စိတ်ချမ်းသာမှုကို ပွေ့ဖက်ပါ

လူတွေက စိတ်မကြည်လင်တဲ့အချိန် စိတ်ညစ်စရာတွေကို ကိုယ့်စိတ်ထဲ မသိမသာထည့်ထားမိတတ်တယ်။ တချို့က အခန်းတံခါးပိတ်ပြီး ဘယ်သူနဲ့မှ စကားမပြောတော့ဘူး။ မကျေနပ်တာကို ရင်ထဲထည့်ထားပြီး တစ်ယောက်ထဲ စိတ်တိုဒေါသထွက်တတ်တယ်။ တချို့က မျက်မှောင်ကျုံ့ပြီး တောင်တောင်မြောက်မြောက် လျှောက်တွေးတတ်တယ်။ နောက်ဆုံးတော့ တွေးလေ စိတ်ညစ်လေ၊ ဒေါသထွက်လေ၊ ဝမ်းနည်းလေ ဖြစ်ကြရတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်စိတ်ကို ညှင်းပန်းနှိပ်စက်နေတဲ့အရာတွေ အပြင်ထွက်သွားအောင် ကိုယ့်စိတ်ပြတင်းပေါက်ကို ဖွင့်ပေးတတ်ရတယ်။



စိတ်ချမ်းသာမှုတစ်ခုရချင်ရင် ပထမဦးဆုံး စိတ်ညစ်၊ စိတ်ဆင်းရဲစရာတွေထဲကနေ လွတ်မြောက်အောင် ကျွန်တော်တို့ အရင်ကြိုးစားသင့်တယ်။ စိတ်ညစ်စရာနဲ့ ကြုံတဲ့အခါ ခံစားချက် ဝန်ထုပ်ဝန်ပိုးတွေကိုချပြီး အဖြစ်မှန်ကို အရင်သုံးသပ်ကြည့်သင့်တယ်။ ပြီးမှ ဖြေရှင်းသင့်တဲ့အရာကို ဖြေရှင်းပြီး ဖြေရှင်းစရာမလိုတဲ့၊ ကိုယ့်စိတ်ကို ပိုရှုပ်ထွေးအောင်လုပ်တဲ့ အမှိုက်တွေကိုတော့ ဆုံးဖြတ်ချက် ဒုံးဒုံးချပြီး လွှင့်ပစ်တတ်ရတယ်။ ဒီလိုလုပ်ဆောင်နိုင်မှ စိတ်တွေလန်းဆန်းပြီး ဦးနှောက်တွေ ကြည်လင်လာနိုင်တယ်။ စိတ်ညစ်စရာတွေကို ဥပေက္ခာပြုတတ်ဖို့၊ စွန့်လွှတ်တတ်ဖို့ လိုပါတယ်။



ဥပေက္ခာပြုတတ်၊ စွန့်လွှတ်တတ်ဖို့ဆိုတဲ့ထဲမှာ မှတ်သားသင့်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုထားပါတယ်။



တစ်ခါတုန်းက ခရီးသွားတစ်ဦးဟာ အန္တရာယ်များတဲ့ ချောက်ကမ်းပါးတစ်ခုကို ကျော်ဖြတ်ချိန်မှာ မတော်တဆ ချောက်ကမ်းပါးထဲ ပြုတ်ကျသွားခဲ့တယ်။ ပြုတ်ကျတဲ့အချိန် ကြောက်အားလန့်အားနဲ့ သစ်ကိုင်းတစ်ကိုင်းကို ဆွဲမိဆွဲရာ ဆွဲထားလိုက်တော့ ခရီးသည်ဟာ အပေါ်မရောက်၊ အောက်မရောက်နဲ့ အလယ်မှာ တွဲလောင်းကျနေခဲ့တယ်။ ဒီအချိန်မှာ ခရီးသည်က ဘုရားကိုအာရုံပြုပြီး ကယ်တင်ခံရဖို့ ဆုတောင်းတော့တယ်။ ဘုရားက ခရီးသည်ကိုကယ်တင်ဖို့ ကိုယ်ထင်ပြပြီး " အသင့်လက်ထဲက သစ်ကိုင်းကို လွှတ်ချလိုက်ပါ" လို့ဆိုတယ်။ ဒါပေမယ့် ခရီးသည်က "လက်ကိုလွတ်လိုက်တာနဲ့ တပည့်တော် ချောက်ထဲကျသေနိုင်တယ်" လို့ပြောပြီး သစ်ကိုင်းကို ပိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့တယ်။



