ဒီနေ့ ကိုရဲနိုင်ကို တွေ့လိုက်၍ အရင်က ဒဏ်ရာဟောင်းတွေ ပြန်ပေါ်လာတော့သည်။


ကုလားထိုင်ပေါ်တွင် လှဲလှောင်းရင်း အိပ်ပျော်သွားစဉ် ဘေးမှ ထင်ရှား၊ ထင်ရှားဟု အိမ်သော်တာ ခေါ်သံကြားလိုက်ရ၍ ရှုတ်တရပ် လန့်နှိုးလာပြန်သည်။ မောင်ထူးက ကျွန်တော် ဘေးတွင်ထိုင်ပြီ ရုပ်ရှင်ကြည့်နေသည်။ ကျွန်တော် ဘေးဗယ်ကို ကြည်လိုက်ရင်း၊


ကျွန်တော် ။               ။ မောင်ထူး မင်း ငါနံမည်ခေါ်လိုက်သေးလား…


မောင်ထူး ။                ။ မခေါ်ပါဘူး ဆရာ…


သက်ပြင်းတချက်ချလိုက်ပြီ ငါခုတစ်လော ဘာတွေ ဖြစ်နေပါလိမ့်ဟု တွေးကာ အိပ်ခန်းထဲသို့ ၀င်လာခဲ့သည်။ ဒီနေ့တော့ ရုံးနားရက်မို့ ကျွန်တော် မနက် ၈နာရီကျော်မှ ထလာခဲ့သည်။ မောင်ထူး လက်ထဲမှာ စာတစ်စောင်ကိုင်၍ ကျွန်တော်နားသို့ ပြေးလာကာ၊


မောင်ထူး ။                ။ ဆရာ၊ လူတစ်ယောက် ဆရာအတွက် စာတစ်စောင် လာပေးသွားတယ်…



မလာစဖူး ကျွန်တော်ဆီသို့ စာလာသည်နှင့် ချက်ချင်း ဖောက်ဖတ်ကြည့်လိုက်သည်။ ဖတ်ပြီ ကျွန်တော် အရမ်းတုန်လှုပ်ခြောက်ခြား သွားတော့သည်။


ကျွန်တော် ။               ။ ဒါ တရားရုံးက ဆင့်ခေါ်စာပဲ။ မောင်ထူး မင်းကို ဒီစာ ဘယ်သူလာပေးသွားတာလဲ…


မောင်ထူး ။                ။ ဟို မာစီတီကားအနီလေးနဲ့ လူတစ်ယောက်ပဲ…


ကျွန်တော် ။               ။ တောက်၊ ကွာ…


ထိုစာကို လက်ထဲတွင် လုံးခြေလိုက်သည်။ တရားရုံးသို့ ဆင့်ခေါ်ခြင်းမှာ ဦးရဲခေါင်ရဲ့ ကုမ္ပဏီနဲ့ ပိုင်ဆိုင်မှုများကို လိမ်လည်ရောင်းချမှုဖြင့် ဦးရဲခေါင်က တရားလိုအဖြစ် တရားရုံုးကို လျှောက်ထားခြင်းကြောင့် ဆင့်ခေါ်ခံရခြင်းဖြစ်သည်။ ကိုဝင်းဇော်ကို သတိရသွားသည်နှင့် သူဆီသို့ ဖုန်းအမြန်နှိပ် လိုက်သည်။


ဖုန်း ။                      ။ ဆက်သွယ်မှု ဧရိယာပြင်ပရောက်ရှိနေခြင်း သို့မဟုတ် ဖုန်းပိတ်ထားခြင်းကြောင့် ခေါ်ဆို၍ မရပါရှင်…



ကျွန်တော် ။               ။ အရေးထဲကွာ ဒီလူက ဖုန်းပိတ်ထားသေးတယ်။ တောက်…


မောင်ထူး ။                ။ ဆရာ ဘာပြသာနာ ဖြစ်လို့လဲ…


ကျွန်တော် ။               ။ ဘာမှ မဟုတ်ပါဘူးကွာ။ ငါအတွက် ရေတစ်ခွက် ပေး…


ကျွန်တော် အသိရှေ့နေ့တစ်ဦးဆီ အမြန်ဖုန်းဆက်ပြီ ထိုကိစ္စကို ဘယ်လို ကိုင်တွယ်ရမည်ကို တိုင်ပင်တော့သည်။


