အင်တာနက်ပေါ်က ပုံပြင်များ

အင်တာနက်ပေါ်က ပုံပြင်များ

(၁)
ပျားဘုရင်မတစ်ကောင်ဟာ ပျားအိမ်ထဲက ပျားရည်တစ်ချို့ကိုယူပြီး နတ်မင်းကြီးကို ဆက်ကပ်ခဲ့တယ်။ ချိုမြိန်တဲ့ပျားရည်ကြောင့် နတ်မင်းကြီးဟာ သဘောကျနှစ်ခြိုက်ပြီး ပျားဘုရင်မကို

ကြိုက်တဲ့ဆုတောင်းဆိုနိုင်တယ်လို့ အခွင့်ပေးလိုက်တယ်။

ပျားဘုရင်မက နတ်မင်းကြီးကို “အကျွန်ုပ်တို့အား ဆူးတစ်ချောင်းချီးမြှင့်ပါ။ ကျွန်ုပ်တို့၏ပျားရည်ကို လူတွေလာရောက် ယူဆောင်ချိန်မှာ ဆူးနဲ့ထိုးနိုင်အောင်ပါ” လို့ တောင်းဆိုလိုက်တယ်။

ပျားဘုရင်မရဲ့ တောင်းဆိုချက်ကို နတ်မင်းကြီးက သဘောမကျခဲ့ဘူး။ လူတွေကို နတ်မင်းကြီးက ချစ်ခင်နှစ်သက်တဲ့အတွက်ဖြစ်တယ်။ ဒါပေမယ့် ပျားဘုရင်မကို

အလိုရှိရာတောင်းဆိုခိုင်းတဲ့ ကိုယ့်ဂတိကိုလည်း မဖျက်ချင်တာကြောင့် နတ်မင်းကြီးက “ကောင်းပြီ.. အသင်ကို ကျွန်ုပ်ဆူးတစ်ချောင်းပေးလိုက်မယ်။ ဒါပေမယ့် တစ်ဖက်လူကို

ဆူးနဲ့ထိုးပြီးရင် အသင့်မှာ ဆူးဆုံးရှုံးသွားပြီဖြစ်တဲ့အတွက် အသင်သေပွဲဝင်ရပါလိမ့်မယ်” လို့ပြောပြီး ပျားတွေကို ဆူးတစ်ချောင်းစီပေးခဲ့တယ်။

ပုံပြင်ထဲက “ဆူး” ဟာ ကျွန်မတို့ရဲ့ အတ္တ၊ တစ်ကိုယ်ကောင်းဆန်မှု၊ သဘောထား မပြည့်ဝမှုတွေပဲ ဖြစ်တယ်။ အဲဒီအရာတွေက တစ်ဖက်သားကို ထိခိုက်နိုင်သလို ကိုယ့်ကိုကိုယ်လည်း

ပြန်ထိခိုက်စေပါတယ်။ ပျားတွေလို အသက်မသေဆုံးနိုင်ပေမယ့် အတ္တ၊ တစ်ကိုယ်ကောင်းဆန်မှု၊ သဘောထား မပြည့်ဝမှုတွေကြောင့် ကိုယ်ချစ်တဲ့သူ၊ သူငယ်ချင်း မိတ်ဆွေတွေကို

ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကလည်း နာကျင်ထိခိုက်ခြင်းတစ်မျိုးပဲ မဟုတ်ပါလား?

မူရင်း… 蜜蜂和天神 (ပျားနှင့် နတ်မင်း)

(၂)
သူကြွယ်တစ်ဦးဟာ ရေစီးသန်တဲ့မြစ်ကို ကူးဖြတ်ရင်း လှေမှောက်သွားခဲ့လို့ မြစ်လယ်မှာရှိတဲ့ ကျောက်တုံးတစ်တုံးပေါ် တက်ပြီး အကူအညီရဖို့ အော်ဟစ်နေခဲ့တယ်။ အဲဒီအချိန်မှာ

လူငယ်တစ်ဦး ရောက်လာခဲ့တယ်။ လူငယ်ဟာ ကိုယ့်အသက်ကိုမှမမှုဘဲ သူကြွယ်ကိုကယ်ဖို့ လှေကိုလှော်ခတ်ခဲ့တယ်။ ဒါပေမယ့် ရေစီးသန်တဲ့အတွက် လှေကထင်သလောက်