အဲဒီလို ခေါင်းမာတင်းခံတဲ့လူတစ်ယောက်ကို ဘုရားလည်း မကယ်တင်နိုင်ခဲ့ပါဘူး။ အဲဒီလိုပဲ စိတ်မကြည်လင်တဲ့အချိန် စိတ်ညစ်စရာတွေကို ကျွန်တော်တို့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိတတ်တယ်။ လက်လွတ်ပြီး အခွင့်အကောင်းအသစ်ကို မရှာခဲ့ရင်၊ အတွေးသစ်တွေကို ဦးနှောက်ထဲအဝင်မခံခဲ့ရင် စိတ်ညစ်စရာ မြူစိုင်မြူခဲတွေထဲ ကိုယ်ပိတ်လှောင်ခံနေဦးမှာပါပဲ...



တကယ်တော့ အတွေးကိုပြောင်းလဲပြီး စိတ်သဘောထားကို အနည်းငယ်ပြုပြင်မယ် ဒါမှမဟုတ် အနေအထိုင်ပြောင်းပြီး ပတ်ဝန်းကျင်အသစ်ရှာမယ် စတာတွေနဲ့ စိတ်ဆင်းရဲစရာတွေကို ဖြေဖျောက်ပြီး စိတ်ချမ်းသာမှုတွေကို ကြိုဆိုနိုင်ပါတယ်။



ကျွန်တော့်မိတ်ဆွေတစ်ဦးက အမြဲတမ်း မျက်နှာရှစ်ခေါက်ချိုးနဲ့ ပြဿနာအသေးအမွှားအတွက် စိတ်တို၊ ဒေါသထွက်နေတတ်တယ်။ ကလေးတွေ အမှတ်မကောင်းလဲ သူ့ခမျာတစ်နေကုန် စိတ်ညစ်နေတာပဲ။

သူ့အမျိုးသား မတော်တဆပြောမိတဲ့ စကားတစ်ခွန်းအတွက်နဲ့လည်း သူမစားနိုင်၊ မသောက်နိုင်ဖြစ်တတ်တယ်။

"ဘယ်လိုကိစ္စမျိုးမဆို ကျွန်မစိတ်ထဲမှာ အချိန်အကြာကြီးရှိနေတတ်ပြီး အလုပ်အကိုင်၊ နေထိုင်မှုတွေကို ထိခိုက်စေတဲ့ စိတ်ညစ်စရာတွေ ဖြစ်လာခဲ့တယ်" လို့ သူကဆိုပါတယ်။



တစ်နေ့မှာ စိတ်လက်မကြည်သာတဲ့အချိန် အရေးကြီးတဲ့အစည်းအဝေးတစ်ခု သူသွားရတယ်။ မှန်ထဲက မအီမသာဖြစ်နေတဲ့ ကိုယ်ရုပ်ကိုကြည့်ပြီး ကျွန်တော့်ကို သူဖုန်းဆက်တယ်။



"ဘယ်လိုလုပ်ရင် ကောင်းမလဲ? ကျွန်မစိတ်တွေညစ်နေတယ်။ ကျွန်မရုပ်က ညှိးနွမ်းပြီး သွက်လက်ပုံမပြဘူး။ ဒီအစည်းအဝေးက အရေးကြီးလို့ပါ"