ရှေ့နေ ။                    ။ ခင်မျာ ပြောပုံအရဆိုလျှင် ဒီကိစ္စတွေ အားလုံးကို ကိုဝင်းဇော်ကပဲ ကြိုးကိုင် ခဲ့တာပေါ့…



ကျွန်တော် ။               ။ ဟုတ်ပါတယ်…


ရှေ့နေ ။                    ။ ဒါဆိုဟုတ်ပြီ။ ဒီအမှုမှာ ကိုဝင်းဇော်က အရေးကြီးဆုံးပဲ၊ ဒါကြောင့် တရားလိုဘက်က သူကို ရှာမတွေ့ခင် သူကို အရင်ရှာပြီ နှုတ်ပိတ်ထားဖို့ လိုလိမ့်မယ်…


ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။ သို့သော် တရားရုံးက ဆင့်ခေါ်ခံရပြီကတည်းက ကိုဝင်းဇော်ကို ဘယ်လိုမှ ဆက်သွယ်မရပေ။ တချို့ပြောတော့ ကိုဝင်းဇော် နယ်စပ်ကနေ နိုင်ငံခြားကို ရှောင်ထွက်သွားပြီဟုပင်။ ဒီလူက အရမ်းလည်တော့ နိုင်ငံခြားကို ရှောင်ထွက်သွားလျှင် ကျွန်တော်အတွက် ပြသာနာ မဟုတ်ပေမယ့်၊ မြန်မာပြည်အတွင်းသာ ရှိနေလျှင်ဟုတွေးကာ စိတ်မအေးနိုင်ပေ။ လွန်ခဲ့တဲ့ ၁နှစ်ခန့်က ငြိမ်နေပြီမှ ခုကောက်ခါ လျှင်ခါ ဘာလို့ တရားစွဲသည်ကို ကျွန်တော် စိတ်ထဲ မသင်္ကာ ဖြစ်နေမိသည်။ ဦးရဲခေါင်၊ ဦးရဲခေါင် ခင်မျာနဲ့ ကျွန်ုပ် ပြန်တွေ့ကြပြန်ပြီပေါ့ဟု စိတ်ထဲ ကြိမ်းဝါးလိုက်သည်။


တရားဆင့်ခေါ်သည့် နေ့ရောက်တော့ ကျွန်ုပ် ရှေ့နေ့နဲ့ တိုင်ပင်ပြီသားမို့ အေးအေးဆေးဆေး  တရားရုံးသို့ ထွက်လာခဲ့သည်။ တရားရုံးထဲ မ၀င်ခင် အပေါက်ဝတွင်ပင် ဦးရဲခေါင်နှင့် ဒေါ်သီတာကို မြင်လိုက်ရသည်။ သူတို့သည် သူဌေးဖြစ်နေသော ကျွန်ုပ်ကို မြင်သော် တော်တော်လေးကို ခံပြင်းနေပုံရသည်။ ကျွန်တော်ကတော့ အောင်နိုင်သူအပြုံးနှင့်၊


ကျွန်တော် ။               ။ မတွေ့တာ ကြာပါနော် ဦးရဲခေါင်…



ဟုရိသဲ့သဲ့လေး နှုတ်ဆက်လိုက်ရာ ဦးရဲခေါင် ဒေါသတကြီးဖြင့်၊


ဦးရဲခေါင် ။                 ။ ခွေးမသား၊ ငါသမီးကို သတ်တဲ့ကောင်…


ကျွန်ုပ်ကို ထိုးမယ် ကြိတ်မယ် လုပ်၍ ဘေးမှ ဒေါ်သီတာနဲ့ ကိုရဲနိုင်က ၀ိုင်းဆွဲကြရတော့သည်။ ဦးရဲခေါင်လည်း အရင်ကလို မဟုတ်တော့ပဲ၊ ဆင်းဆင်းရဲရဲနေရ၍ တော်တော်လေးကို အိုစာသွားသည်။ ဒေါ်သီတာက သူကျလာသော မျက်ရည်များကို သုတ်လိုက်ရင်း၊


