သတိရတဲ့ ဖုန်းမြည်သံ

သတိရတဲ့ ဖုန်းမြည်သံ

အဲဒီနေ့က ပေါင်းသင်းဆက်ဆံရေးအကြောင်းပြောနေရင်း ဆရာက သူနဲ့သူ့သူငယ်ချင်းအကြောင်းကို ပြောပြတယ်။ ဆရာက "အချိန်တော်တော်များများမှာ ဆရာတို့က ဖုန်းကောက်ကိုင်ပြီးရင် ဘာပြောရမှန်းမသိ ဖြစ်သွားကြတယ်။ အဲဒီလိုနဲ့ နောက်တော့ သူ့ကို ဆရာသတိရရင် ဖုန်းကောက်ဆက်လိုက်တယ်။ ဖုန်းသံနှစ်ချက်မြည်ပြီးရင် ဖုန်းချလိုက်တယ်။ နောက်တော့သူလည်း ဒီလိုပဲ... ဆရာကို သူသတိရရင် ဖုန်းဆက်တယ်။ ဖုန်းသံနှစ်ချက်မြည်ပြီးရင် ဖုန်းချလိုက်တယ်။ ဒါဟာ အကျင့်တစ်ခုလို အခုချိန်အထိ ဆရာတို့ ကျင့်သုံးနေကြသေးတယ်"လို့ ပြောပြပါတယ်။

ဆရာ့စကားကို နားထောင်ပြီး ကျွန်မစိတ်မှာ ခံစားမှုတစ်မျိုးကလှိုက်ထလာပြီး ဖုန်းကိုကောက်ကိုင်မိရက်သား ဖြစ်သွားတယ်။ ပြီးတော့ အရင်ကအရမ်းကောင်းခဲ့ကြပြီး အခြေအနေကြောင့် အနေဝေးသွားခဲ့ကြတဲ့ သူငယ်ချင်းတွေရဲ့ဖုန်းနံပါတ်ကို ကောက်ဆက်လိုက်မိတယ်။ ကျွန်မတို့ဟာ ဆရာနဲ့သူ့သူငယ်ချင်းလို အပြန်အလှန်နားလည်မှု ရှိချင်မှရှိနိုင်မယ်ဆိုတာကို ကျွန်မတွေးမိလို့ သူတို့ဆီကို မက်ဆေ့တိုလေးတစ်ကြောင်း ရေးပို့လိုက်တယ်။

"ငါတို့ဆရာကပြောတယ်... တကယ်လို့ လူတစ်ယောက်ကို သတိရမိရင် သူ့ဖုန်းကို နှစ်ချက်လောက်ပေးမြည်လိုက်ပါတဲ့"

သူတို့ဆီက မက်ဆေ့လေးတွေ ကျွန်မချက်ချင်းပြန်ရခဲ့တယ်။ မက်ဆေ့တွေကိုဖတ်ရင်း သူတို့လည်း တစ်ခုခုခံစားသွားရပြီဆိုတာ ကျွန်မနားလည်လိုက်တယ်။ ကြည်နူးစိတ်နဲ့ ဖုန်းထဲက မက်ဆေ့တွေဆီကနေ ကျွန်မအကြည့်တွေ မခွာရက်အောင်ဖြစ်ခဲ့တယ်။