အမြန်မလှော်နိုင်ခဲ့ဘူး။

“ငါ့ကို မြန်မြန်ကယ်ပါ.. ငါ့ကိုကယ်နိုင်ရင် မင်းကို ငွေတစ်ထောင်ပေးမယ်”

သူကြွယ်က အော်ဟစ်ပေမယ့် ရေစီးသန်တဲ့အတွက် လှေကဖြေးဖြေးပဲ ရွေ့လျားနိုင်ခဲ့တယ်။

“မြန်မြန်လှော်ပါ.. ဒီအရောက်လှော်ခဲ့ရင် ငါငွေနှစ်ထောင်ပေးမယ်”

လူငယ်က အားကြိုးမာန်တက် လှော်ခဲ့ပေမယ့် လှိုင်းတွေကြားမှာ ထင်သလောက်အရာမရောက်ခဲ့ဘူး။

“ရေတွေတက်လာပြီ .. အားစိတ်စမ်းပါ။ မင်းကိုငွေငါးထောင်ပေးမယ်”

သူကြွယ်ကအော်ဟစ်တယ်။ ရေက သူရပ်ထားတဲ့ကျောက်တုံးကို တဖြည်းဖြည်း မြှုပ်လာခဲ့ပြီဖြစ်တယ်။ လှေက သူကြွယ်ဆီတဖြေးဖြေး ချည်းကပ်လာခဲ့ပေမယ့် နှေးနေခဲ့တယ်။

“မြန်မြန်လှော် ငါ တစ်သောင်းပေးမယ်”

သူကြွယ်ရဲ့ ခြေကို ရေစမြှုပ်နေပြီဖြစ်တယ်။ ဒါပေမယ့် လှေနှုန်းက ပိုနှေးလာခဲ့တယ်။

“ငါးသောင်းပေးမယ်.. ငါးသောင်း…. “

စကားတောင်ဆုံးအောင် မပြောနိုင်ဘဲ လှိုင်းကြီးတစ်လုံးကြောင့် သူကြွယ်မြစ်ထဲကျ နစ်မြှုပ်ပြီး ရေနောက်လိုက်ပါသွားခဲ့တယ်။

လူငယ်က လှေကိုကမ်းကပ်ပြီး ဝမ်းနည်းစွာနဲ့ “ခင်ဗျားကို ကျွန်တော်ကယ်မလိုပါပဲ။ ဒါပေမယ့် ဘာကြောင့် ကျွန်တော့်ကို ငွေတွေလာပေးခဲ့ရသလဲ! တစ်ကြိမ်ပြီးတစ်ကြိမ်

ငွေတွေတိုးပေးခဲ့လို့ ကျွန်တော်ဖြေးဖြေးလှော်ရင် ငွေပိုရနိုင်မယ်လို့ တွေးထင်ခဲ့တယ်။ ဒါကြောင့် ရေနောက်ခင်ဗျားပါသွားခဲ့တယ်။ ကျွန်တော်ကြောင့် ခင်ဗျားအသက်ဆုံးရှုံးခဲ့ရတယ်။

ဒါပေမယ့်… ခင်ဗျားကိုကယ်ဖို့ ကျွန်တော်စိတ်ထဲမှာ ရိုးသားမှုတွေပဲရှိပြီး အကျိုးအမြတ်ကို ထည့်မစဉ်းစားမိချိန်မှာ ခင်ဗျားဘာဖြစ်လို့ ကျွန်တော်ကို ငွေတွေပေးမယ်လို့ ပြောခဲ့ရသလဲ?”

မူရင်းရေးသားသူ — 劉墉 (Liu Yong) 富翁之死 (သူကြွယ်ကြီး၏ သေဆုံးမှု)

အင်တာနက်ပေါ်က စာတွေ ကျွန်မအတွက် ဖတ်မကုန်နိုင်အောင်ပါပဲ။ ဖတ်ချင်တဲ့ စာအမျိုးအစားကို ဂူဂယ်မှာရိုက်ပြီး ရှာလိုက်ရုံပါပဲ။ ဒီနေ့ မိုးအေးအေးနဲ့ ဖတ်ခဲ့သမျှ ပြန်ဝေမျှပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About