ဒေါ်သီတာ ။              ။ ထင်ရှား၊ မင်းတစ်နေ့ ၀ဋ်ပြန်လည်အုန်းမှာပါ…


ဟုကျွန်တော်ကို ကြိမ်ဆဲလိုက်သလိုပင် ရင်ထဲမှာ စို့နစ်သွားတော့သည်။ ဒီအချိန်မှာ ကျွန်တော် တည်ငြိမ်နေပြမှ ဖြစ်မည်ဟု အားတင်းရင်း တရားရုံးထဲသို့ ၀င်လာခဲ့သည်။ ပထမဆုံးရက် ကျွန်တော်ကို တရားခံအဖြစ် တရားစစ်ဆေးရာ ကျွန်တော်ဘက်မှ ရှေ့နေက ကာကွယ် ပြောဆိုပေး၍ ကိုရဲနိုင်တို့ ဘာမှ မတတ်နိုင်ပဲ ဖြစ်နေသည်။ တရားသူကြီးက စားပွဲကို ထုချလိုက်ပြီ၊


တရားသူကြီး ။            ။ သက်သေမပြည့်စုံသဖြင့် ဒီအမှုကို နောက်အပတ် အင်္ဂါနေ့သို့ ရွှေ့ဆိုင်းလိုက်သည်…



ပြောလိုက်ရာ ကျွန်တော် မချိပြုံးလေး ပြုံးလိုက်သည်။ တရားရုံးမှ ပြန်အထွက် ကိုရဲနိုင်နှင့် ပြန်ဆုံ ပြန်ရာ၊


ကျွန်တော် ။               ။ ခင်မျာ ဦးရဲခေါင်တို့ဘက်က ကူညီပေးလဲ သူတို့ တစ်ပြားမှ ပေးနိုင်မှာ မဟုတ်ပါဘူးဗျာ…


ကိုရဲနိုင် ။                  ။ ကျွန်ုပ်က ပိုက်ဆံအတွက် ကူညီပေးနေတာ မဟုတ်ဘူး။ အိမ်သော်တာမျက်နှာနဲ့ ကူညီပေးနေတာ…


ဟုပြောလိုက်ရာ ကျွန်တော်မျက်နှာတစ်ချက် ပျက်သွားပြီ ဒီလူ အိမ်သော်တာကို တကယ်ချစ်ရှာသကိုးဟု တွေးရယ်နေသည်။


ရှေ့နေ ။                    ။ ဒီအတိုင်းသာ အမှုက ရှည်လမျှော ဖြစ်နေမယ်ဆိုရင် ကျွန်ုပ်တို့ နိုင်ဖို့များတယ်။ ဒါနဲ့ ကိုဝင်းဇော်ဆိုတဲ့လူကိုရော ခင်မျာ ဆက်သွယ်လို့ရပြီလား…


ကျွန်ုပ် ခေါင်းခါပြလိုက်သည်။ နေရာအနှံ့ လူလွှတ်ပြီ စုံစမ်းသော်လည်း ကိုဝင်းဇော် သတင်းအစအနပင် မရပေ။ တဖြည်းဖြည်းနဲ့ ဒုတိယအကြိမ် တရားရင်ဆိုင်ဖို့လည်း နီးကပ်လာသည်။ ဒီနေ့တော့ ဦးရဲခေါင်တို့ ရုံးမှာလုပ်ခဲ့တဲ့ စာရေးနဲ့ အမှတ်တမှတ်ဆုံရင်း ကိုဝင်းဇော် ရှိနိုင်မယ့် နေရာကို ကျွန်တော်သိခွင့်ရလာသည်။ သို့ပေမယ့် ကျွန်တော်က စောင့်ကြည့်ခံထားရ၍ ကိုဝင်းဇော် ရှိသည့်နေရာကို ကျွန်တော်ကိုယ်တိုင် လိုက်သွားဖို့တော့ မဖြစ်နိုင်ပေ။