အကွာအဝေး... အကွာအဝေးဆိုတာ ကြီးလည်းမကြီး၊ ငယ်လည်းမငယ်တဲ့ အဟန့်အတားတစ်ခုပါ။ တစ်ချိန်တုန်းက ကျွန်မတို့ဟာ အတူဖက်ပြီး ငိုကောင်းငိုခဲ့ကြမယ်။ အတူသောက်စား ပျော်မြူးခဲ့ကြမယ်။ မိုးလင်းပေါက် အတူဆော့ကစားခဲ့ကြမယ်။ ဘာမဆို ပြောဆိုတိုင်ပင်ခဲ့ကြမယ်။ ဒါပေမဲ့ အခုအချိန်အခါမှာ ဘာပြောလို့ပြောရမှန်းမသိ ဖြစ်ကြရတယ်။ အရင်ကရှိခဲ့ဖူးတဲ့ ခင်မင်ရင်းနှီးမှုတွေ မပြောင်းခဲ့လည်း စိတ်ရဲ့အကွာအဝေးတွေက တဖြေးဖြေးဟလာခဲ့ကြတယ်။ အဲဒီကွာဟလာတဲ့နေရာမှာ စိမ်းကားတဲ့ရနံ့တွေက ဖြည့်ဝင်ခဲ့တယ်။ အဲဒီလိုဖြစ်ဖို့ကို ကျွန်မတို့ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ လက်ရှိအခြေအနေကို ပြောင်းလဲဖို့ ခက်ခဲခဲ့ကြတယ်။ ဒီလိုနဲ့ ခံစားချက်တွေက တဖြေးဖြေးထုံကျင်လာခဲ့တော့တယ်။

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အတူဆော့ကစားခဲ့ဖူးတဲ့ သူငယ်ချင်းတွေကို သတိရမိတော့ ဖုန်းဆက်လိုက်တယ်။ ဒါပေမဲ့ ဖုန်းနံပါတ်ကို နှိပ်မယ့်ဆဲဆဲတခဏမှာ ဘာပြောရရင်ကောင်းမလဲဆိုတဲ့ ခံစားချက်က တိုးဝင်လာတယ်။ ဒီလိုနဲ့ ဖုန်းနံပါတ်ကိုဆက်နှိပ်မယ့်လက်က ရပ်တန့်သွားခဲ့တယ်။ ခင်မင်ရင်းနှီးမှု တော်တော်များများက အချိန်ရဲ့တိုက်စားမှုကြောင့် ပိုပိုပြီးပါးလျားလာခဲ့တယ်။ နောက်ဆုံးကျန်ခဲ့မှာက ဟိုတုန်းကအမှတ်တရတွေနဲ့ သက်ပြင်းချသံတွေပဲဖြစ်တယ်။

နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်သွားခဲ့တယ်။ နင့်မှာလည်း နင့်အလုပ်နဲ့၊ ငါ့မှာလည်း ငါ့အလုပ်နဲ့ အလုပ်တွေများခဲ့ကြတယ်။ အရင်လို ရင်းရင်းနှီးနှီးနေရတဲ့အချိန်တွေ ကျွန်မတို့မှာ နည်းပါးလာခဲ့ကြတယ်။ လက်တွေ့ဘဝ၊ လက်ရှိအခြေအနေရဲ့ တိုက်စားမှုကြောင့် ခင်မင်ရင်းနှီးမှု ခပ်ပါးပါးဖြစ်လာတဲ့အခါ ကျွန်မတို့ရရှိတဲ့ မွေးနေ့တောင်းဆုဟာလည်း တဖြေးဖြေးနည်းလာခဲ့တယ်။ ဒါပေမဲ့ တောင်းဆုနည်းလေ ကျွန်မတို့ခံစားရလေ၊ စိတ်လှုပ်ရှားပျော်ရွှင်ရလေဖြစ်တယ်။ အချိန်ရဲ့တိုက်စားမှုကို ခံနိုင်ရည်ရှိတဲ့ ခင်မင်ရင်းနှီးမှုက ပိုတန်ဖိုးရှိခဲ့လို့ဖြစ်တယ်။

လူ့ဘဝရဲ့အချိုးအဆစ်တိုင်းမှာ မတူတဲ့ခင်မင်ရင်းနှီးမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

ကလေးဘဝ ရွံ့တွေနဲ့ဆော့ကစားခဲ့တာ ဘေးအိမ်က ကျစ်ဆံမြီးနှစ်ခွကျစ်ထားတဲ့ ကောင်မလေးနဲ့ တစ်ကိုယ်လုံးညစ်ပတ်နေတဲ့ ကောင်လေးနဲ့ပါ။

သူငယ်တန်းဘဝ ဟစ်အော်ကခုန်ကြ၊ ကြိုးခုန်ကြနဲ့ လယ်တောမြက်ရိုင်းထဲ ပြေးလွှားဆော့ကစားခဲ့တာ အပြစ်ကင်းဖြူစင်တဲ့ အတန်းဖော်သူငယ်ချင်းတွေပါ။