"အဲဒီ ညစ်နေတဲ့စိတ်ကို လွှတ်ချလိုက်ပါ။ ညှိးနွမ်းနေတာတွေပျောက်အောင် မျက်နှာသစ်လိုက်ပါ။ မျက်နှာကိုပြုပြင်ပြီး ကိုယ့်ကိုယ်ယုံကြည်မှုတွေ ထပ်ဖြည့်လိုက်ပါ။ ကိုယ်ဟာ ပျော်ရွှင်ချမ်းမြေ့သူတစ်ယောက်လို့ ထင်လိုက်ပါ။ ကိုယ့်ဟာ ပျော်ရွှင်မှု၊ ယုံကြည်မှုအပြည့်ရှိသူလို့ ထင်မှတ်ရင် ကိုယ့်ရဲ့စိတ်က ကြည်လင်လန်းဆန်းလာလိမ့်မယ်။ စိတ်ကြည်ရင် မျက်နှာကြည်မယ်၊ ပြုံးရွှင်မယ်"လို့ ကျွန်တော် အကြံပေးလိုက်တယ်။



အဲဒီညမှာ ကျွန်တော့်ဆီဖုန်းဆက်ပြီး "ဆရာ... ဒီတစ်ခေါက် အစည်းအဝေးမှာ ကျွန်မအောင်အောင်မြင်မြင် ပါဝင်နိုင်ခဲ့တယ်။ ပရော့ဂျက်အသစ်နဲ့ အလုပ်အသစ်ရလိုက်တယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ ဖြည့်လိုက်တာနဲ့ ယုံကြည်မှုတွေရလာမယ်၊ စိတ်ချမ်းသာမှုတွေဖြည့်ရင် စိတ်ညစ်စရာတွေ ပျောက်ကွယ်သွားမယ်ဆိုတာကို ကျွန်မတစ်ခါမှ တွေးထင်မထားခဲ့မိဘူး။ ဆရာရဲ့ အားပေးစကားတွေအတွက် ကျေးဇူးပါဆရာ"လို့ သူကပြောခဲ့တယ်။



ဒါဟာ စိတ်ကိုကုသတဲ့ နည်းဖြစ်တယ်လို့ သူ့ကို ကျွန်တော်ပြန်ပြောဖြစ်ခဲ့တယ်။



"လူတွေက ကိုယ့်စိတ်ခံစားချက်ကို ပြောင်းလဲတတ်ရမယ်။ ဒါမှ အတွေးအမြင်သစ်နဲ့ အပြုအမူတွေကို ပြောင်းလဲနိုင်မယ်" ဒီသဘောတရားက လည်ပတ်နေတယ်။ အတွေးပြောင်းရင် ခံစားချက်ပြောင်းတယ်၊ ခံစားချက်ပြောင်းရင် အတွေးသစ်ရတယ်။ ဒီသဘောတရားပဲဖြစ်ပါတယ်။



ဒီလိုနည်းတချို့ကို ကျွန်တော်တို့သတိပြုထားသင့်တယ်။



(၁) ကိစ္စတစ်ခုကို စိတ်ရွှင်ရွှင်လန်းလန်းနဲ့ ကျွန်တော်တို့ လုပ်ဆောင်တော့မယ့်အခါ အထက်ကနည်းအတိုင်း ကိုယ့်စိတ်ထဲ ပျော်ရွှင်မှုတွေဖြည့်ပြီး စိတ်ညစ်စရာကို ပယ်ထုတ်လိုက်မယ်။ အမှိုက်အတွေးတွေနဲ့ ခံစားချက်အစုတ်တွေကို ကိုယ့်စိတ်ထဲကနေ လှဲကျင်းထုတ်လိုက်မယ်။



(၂) စိတ်ဓာတ်မြှင့်စာတွေ ဖတ်ပြီး ကိုယ့်စိတ်ခွန်အားတွေကို ဖြည့်မယ်။



(၃) ကိုယ့်အပြုအမူကို ဂရုစိုက်ရမယ်။ ကိုယ်ကို ဖြောင့်မတ်အောင်ထားပြီး အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဝတ်ဆင်မယ်။ စိတ်လက်မပါ ငုပ်ငုပ်လျှိုးလျှိုး အပြုအမူတွေက ကံမကောင်းခြင်းတွေရဲ့ စရိုက်လက္ခဏာဖြစ်တယ်။