ထို့ပြင်အမှုကိစ္စနဲ့ စိတ်ရှုပ်ရသည့်အထဲ၊ ကုမ္ပဏီတွင်လည်း ပဲများ အထွက်နည်း၍ ပြသာနာပေါ် ပြသာနာ ထက်နေပြန်သည်။ ဒါကြောင့် အကုသိုလ်ဆိုတာ တစ်ခုထဲမလာဘူး၊ အစုလိုက်အပြုံလိုက်လာသည် ဟူသော ဆိုရိုးစကား မှန်ပုံရသည်။ စိတ်မချမ်းမသာ ဖြစ်နေသော ကျွန်တော်ကို မောင်ထူးကြည့်ပြီ၊


မောင်ထူး ။                ။ ဆရာ ကြည့်ရတာ ခုတစ်လော သိပ်စိတ်မချမ်းသလိုပဲ၊ ကျွန်တော် ကူညီပေးနိုင်တာ ရှိရင် ပြောပါဆရာ။ ဆရာက ကျွန်တော်ရဲ့ ကျေးဇူးရှင်ပါ…


မောင်ထူးစကားကြောင့် အကြံတစ်ခုရသွားတော့သည်။ အင်း၊ မောင်ထူးကို ကိုဝင်းဇော်ရှိတဲ့ နေရာ စေလွှတ်ရင်တော့ ဘယ်သူမှ မရိပ်နိုင်ဘူးဟု တွေးမိပြီ၊


ကျွန်တော် ။               ။ မင်း ကိုဝင်းဇော်ဆိုတဲ့ လူကို သိတယ်မဟုတ်လား…


မောင်ထူး ။                ။ ဟုတ်သိပါတယ်။ ဆရာဆီ ခဏခဏလာနေတဲ့ ခပ်ကြွားကြွားနဲ့လူကြီးမလား…


ကျွန်တော် ။               ။ အေး ဒါဆို၊ ခုငါပြောလိုက်တဲ့ လိပ်စာအတိုင်း သူဆီ လိုက်သွားပြီ ငါကို ဆက်သွယ်ဖို့ ပြောလိုက်။ ဒီကိစ္စက အရမ်းအရေးကြီးတယ် မောင်ထူး၊ နည်းနည်းလေးမှ လွှဲမှားလို့ မဖြစ်ဘူးနော်…



မောင်ထူး ။                ။ စိတ်ချပါ ဆရာရယ်။ လုံးဝလွှဲမမှားစေရပါဘူး…


ကျွန်တော် ။               ။ အေး၊ ငါမင်းကို ယုံပါတယ်…


ဟုပြောကာ မောင်ထူးကို ကိုဝင်းဇော်ရှိသည့် နေရာသို့ လွှတ်လိုက်သည်။ ဒုတိယအကြိမ် တရားရုံးဆင့်ခေါ်သည့်နေ့သို့ ရောက်လာပြန်သည်။ ကျွန်တော် ရှေ့နေက သူတို့ဘက်တွင် ဘာမှ သက်သေမရှိသဖြင့် ကျွန်တော်တို့ ဒီအမှုကို နိုင်နိုင်ကြောင်းပြောသည်။ အစပိုင်းက အားလုံး အဆင်ပြေသော်လည်း ကျွန်တော် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပေါ်လာတော့သည်။


တရားသူကြီး ။            ။ တရားလိုဘက်က သက်သေ ကိုဝင်းဇော်ကို ဆင့်ခေါ်ပါတယ်…


ဟုပြောလိုက်ရာ ကျွန်တော် ထိုနေရာတွင်ပင် ပလက်လှန်လှဲကျမတတ် ဖြစ်သွားတော့သည်။ မနည်းကို အိနြေ္ဒပြန်ထိန်းလိုက်ပြီ စိတ်တွေ အရမ်းမလှုပ်ရှားအောင် ထိန်းနေရသည်။ ကျွန်တော်ရှေ့နေက ကျွန်တော်နားကပ်၍၊


ရှေ့နေ ။                    ။ ခင်မျာပြောတော့၊ ဒီလူကို ကျွန်တော်တာဝန်ထားပါဆို။ ခုဘယ်လိုလုပ်မလဲ…