အလယ်တန်းဘဝ အတူစိတ်ကူးယဉ်၊ အတူဆန့်ကျင်ထကြွ၊ အတူရူးမိုက်ခဲ့တာ အကျင့်စရိုက်တူတဲ့ ကျောင်းကသူငယ်ချင်းတွေပါ။

အထက်တန်းဘဝ အချင်းချင်းရင်ဖွင့်ကြ၊ အတူတူကြိုးစားကြ၊ စာဖိအားတွေကို အတူတူအံတုခဲ့ကြတာ ကိုယ့်ကိုနားလည်ဂရုစိုက်ပေးတဲ့ ဘော်ဒါတွေပါ။

တက္ကသိုလ်ကျောင်းသားဘဝ အတူတူပျော်ပါး၊ စိတ်ကူးအိပ်မက်အတွက် အတူတူရုန်းကန်၊ ရှေ့ဆက်လမ်းအတွက် အတူတူဝေဝါးခဲ့တာ နိုင်ငံပေါင်းစုံကလာတဲ့ ကိုယ်နဲ့စိတ်ကူးအိပ်မက်တူတဲ့ သူငယ်ချင်းတွေပါ။

ကျောင်းပြီးလို့ အပြင်လောကရောက်တော့ အလုပ်အတွက် အတူကြိုးစားပျာများတဲ့၊ အလုပ်အခြေအနေတိုးတက်ဖို့ အတူကြိုးပမ်းခဲ့တာ မျက်နှာပေါ်မှာပင်ပန်းဒဏ်တွေ ပြည့်နှက်နေပြီး ဘဝလှိုင်းကြားမှာ မြှုပ်လိုက်ပေါ်လိုက်ဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ။

ရှည်လျားတဲ့ လူ့ဘဝလမ်းမပေါ်မှာ ကျွန်မတို့နံဘေးမှာ သူငယ်ချင်းတွေက အမြဲအဖော်ပြုရှိနေခဲ့ပါတယ်။ ဒီသူငယ်ချင်းတွေက မတူတဲ့ဇာတ်ကောင်အဖြစ်နဲ့ အလှည့်ကျသရုပ်ဆောင်နေကြပါတယ်။ သူတို့နဲ့ ခွဲခွာရချိန်တိုင်း၊ စွန့်ခွာရချိန်တိုင်း ကျွန်မတို့မှာ ဝမ်းနည်းခြင်းတွေနဲ့ ကောင်းချီးမင်္ဂလာတွေ ကျန်ရစ်ခဲ့တယ်။ လျစ်လျူရှုမိတိုင်း၊ နောက်ကိုပြန်လှည့်ကြည့်တိုင်း ကျွန်မတို့မှာ ပူဆွေးနောင်တနဲ့ မျှော်လင့်ချက်တွေ ကျန်ရစ်ခဲ့တယ်။

"ငါတို့ရဲ့ခင်မင်မှု အဓွန့်ရှည်ပါစေ။ နှစ်ပေါင်းများစွာကြာမြဲပါစေ" လို့ ကျွန်မတို့ပြောတတ်ကြတယ်။ တကယ်ပဲ ခင်မင်မှုတွေက အချိန်ကိုကျော်ဖြစ်နိုင်တယ်။ အကွာအဝေးကို ကျော်ဖြတ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီခင်မင်မှုကို ကျွန်မတို့ကောင်းကောင်း တန်ဖိုးမထားခဲ့ရင် အချိန်ကိုကျော်ဖြတ်နိုင်သည့်တိုင် ပါးလွှလွှစိတ်ဝိညာဉ်ကိုတော့ ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူငယ်ချင်းတွေကို သတိရတဲ့အခါ သူ့ဖုန်းကိုကောက်ဆက်ပြီး မြည်သံနှစ်ချက်လောက် ပေးလိုက်ပါ။ ကမ္ဘာ့ရဲ့ထောင့်တစ်နေရာက သူငယ်ချင်းတစ်ယောက် သူ့ကိုသတိရနေတယ်ဆိုတဲ့အကြောင်း သူသိပါစေ။ ခင်မင်မှုတစ်ခုက ကမ္ဘာပျက်သုန်းတဲ့အထိ သူ့အနားမှာရှိနေကြောင်း သူသိပါစေ။