(၄) အန္တရာယ်အခက်အခဲကြားမှာ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားနိုင်ရမယ်။ တင်းကျပ်နေတဲ့ စိုးရိမ်စိတ်ကို ဖြေလျော့တတ်ရမယ်။ ဖြေလျော့နည်းက ဥပမာ - အားကစားလုပ်မယ်၊ တရားထိုင်မယ်၊ ခရီးထွက်မယ်။



(၅) အမေရိကန်ကယ်ရီဖိုးနီးယားက စိတ်ပညာရှင် Ekmanက လေ့လာဆန်းစစ်ချက်တစ်ခု ပြုလုပ်ခဲ့တယ်။

Ekman က အစမ်းသပ်ခံသူတွေကို အံ့သြတာ၊ ကောက်ကျစ်တာ၊ စိတ်ဓာတ်ကျ၊ ဒေါသထွက်တာ၊ ကြောက်လန့်၊ ပျော်ရွှင်တာစတဲ့ အမူအရာတွေ လုပ်ခိုင်းစေခဲ့တယ်။ စမ်းသပ်ခံသူတွေ လုပ်လိုက်တဲ့ အပြုအမူအတိုင်းပဲ သူတို့စိတ်လည်းလိုက်ပြီး ပြောင်းလဲသွားတာကို တွေ့ခဲ့ရတယ်။ ကြောက်လန့်တဲ့အပြုအမူ လုပ်လိုက်တဲ့ စမ်းသပ်ခံသူတစ်ယောက်ရဲ့ နှလုံးခုန်ချက်ဟာ မြန်ဆန်ပြီး ကိုယ်အပူချိန်ကျသွားကြောင်း တွေ့ရတယ်။ တခြားအပြုအမူလုပ်သူတွေမှာလည်း မတူတဲ့ ပြောင်းလဲချက်တွေကို တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ ဘယ်လိုပြုမူရင် စိတ်ခံစားချက်ကလဲလိုက်ပြီး ပြောင်းလဲတတ်ပါတယ်။

ကမ္ဘာကျော်ခဲ့သော အလွဲများ...

Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲ ကုမ္ပဏီအသေးလေးလုပ်မယ်ဆိုပြီး နာမည်ကို Micro (သေးငယ်သော) Soft (Software) ဆိုပြီး နာမည်ပေးခဲ့တာ။ ယနေ့ခေတ်မှာ အကြီးဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်နေပြီ။



စတိဗ်ဂျော့က သူ့ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ သူ့သူငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး အဲဒီပန်းသီးတစ်ကိုက် ကိုက်မိတဲ့ ပုံနဲ့ပဲ Apple ကုမ္ပဏီဆိုတာ ဖြစ်လာခဲ့တယ်။



င်္Final Fanatasy ဂိမ်းစီးရီးတွေနဲ့ အောင်မြင်ခဲ့တဲ့ Square ကုမ္ပဏီဟာ ပထမတော့ သူ့ကုမ္ပဏီက ဂိမ်းထုတ်တိုင်းရှုံးနေတာ။ ဘတ်ဂျက်ကလဲ သိပ်မကျန်တော့ဘူး။ နောက်ဆုံး ဒီဂိမ်းတစ်ခုထုတ်ပြီး ထပ်ရှုံးရင်တော့ ဒေဝါလီခံတော့မယ်ဆိုပြီး ဂိမ်းနာမည်ကို Final Fantasy (နောက်ဆုံးသော စိတ်ကူးယဉ်မှု) ဆိုပြီး ထုတ်လိုက်တာ အဲဒီကတည်းက ကုမ္ပဏီအောင်မြင်တာ ယခုအထိပါပဲ။