ကျွန်တော် ။               ။ ဇာတ်စဉ် ကြည့်ကတာပေါ့ဗျာ…


အံ့ကြိတ်ရင်း မျက်မှောင်ပါ ကုတ်ထားတော့သည်။ ကိုဝင်းဇော်မျက်နှာကို စေ့စေ့ကြည့်လိုက်တော့ သူက သူမဟုတ်တဲ့အတိုင်း မျက်နှာပြုံးစိစိဖြင့်ပင်။ အမှန်ဆို ကျွန်တော်က သတင်းတွေသာ ယူပေးတာ၊ တကယ်သစ္စာဖောက်တာရော အားလုံး သူစနက်တွေချည်းပင်။


သို့သော် ကိုဝင်းဇော် ရုံးတော်တွေ လျှောက်ထားချက်များ အားလုံးသည် အကုန် ပြောင်းပြန်ကို ဖြစ်နေတော့သည်။ သူရုံးတော်မှာ ဖြောင့်ချက်အရ ကျွန်တော်က အရာအားလုံးကို ကြိုးကိုင်ထားသော တကယ် ရာဇာဝတ်သားကြီး ဖြစ်သွားတော့သည်။ ကျွန်တော်လည်း ဘယ်လိုမှ ဆက်သည်းမခံနိုင်တော့ပဲ ထိုင်နေရာမှ ထရပ်လိုက်ကာ၊


ကျွန်တော် ။               ။ သူပြောတာ တစ်ခုမှ မဟုတ်ဘူး။ ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်ပြီ ဘာမှ သိတာ မဟုတ်ဘူး။ တကယ် ကြိုးကိုင်တာက သူပဲ…


တရားသူကြီးက စားပွဲကို ထုချလိုက်ပြီ ကျွန်တော်ကို မမေးပဲ မဖြေဖို့ သတိပေးသည်။ ကျွန်တော် မနည်းကို အားယူကာ ပြန်ထိုင်လိုက်ရသည်။ ရှေ့နေကလည်း ကျွန်တော်ကို စိတ်အေးအေးထားဖို့ ပြောသည်။ သို့သော် ကျွန်တော်ခုလို မတရားစွပ်စွဲခံနေရသည်ကို ဘယ်လိုမှ စိတ်မအေးနိုင်ပေ။


ခဏနေတော့ ကိုရဲနိုင်က သက်သေ စာရွက်စာတမ်းများ ယူလာပြီ တရားသူကြီးကို တင်ပြတော့သည်။ အဲဒီမှာပင် ကျွန်တော် တကယ်ကို လုံးဝ ပြေးမလွှတ်တော့ပေ။ အဘယ်ကြောင့် ဆိုသော် ဦးရဲခေါင် ကုမ္ပဏီရောင်းချစဉ်က ကျွန်တော်ကို ရောင်းသူနေရာတွင် လက်မှတ်ထိုးခိုင်း၍ ထိုးပေးခဲ့မိသည်။ လက်စားချေဖို့သာ အားသန်နေ၍ နောက်ဖြစ်မယ့် အကျိုးဆက်ကို ကျွန်တော် တစ်ခါမှ မတွေးမိပေ။ အဲဒါကို နင်းပြီ ကိုဝင်းဇော်က ရှိသမျှ အပြစ်တွေ အားလုံးကို ကျွန်တော်ကို အပြစ်ဖို့ပြီ သူအပြစ်လျှော့အောင် ကြိုးစားတော့သည်။ ဒါပေမယ့် စာချုပ်တိုင်းမှာ လက်မှတ်တိုင်းက ကျွန်တော်လက်မှတ်တွေ ဖြစ်နေတာမို့ ဘယ်လိုငြင်းလို့မရပေ။ ထိုချိန် တရားသူကြီးမှ အမိန့်တစ်ခုကို ချမှတ်လိုက်သည်။


တရားသူကြီး ။            ။ လိမ်လည်မှုဖြင့် တရားစွဲဆိုချက်အရ တရားခံဖြစ်သူ မောင်ထင်ရှားသည် ပြစ်မှုထင်ရှားကြောင်း သက်သေခိုင်လုံသဖြင့် ဒီအမှုကို နောက်တစ်ပတ် အင်္ဂါနေ့တွင်  စီမံချက် ချမည်…