တကယ်လို့ သူ့ကိုသတိရခဲ့ရင် သူ့ဖုန်းကို မြည်သံနှစ်ချက်ပေးလိုက်ပါ။ အပြန်အလှန်နားလည်မှုတစ်ခု၊ ဂရုစိုက်မှုတစ်ခုကိုထိန်းထားနိုင်တဲ့ ခင်မင်ရင်းနှီးမှုတစ်ခုနဲ့ အချိန်ကိုကျော်ဖြတ်၊ သေဆုံးခြင်းကို ကျော်ဖြတ်ကြရအောင်။ အရာရာအားလုံး ပျက်သုန်းထိတိုင်အောင်ပေါ့............

ဒီစာကိုဖတ်ပြီးရင် သင်သတိရတဲ့သူငယ်ချင်းတွေရဲ့ဖုန်းကို မြည်သံနှစ်ချက်ပေးလိုက်ပါ.......

မူရင်း --- http://www.xiaole8.com/youqingwz/8120.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

အချစ်ဆိုတာ ဘာလဲ?

အချစ်ဆိုတာ ဘာလဲ?

ကျွမ်းကျင်သူပညာရှင်တစ်စုက အသက်(၄)နှစ်က (၈)နှစ်အရွယ်ထိ ကလေးတွေကို "အချစ်ဆိုတာ ဘာလဲ?"ဆိုတဲ့မေးခွန်းကို မေးခဲ့ကြတယ်။ လူတွေထင်မှတ်မထားလောက်တဲ့ ကလေးတွေရဲ့ ကျယ်ပြန့်လေးနက်တဲ့အဖြေကို တွေ့ခဲ့ရပါတယ်။ သင့်ရော.. အချစ်ကို ဘယ်လိုသတ်မှတ်ထားသလဲ?

(၁) သမီးရဲ့ဘွားဘွားက အဆစ်ရောင်ရောဂါရှိတယ်။ သူက ခါးကုန်းပြီးခြေသည်းမညှပ်နိုင်ဘူး။ ဒါကို ဘိုးဘိုးကညှပ်ပေးတယ်။ ဘိုးဘိုးက သူ့လက်ဆစ်ရောင်တာကိုတောင်မမူဘဲ လုပ်ပေးတယ်။ ဒါဟာ အချစ်ဖြစ်တယ်။ --- Rebecca (၈)နှစ်

(၂) လူတစ်ယောက်က သင့်ကိုချစ်မိပြီဆိုရင် သင့်နာမည်ကိုခေါ်တဲ့ သူ့အခေါ်ကပြောင်းသွားတယ်။ သူ့ပါးစပ်ကနေ ထွက်လာတဲ့ သင့်နာမည်က သင့်ကိုခံစားမှုကောင်းတွေပေးတယ်။ --- Billy (၄)နှစ်

(၃) အချစ်ဆိုတာ မိန်းကလေးက ရေမွှေးဆွတ်၊ ယောက်ျားလေးက အော်ဒီကလုံးရေမွှေးဖြန်း.. အဲဒီနောက် သူတို့ချိန်းတွေကြပြီး အချင်းချင်း အနံ့ခံကြတာဖြစ်တယ်။ ---- Carl (၅)နှစ်

(၄) အချစ်ဆိုတာ အပြင်ထွက်အစာစားချိန် သင်က သင့်ရဲ့အာလူးချောင်းကြော်တွေကို တစ်စုံတစ်ယောက်ကို ပေးလိုက်တယ်။ အဲဒီတစ်စုံတစ်ယောက်က သူ့ရဲ့အစားအစာတွေ သင့်ကိုပြန်ပေးမပေးဆိုတာကို သင်ဂရုမစိုက်ခဲ့ဘူး။ ----- Krist (6)နှစ်