Google Search Engine ကို စတင်တည်ထောင်သူတွေထဲက Larry Page က HTML ကို သိပ်မကျွမ်းကျင်ပါဘူး။ ဒါကြောင့် Google Home Page ကိုစလုပ်တော့ အဲဒီခေတ်က အလားတူ Search Engine ပုံစံတွေနဲ့ယှဉ်ရင် အရှင်းဆုံးပုံစံဖြစ်နေတာပါပဲ။ နာမည်ကို မှတ်ပုံတင်ဖို့သွားတော့လဲ ပထမတော့ Goggle (လေသူရဲတွေ လေယာဉ်မောင်းချိန်တပ်တဲ့မျက်မှန်) ဆိုတာကိုရွေးလိုက်တာပါ။ ဒါပေမယ့် မှတ်ပုံတင်လုပ်တဲ့လူကလွဲပြီးတော့ Google ဆိုပြီး မှတ်ပုံတင်ပေးလိုက်တော့ အဲဒီနာမည်ကိုပဲ သုံးဖြစ်သွားတာပါ။ ယခုဆိုရင် Google ဆိုတာ အင်တာနက်တွင်ရှာဖွေသည်လို့ အဓိပ္ပာယ်ထွက်တဲ့အထိ အောင်မြင်နေပါပြီ။



Facebook ကို စတင်တည်ထောင်တဲ့ မက်ခ်ဇူကာဘတ် ကလဲ အပြာရောင်ကိုသာ အခြားအရောင်များထက် ပိုမို ခွဲခြားနိုင်ပါတယ်။ အခြားအရောင်တွေကို သူသိပ်မခွဲတတ်ပါဘူး။ အဲဒီတော့ သူခွဲတတ်တဲ့ အရောင် အပြာကိုပဲ သုံးလိုက်တာ ယခုဆိုရင် အပြာရောင်ဘားတန်းနဲ့ အဖြူရောင်စာလုံးဆိုရင် Facebook သင်္ကေတဖြစ်နေပါပြီ။



Java programming ဆိုရင် အဲဒါကစပြီး တီထွင်တုန်းက ပရောဂျက်ခေါင်းဆောင်က သူ့အိမ်က ပြတင်းပေါက်နားမှာ ဝက်သစ်ချပင် ရှိတော့ အဲဒါကိုအစွဲပြုပြီး Oak Progamming ဆိုပြီး နာမည်ပေးလိုက်တာ။ ဒါပေမယ့် မှတ်ပုံတင်တော့ အဲဒါနဲ့ အလားတူနာမည်ရှိနေတော့ အခြားတစ်မျိုးစဉ်းစားရတယ်။ အဲဒီမှာ ပရောဂျက်လုပ်ချိန်က ပရိုဂရမ်မာတွေက ကော်ဖီတွေနင်းကန်သောက်တာကို သတိရပြီး ကော်ဖီအများကြီးထွက်တဲ့ ဂျာဗားကျွန်း နာမည်ကိုယူပြီး ဂျာဗားဆိုတာ ဖြစ်လာတာပဲ။

ပြည့်ဝနိုင်သောအချစ်

ပြည့်ဝနိုင်သောအချစ်

============

သူတို့ မင်္ဂလာဆောင်ခဲ့တာ အခုဆို နှစ်နှစ်ကျော်ပါပြီ။ ကောင်လေးက စာပေပိုင်းမှာ အားသန်တော့ နက်ပေါ်မှာ စာတွေ ရေးပြီး တင်လေ့ရှိတယ်။ ဒါပေမယ့် သူ့စာကို ဖတ်ဖူးတဲ့လူက ခပ်ရှားရှားရယ်။ ဓါတ်ပုံရိုက်တဲ့ အလုပ်နဲ့လည်း အသက်မွေး ၀မ်းကျောင်းတယ်။ မင်္ဂလာပွဲတွေ လိုက်ရိုက်တာပဲ များတယ်။ ကောင်လေးက ကောင်မလေးကို အရမ်းချစ်တယ်။ ကောင်မလေးလည်း အပြန်အလှန်ပေါ့။ ကောင်မလေးက စိတ်မြန် လက်မြန်နဲ့ ဒေါသလည်း အထွက်မြန်တယ်။ ဒေါကြီးမောကြီးနဲ့ ကောင်လေးကို အမြဲ ဆက်ဆံတတ်ပေမယ့် ကောင်လေးကတော့ အမြဲလိုလို ခွင့်လွှတ်ပေးနိုင်ခဲ့တယ်။