ဟုအမိန့်ချလိုက်ချိန်တွင် ကျွန်တော် အရမ်းကို တုန်လှုပ် ခြောက်ခြား သွားတော့သည်။ စိတ်ထဲတွင်လည်း ဒါတစ်ခုခုတော့ လွှဲနေပြီဟု တွေးနေမိသည်။ ကျွန်တော် ကိုဝင်းဇော် ရှိသည့်နေရာကို မောင်ထူးပြောပြပြီ ကျွန်တော်ကို လာတွေ့ဖို့ စေလွှတ်ခဲ့သည်။ သို့သော် ကိုဝင်းဇော်က ဘာလို့ ကျွန်တော်ဆီ ရောက်မလာပဲ၊ တရားရုံးကို တိုက်ရိုက်ရောက်လာသည်ဟု စိတ်ကယောင်ခြောက်ခြား ဖြစ်နေစဉ်၊


ကိုရဲနိုင် ။                  ။ ခင်မျာ ဒီအမှုက ထူးခြားနေတယ်လို့ မထင်ဘူးလား…


ဟုပြောလိုက်ရာ ဆတ်ခနဲ ကိုရဲနိုင်ကို စေ့စေ့ပြန်ကြည့်ရင်း၊


ကျွန်တော် ။               ။ မဟုတ်မှလွှဲရော၊ မောင်ထူးက ခင်မျာရဲ့…


ကိုရဲနိုင် ။                  ။ သိပ်မှန်တာပေါ့ဗျာ။ မောင်ထူးက အမှန်က ကျွန်ုပ်လူယုံပါဗျ၊ ခင်မျာဆီက အတွင်းရေးတွေ သိရအောင် ကျွန်ုပ်လုပ်ဆက်ခင်းပြီ ထည့်ထားခဲ့တာ။ ပြီတော့ သူက မိဘမဲ့ တကောင်ကြွက်လည်း မဟုတ်ဘူး…


ထိုချိန် မောင်ထူး တရားရုံးထဲသို့ ၀င်လာ၍ ကျွန်တော် ဒေါသအရမ်းထွက်ကာ၊



ကျွန်တော် ။               ။ မင်းကွာ၊ မင်းကို ငါသွေးသားလို ဆက်ဆံခဲ့တာ…


မောင်ထူး ။                ။ ခင်မျာတောင် ဦးရဲခေါင်ကို အနီးကပ် အသေသတ်ခဲ့တာပဲ။ ကျွန်တော် သစ္စာမရှိတာ အံ့အားသင့်စရာမှ မဟုတ်တာ…


ကျွန်တော် ။               ။ မင်းနဲ့ငါက မတူဘူးကွ။ ငါက ငါအမေအတွက် ကလဲ့စားပြန်ချေတာ…


မောင်ထူး ။                ။ ကျွန်တော်က ပိုက်ဆံအတွက်ပေါ့ဗျာ။ ကျွန်တော်မှာ ကျွန်တော်စောင့်ရှောက် နေရတဲ့ မိသားစု ရှိသေးတယ်လေ။ ခင်မျာလို တစ်ကောင်ကြွက်မှ မဟုတ်တာ…


သူစကားသည် ကျွန်တော် ဘ၀မှာ အထိနာဆုံးစကားဖြစ်သည်။ မောင်ထူးကို ကျွန်တော်တကယ် သွေးသားတစ်ယောက်လို အောင်းမေ့နေခဲ့သည်။ ခုတော့ ကမ္ဘာကြီးက ဘာတွေလည်း၊ ဘာများ တရားတာ ရှိသေးလို့လဲ။ ကျွန်ုပ်အမေသေတုန်းကလည်း ဘယ်သူ ကျွန်တော်ဘက်မှာ ရှိလို့လဲဟု တွေးရင်း ခေါင်းတစ်ခုလုံး ချာချာလည်အောင် မူးလာတော့သည်။ တရားရုံးထဲမှ အရူးတစ်ယောက်လို ပြေးထွက်လာချိန်တွင် ဦးရဲခေါင်နဲ့ ဒေါ်သီတာတို့က ကျွန်တော်ကို အရမ်းနားကြည်းတဲ့သူတစ်ယောက်လို စိုက်ကြည့်နေသည်။ ငါမရှုံးဘူး၊ ငါဘယ်တော့မှ ဦးရဲခေါင်ကို မရှုံးဘူးဟု ရေရွှတ်ရင်း သူတို့ကို အရေး မလုပ်တော့ပဲ ကားဆီသို့ ထွက်လာခဲ့သည်။