(၅) အချစ်ဆိုတာ သင်ပင်ပန်းတဲ့အချိန် သင့်ကိုပြုံးစေ၊ ရယ်မောစေတဲ့အရာဖြစ်တယ်။ --- Terry (၄)နှစ်

(၆) အချစ်ဆိုတာ မေမေကဖေဖေကို ကော်ဖီဖျော်ပေးပြီး ဖေဖေ့ကိုမပေးခင် အရသာကောင်းမကောင်း တစ်ငုံအရင်သောက်ကြည့်တာဖြစ်တယ်။ --- Danny (၇)နှစ်

(၇) အချစ်ဆိုတာ သင်တို့အချင်းချင်း နမ်းရှုံ့ကြတယ်။ အဲဒီနောက် နမ်းရှုံ့ဖို့ကို သင်တို့ငြီးငွေ့သွားကြတယ်။ ဒါပေမဲ့ သင်တို့အတူရှိနေကြတယ်။ သင်တို့စကားတွေ အများကြီးပြောကြတယ်။ ဖေဖေနဲ့မေမေက အဲဒီလိုပဲ။ သူတို့နမ်းတဲ့အခါ မြင်ရသူအဖို့ အရမ်းညစ်ပတ်တယ်။ --- Emily (၈)နှစ်

(၈) အချစ်ဆိုတာ သင့်အခန်းထဲမှာ သင်ခရစ္စမတ်လက်ဆောင်ဖြည်နေတဲ့အချိန် ဖြည်နေတာကိုရပ်ပြီး သင့်ကို နားစွင့်စေတဲ့အရာဖြစ်တယ်။ --- Bobby (၇)နှစ်

(၉) တကယ်လို့ ပိုချစ်တတ်အောင် သင်, သင်ယူချင်ရင် သင်မုန်းတဲ့လူကနေ စပြီး သင်ချစ်သင့်တယ်။ --- Monica (၆)နှစ်

(၁ဝ) အချစ်ဆိုတာ ကောင်လေးတစ်ယောက်ကို နင်ဒီအင်္ကျီနဲ့အရမ်းလိုက်တယ်လို့ သင်ပြောပြီးတဲ့နောက် သူဟာအဲဒီအင်္ကျီကို နေ့တိုင်းဝတ်နေတာပဲဖြစ်တယ်။ --- Noel (၇)နှစ်

(၁၁) အချစ်ဆိုတာ အဘွားအိုလေး၊ အဘိုးအိုလေးနဲ့တူတယ်။ သူတို့ဟာ အချင်းချင်းဘယ်လောက်ပဲ နားလည်နားလည် သူတို့ဟာသူငယ်ချင်းပဲဖြစ်တယ်။---- Tommy (၆)နှစ်

(၁၂) စန္ဒားယားဖြေဖျော်တဲ့စင်ပေါ်မှာ ကျွန်မတစ်ယောက်ထဲ၊ ကျွန်မအရမ်းစိတ်လှုပ်ရှားနေတယ်။ စင်အောက်ကိုကြည့်တော့ စင်အောက်ကလူတွေအားလုံး ကျွန်မကိုကြည့်နေတယ်။ ဖေဖေကို ကျွန်မလှမ်းမြင်လိုက်တယ်။ ဖေဖေက လက်ဝှေ့ယမ်းပြီး ပြုံးပြတယ်။ ဖေဖေတစ်ယောက်ပဲ ကျွန်မကို ဒီလိုလုပ်ပြတယ်။ ကျွန်မ မကြောက်ရွံ့တော့ဘူး။ ----- Cindy (၈)နှစ်

(၁၃) မေမေက တခြားလူတွေထက် ကျွန်မကို ပိုချစ်တယ်။ ကျွန်မကို နမ်းပြီး အိမ်မောကျစေတာ မေမေတစ်ယောက်တည်းပဲရှိတယ်။ ---- Claire (၆)နှစ်

(၁၄) အချစ်ဆိုတာ အကောင်းဆုံးကြက်သားတစ်တုံးကို မေမေက ဖေဖေ့ပန်းကန်ထဲ ထည့်ပေးတဲ့အချိန်ဖြစ်တယ်။ ---- Elaine (၅)နှစ်