ဒီနေ့လည်း ကောင်မလေး ကမူးရှူးတိုး လုပ်ပြန်ပြီ။



မ - မင်း ဘာလို့ ငါ့သူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ ဓါတ်ပုံ မရိုက်ပေးနိုင်ရတာလဲ။ သူ ပိုက်ဆံပေးမယ်လို့ ငါ့ကို ကတိပေးထားတယ်။

က - ငါ အဲဒီနေ့ အချိန် မရှိဘူး။

မ - အန်

က - ဘာဖြစ်

မ - အချိန်မရဘူး ?? ဒီ ဝတ္ထုတွေ လျှော့ရေးပါလား။ ဒါဆို လိုအပ်သလောက် အချိန်တွေ ရပြီပဲ။

က - ငါ .... တချိန်ချိန်မှာ တစ်ယောက်ယောက်ကတော့ ငါရဲ့ အရေးအသားတွေကို အသိအမှတ် ပြုလာမှာပါ။

မ - ဟန်။ ငါ အဲဒါ ဂရုမစိုက်ဘူး။ အဲဒီပွဲကို မင်း ဓါတ်ပုံ သွားရိုက်ကို ရိုက်ပေးရမယ်။

က - ဟင့်အင်း

မ - တစ်ခါတည်းတောင် မရဘူးပေါ့။

က - ဟင့်အင်း

ဒီထက် ဘာမှ ဆက်ညှိနှိုင်းစရာ မရှိတော့ဘူး။ ဒါနဲ့ ကောင်မလေးက နောက်ဆုံး အနေနဲ့ သတိပေးလိုက်တယ်။ "သုံးရက်အတွင်း အင်း ဆိုတဲ့ အဖြေပဲ ကြားချင်တယ်။ အဲလို မဟုတ်ရင်တော့လား ......"



ပထမနေ့ ... ကောင်မလေးက မီးဖိုချောင်၊ ကွန်ပြူတာ၊ ရေချိုခန်း၊ ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက်၊ DVD ဖွင့်စက် စတဲ့ ပစ္စည်းတွေ အားလုံးကို လုံးဝ ပေးမထိတော့ဘူး။ နှစ်ယောက်အိပ် ကုတင်ကလွဲလို့လေ။ သူ့ရဲ့ စာနာစိတ်ကို ပြချင်လို့ပဲ ထင်စရာရှိတယ်နော်။ ဘယ်ကလာ။ ဒီကုတင်မှာ သူလည်း အိပ်ရဦးမှာကိုး။



ဒါပေမယ့် ကောင်လေးက မှုတဲ့ပုံ မပေါ်ဘူး။ အိတ်ကပ်ထဲမှာ ပိုက်ဆံ ကျန်နေသေးတာပဲ အေးဆေးပေါ့။



ဒုတိယနေ့ ... ကောင်မလေးက ဖြတ်လေးဖြတ်အပြင် အိတ်ကပ်ထဲမှာ ရှိသမျှ အကုန် သိမ်းပစ်လိုက်ပြီး သတိပေးလိုက်တယ်။ ကိုယ့်ဖာသာ သူများ အကူအညီ တောင်းပေတော့။ မင်းကုသိုလ်နဲ့ မင်းပဲ။



ကောင်လေး အခုတော့ တိုင်ပတ်ပြီ။ ညရောက်တော့ သူ့ကို ခွင့်လွှတ်ဖို့ တောင်းပန်ရှာတော့တယ်။ ဒီကိစ္စ ရပ်တန်းက ရပ်ဖို့ပေါ့။ ကောင်မလေးကတော့ ခွင့်လွှတ်ဖို့ အစီအစဉ် မရှိ။ သူ ဘာပြောပြော ဟင့်အင်းပဲ။ သဘောမတူမချင်းပေါ့။