ကားတံခါးကို ဆွဲဖွင့်ရင်း စိတ်ပေါက်ပေါက်ဖြင့် အိမ်သို့ အပြန်လမ်းတွင် အိမ်သော်တာကို မြင်လိုက်သလို ခံစားလိုက်၍ ဘရိတ်ကို စောင့်အုပ်လိုက်သည်။


ကျွန်တော် ။               ။ အိမ်သော်တာ၊ နင်ငါကို ခြောက်နေတာလား။ ငါဒီအချိန်မှာ ငါဘေးမှာ ဘယ်သူမှ မရှိတော့ဟာ။ ငါကို ကယ်ပါအုန်း…


ဟု အော်ရင်း မျက်ရည်များ စီးကျလာသည်။ ကျွန်တော်ကားကို ဆက်မမောင်းတော့ပဲ၊ အနီးနားက စားသောက်ဆိုင်တစ်ခုထဲ ၀င်ပြီ ဘီယာတွေသာ လိမ့်သောက်နေမိသည်။ ကျွန်တော်တစ်ယောက်ထဲ ဘီယာသောက်ရင်း နည်းနည်းမူးနေစဉ်၊


အမျိုးသမီး ။               ။ နင် ထင်ရှား မဟုတ်လား…


ကျွန်တော်ကို လာနှုတ်ဆက်သဖြင့် သူမကို သေချာကြည့်လိုက်ပြီ၊


ကျွန်တော် ။               ။ ခင်မျာ ဘယ်သူလဲ…



အမျိုးသမီး ။               ။ ငါ အိမ်သော်တာ သူငယ်ချင်း နွယ်နီလေ၊ မမှတ်မိဘူးလား…


နွယ်နီဟုပြောလိုက်မှ သူမကို သေချာပြန်ကြည့်လိုက်မိသည်။ ကျွန်တော်တို့နှင့် ကျောင်းနေဖက် အိမ်သော်တာ အခင်ဆုံးသူငယ်ချင်း တစ်ဦးပင်။ သူမကို မျက်မိဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။


နွယ်နီ ။                    ။ ထင်ရှား၊ ငါအိမ်သော်တာနဲ့ မတွေ့တာကြာပြီ။ သူတို့အိမ်မှာ နင်နေသေးလား…


ကျွန်တော် ခေါင်းကို အတင်းခါယမ်းလျှက်၊


ကျွန်တော် ။               ။ အိမ်သော်တာ သေပြီဗျ၊ မရှိတော့ဘူး…


နွယ်နီ ။                    ။ ဟယ် ဖြစ်မှဖြစ်ရလေဟယ်။ ကလေးမွေးရင်း ဆုံးသွားတာလား…



နွယ်နီစကားကြောင့် ရှုတ်တရပ် စိတ်ရှုပ်သလို ဖြစ်သွားကာ၊


ကျွန်တော် ။               ။ ခင်မျာ ဘာတွေပြောနေတာလဲ…


နွယ်နီ ။                    ။ သူနဲ့ နောက်ဆုံးအကြိမ် ဆေးခန်းမှာ တွေ့တုန်းက သူမှာ ကိုယ်ဝန်ကြီးနဲ့လေ…


သူမစကားကြောင့် ကျွန်တော် မူးနေတာတောင် ဘာရောက်သွားမှန်းမသိပဲ။ နွယ်နီကို သေချာစိုက်ကြည့်ရင်း၊


ကျွန်တော် ။               ။ ခင်မျာတကယ်ပြောနေတာလား…


နွယ်နီ ။                    ။ အင်းပေါ့။ သူနေမကောင်းလို့ ဆေးခန်းလာပြရင်း ဆရာဝန်က သူမှာ ကလေးရှိတယ်လို့ ပြောလို့ အရမ်းဝမ်းသာ နေရှာတာ။ ငါတောင်  အိမ်ပြန်ပို့ပေးရမလား ပြောတော့ ရတယ်ဆိုပြီ တစ်ယောက်ထဲ ပြန်သွားတာ…