(၁၅) အချစ်ဆိုတာ ချွေးတွေနဲ့ တစ်ကိုယ်လုံးနံစော်နေတဲ့ဖေဖေကို မေမေက Charles Robert Redford ထက်ပိုချောတယ်လို့ ပြောတာဖြစ်တယ်။ --- Christine (၇)နှစ်

(၁၆) အချစ်ဆိုတာ သင့်ခွေးကလေးကို သင်တစ်နေကုန်ပစ်ထားပြီး ဂရုမစိုက်ခဲ့လည်း သင့်ခွေးကလေးက သင့်ပါးကို လာလျက်နေတုန်းဖြစ်တယ်။--- Mary Ann (၄)နှစ်

(၁၇) ကျွန်မရဲ့မမ ကျွန်မကိုချစ်မှန်း ကျွန်မသိတယ်။ မမက သူ့အဝတ်အစားဟောင်းတွေ ကျွန်မကိုပေးပြီး သူက အဝတ်အစားအသစ် မဖြစ်မနေထွက်ဝယ်ရတယ်။ ---- Lorine (၄)နှစ်

(၁၈) လူတစ်ယောက်ကို သင်ချစ်မိတဲ့အခါ သင်မျက်လုံးက မှိတ်တုတ်မှိတ်တုတ်နဲ့ မျက်လုံးထဲကနေ ကြယ်တွေထွက်လာတာဖြစ်တယ်။ ---- Kiven (၇)နှစ်

(၁၉) အချစ်ဆိုတာ မေမေက ဖေဖေ့ကိုအိမ်သာထဲမှာတွေ့သည့်တိုင် မေမေက ဒါကိုရွံ့စရာကောင်းတယ်လို့ မထင်တာဖြစ်တယ်။--- Mark (၆)နှစ်

(၂ဝ) "နင့်ကိုငါချစ်တယ်" လို့ မပြောပါနဲ့။ တကယ်လို့ သင်ပြောခဲ့ပြီဆိုရင် ဒါကိုသင်တကယ်လုပ်တော့မှာပါ။ တကယ်လုပ်ပြီဆိုတာနဲ့ "နင့်ကိုငါချစ်တယ်"လို့ မကြာခဏ သင်ပြောသင့်ပါတယ်။ လူတွေက ဒါကိုအမြဲမေ့နေခဲ့လို့ပါ။ ---- Jessica (၈)နှစ်

(၂၁) စာရေးဆရာတစ်ဦးက ပြိုင်ပွဲတစ်ခုမှာ သူဒိုင်လူကြီးလုပ်ခဲ့တဲ့ အတွေ့အကြုံကို ပြောပြတယ်။ အဲဒီပြိုင်ပွဲက ချစ်စိတ်အရှိဆုံးကလေးကို ရွေးထုတ်တာဖြစ်တယ်။ နောက်ဆုံးမှာ (၄)နှစ်အရွယ်ကလေးတစ်ယောက် အရွေးခံလိုက်ရတယ်။ အဲဒီကလေးငယ်ရဲ့အိမ်နီးချင်းက အသစ်ပြောင်းလာတဲ့ အဘိုးအိုတစ်ဦးဖြစ်တယ်။ တစ်နေ့မှာ အဘိုးအိုငိုနေတာကို ကလေးငယ်ကမြင်တော့ အဘိုးအိုရဲ့ခြံထဲဝင်ပြီး အဘိုးအိုရဲ့ပေါင်ပေါ်ထက်ထိုင်နေလိုက်တယ်။ နောက်တော့ ကလေးငယ်မေမေက ကလေးငယ်ကိုမေးတယ်။ အဘိုးအိုကို ဘာတွေသွားပြောသလဲဆိုတော့ ကလေးငယ်က "ဘာမှမပြောပါဘူး... သူ့ကို ကူငိုပေးလိုက်တယ်"လို့ ပြောခဲ့တယ်။

မူရင်း-- http://www.douban.com/group/topic/19554426/

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About