တတိယနေ့ ည ... ကုတင်ပေါ်မှာ ကောင်လေးက လှဲနေပြီး တစ်ဘက်ကို ငေးကြည့်နေတယ်။ ကောင်မလေးလည်း ကုတင်ပေါ်လှဲပြီး တခြားတစ်ဘက်ကို ငေးမောနေတယ်။



က - ငါတို့ ပြောဖို့ လိုလာပြီ။

မ - မင်္ဂလာဆောင် ကိစ္စ မဟုတ်ရင် မပြောနဲ့။

က - အတော်လေး အရေးကြီးတဲ့ ကိစ္စ မို့ပါ။



ကောင်မလေး ငြိမ်နေတယ်။



က - ငါတို့ လမ်းခွဲရအောင်။

ကောင်မလေး သူ့ရဲ့ နားတွေကို မယုံနိုင်အောင် ဖြစ်သွားတယ်။

က - ငါ မိန်းကလေး တစ်ယောက်ကို သိကျွမ်းခဲ့တယ်။



ကောင်မလေး တော်တော်ကို တင်းသွားတယ်။ သူ့ကို ရိုက်ပစ်လိုက်ချင်ပေမယ့် မြှောက်လိုက်တဲ့ လက်တွေက အတော်လေး လေးလံနေတော့ ကောင်လေးဆီ မရောက်ဘဲ သူ့ဘေးနားတင် ပြန်ကျသွားတယ်။ သူ့ကို ဘာမှ ဆက်မပြောစေချင်တော့ဘူး။ သူမရဲ့ မျက်လုံးတွေကလည်း စိုစွတ်နေပြီ။ ကောင်လေးဟာ ဓါတ်ပုံတစ်ပုံကို သူ့ ဗိုက်နားကနေ ဆွဲထုတ်လိုက်တယ်။ အတွင်းခံ အိတ်ထဲမှာ ထည့်ထားပုံပဲ။ အေးလေ။ ကောင်မလေး မနေ့က ဒီလောက် မွှေနေတာ သူ မနှိုက်ကြည့်မိတာ ဆိုလို့ အဲဒီ အိတ်ကပ်ပဲ ရှိမှာပေါ့။ ပေါ့ဆလိုက်တာ ...



က - တကယ်တော်တဲ့ မိန်းကလေးပါ။

ကောင်မလေး မျက်ရည်တွေ ဖြိုင်ဖြိုင် ကျလာပြီ။



က - စိတ်ရင်းလေးလည်း ကောင်းရှာတယ်။

ကောင်မလေးရဲ့ အသည်း အစိပ်စိပ် အမွှာမွှာ ကွဲပြီ။ ကောင်လေးရဲ့ နှလုံးသားနဲ့ အနီးဆုံးမှာ တခြား မိန်းကလေးတစ်ယောက် ရောက်နေပြီလေ။

က - သူက ပြောတယ်။ ငါတို့ လက်ထပ်ပြီး ကြရင် ငါ့ရဲ့ စာပေပိုင်း လိုက်စားမှုတွေကို အပြည့်အ၀ အားပေး ထောက်ပံ့မယ်တဲ့။



ကောင်မလေး တော်တော် သ၀န်တိုသွားတယ်။ သူလည်း ဟိုးအတိတ်ရဲ့ တချိန်က ဒီလိုပဲ ပြောခဲ့တာလေ။

က - သူ ငါ့ကို တကယ် နှစ်နှစ်ကာကာ ချစ်တာပါ။

"ငါကတော့ မဟုတ်လို့လား ... " လို့ ကောင်မလေး ထအော် ပစ်ချင်စိတ်တွေ တဖွားဖွား ပေါ်နေတယ်။

က - ဒါကြောင့် ငါ မလုပ်ချင်တဲ့ အလုပ်တွေကို အတင်းအကျပ် တွန်းအားပေးပြီး သူ မလုပ်ခိုင်းလောက်ဘူး။



ကောင်မလေး စဉ်းစားရပြီ။ ဒါပေမယ့် ဒေါသတွေကတော့ မငြိမ်မသက်နဲ့။

က - ငါ ရိုက်ပေးထားတဲ့ သူ့ရဲ့ ဓါတ်ပုံလေးကို မင်း ကြည့်ကြည့်မလား။

မ - ..... !