ဟာ၊ ဟာ ဘာတွေ ဖြစ်ကုန်ပြီလဲ။ ဘာလို့ ကျွန်တော်ကို ဒီလို ဒဏ်ခတ်ရတာလဲဗျာ။ ကျွန်တော် ဘယ်နေရာမှာ အမှားလုပ်ခဲ့မိလို့လဲ။ ကျွန်တော် အမေအတွက် လက်စားချေတာ၊ ကျွန်တော် မှားလို့လားဗျာဟု စိတ်ထဲမှာ တစ်ယောက်ထဲ ရေရွှတ်ရင်း ရင်ထဲ ပလောင်ဆူအောင် ပူလောင်နေတော့သည်။ နွယ်နီကိုပင် စကားတစ်ခွန်းမှ ပြန်မပြောနိုင်တော့ပဲ ကားပေါ်သို့ အမြန်ပြေးတက်၍ အရှိန်ပြင်းစွာ မောင်းထွက်လာခဲ့သည်။


ကျွန်တော် ။               ။ အိမ်သော်တာ၊ နင်မှာ ငါကလေးရှိနေတာကို ငါကို ဘာလို့ မပြောပြခဲ့တာလဲဟာ…


ပြောရင်း မျက်ရည်များပင် စီးကျလာသည်။ ခုချိန်မှာ ကျွန်တော်မှာ ဘာဆို ဘာမှကို မရှိတော့ပေ။ နောက်တစ်ပတ် အမှုရင်ဆိုင်ပြီရင် ထောင်နန်းစံရဖို့ ပိုမိုနီးကပ်နေသည်။ ကျွန်တော် ရင်သွေးနဲ့ အိမ်သော်တာကို ကျွန်တော်ကိုယ်တိုင် သတ်မိတာဟု တွေးရင်း မျက်ရည်များလည်း ပိုမိုစီးကျနေသည်။ မိုးတွေကလည်း တဖြည်းဖြည်းနဲ့ သည်းကြီးမဲကြီးကို ရွာသွန်းနေတော့သည်။ မိုးကြောင့် ကျွန်တော် သတိထားပြီ မောင်းနေရချိန်တွင်၊


အိမ်သော်တာ ။           ။ ထင်ရှား၊ ထင်ရှား…


ကျွန်တော်ကို ခေါ်နေသလိုလို အသံတွေကိုလည်း ကြားနေရသည်။ ကယောင်ခြောက်ခြားဖြင့် ဟိုကြည့် ဒီကြည့် လိုက်ကြည့်ရင်း ဒီအတိုင်းဆိုရင် ကျွန်တော် ကြာရင် ရူးသွားလိမ့်မည်။


ကျွန်တော် ။               ။ နင်ငါကို မခြောက်ပါနဲ့။ ငါကြာရင် ရူးလိမ့်မယ်…



ဟုပါးစပ်မှ ရေရွှတ်ရင်း လမ်းချိုးတွင် ကားကြီးတစ်စီး ကျွန်တော်မျက်နှာချင်းဆိုင် ဦးတည်လာနေသည်နှင့် စီယာတိုင် ဆွဲကွေ့လိုက်ရာ၊


အသံ ။                     ။ ရွှီ… ရွှီ… ဒုန်း…


မိုးရည်ထဲ သစ်ပင်ကြီးကို မမြင်ပဲ ကားဖြင့် အရှိန်ပြင်းစွာ ၀င်တိုက်လိုက်တော့လေသည်။ ဘေးမှ လူအများကြီး အုံလာကာ၊


လူများ ။                             ။ ဒီမှာ လူတစ်ယောက် သွေးတွေနဲ့…


ဆူညံသံတွေကို မသဲမကွဲကြားနေရသည်။ ခဏနေတော့ ကျွန်တော်လက်ကို လူတစ်ယောက်လာကိုင် သဖြင့် ဖွင့်ကြည့်လိုက်ရာ အိမ်သော်တာ ကလေးတစ်ယောက်ကို ပွေ့ချီရင်း၊


အိမ်သော်တာ ။           ။ ထင်ရှား၊ ငါတို့နဲ့ လိုက်ခဲ့နော်…



ကျွန်တော်လက်ကို ဆွဲယူကာ သူတို့နဲ့ တစ်ပါးထဲ ခေါ်ဆောင်သွားလေတော့သည်။

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About