ဓါတ်ပုံကို ကောင်မလေးရဲ့ မျက်စိနား ရွှေ့ပေးလိုက်တယ်။ ဝေဝါးနေတဲ့ မျက်စိ၊ တောက်လောင်နေတဲ့ ဒေါသ အဟုန်နဲ့ ကောင်လေးရဲ့ လက်ကို ပုတ်ချ ပစ်လိုက်တယ်။ နောက်ပြီး "ဖြန်း" ဆိုတဲ့ အသံနဲ့အတူ နီးမြန်းသွားတဲ့ ပါးတစ်ဖက်။



ကောင်လေး သက်ပြင်း ချလိုက်တယ်။ ကောင်မလေး ငိုနေတယ်။

သူ ဓါတ်ပုံကို သူ့ အိတ်ကပ်ထဲ ပြန်ထည့်လိုက်တယ်။



ကောင်လေး မီးကို ပိတ်ပြီး အိပ်ပစ်လိုက်တယ်။ ကောင်မလေး မီးကို ဖွင့်ပြီး ထ ထိုင်လိုက်တယ်။ ကောင်လေး အိပ်ပျော်သွားပြီ။ ကောင်မလေးတော့ အိပ်ချင်စိတ်ကို လုံးလုံး မရှိတော့ဘူး။ သူရဲ့ မာကျောခဲ့တဲ့ ဆက်ဆံမှုတွေကို ပြန်လည် မြင်ယောင်နေမိတယ်။



သူ ထပ်ငိုပြန်တယ်။ အကြောင်းအရာ အတော်များများကို စဉ်းစားပြီးနောက် ကောင်လေးကို နှိုးလိုက်ချင်တယ်။ သူတို့နှစ်ယောက် နွေးနွေးထွေးထွေး စကားပြောကြရအောင်ပါ။ နောက်နောင် ဖိအားမပေးတော့ဘူးပေါ့။ ကောင်လေးရဲ့ ဗိုက်ကို လှမ်းကြည့်မိတယ်။ ဟိုမိန်းကလေး ဘယ်လိုပုံပါလိမ့် ဆိုတာလည်း သိချင်လာတယ်။



ဓါတ်ပုံကို ဆွဲထုတ်လိုက်တယ်။ ကောင်မလေး တအားကို ငိုချင်သွားတယ်။ နောက်ပြီး ရယ်လည်း ရယ်နေတယ်။ နှပ်ချေးရွှဲရွှဲ ပြုံးဖြဲဖြဲ နဲ့ ဆိုတာ ဒါမျိုးထင်တယ်။



ဓါတ်ပုံ ရိုက်ထားတာ အတော်လေး ကောင်းတယ်။ ကောင်မလေးကို ရိုက်ပေးထားတဲ့ ဓါတ်ပုံလေ။ သူ ဒူးကို ကွေးချလိုက်ပြီး ကောင်လေးရဲ့ ဗိုက်ကို အနမ်းလေးနဲ့ တန်ဆာဆင်လိုက်တယ်။



သူက တလျှောက်လုံး အိပ်ချင်ယောင် ဆောင်နေတာလေ။ သူ ပြုံးနိုင်ရှာပြီပေါ့။





ဘယ်လိုချစ်မလဲ သင်ယူမှာလား။

ပြီးပြည့်စုံတဲ့လူကို မရှာပါနဲ့။

မပြည့်စုံတဲ့သူကို ပြည့်ပြည့်၀၀ မြင်တတ်ဖို့ပဲ သင်ယူပါ။

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About