ပြည့်ဝနိုင်သောအချစ်

ပြည့်ဝနိုင်သောအချစ်

============

သူတို့ မင်္ဂလာဆောင်ခဲ့တာ အခုဆို နှစ်နှစ်ကျော်ပါပြီ။ ကောင်လေးက စာပေပိုင်းမှာ အားသန်တော့ နက်ပေါ်မှာ စာတွေ ရေးပြီး တင်လေ့ရှိတယ်။ ဒါပေမယ့် သူ့စာကို ဖတ်ဖူးတဲ့လူက ခပ်ရှားရှားရယ်။ ဓါတ်ပုံရိုက်တဲ့ အလုပ်နဲ့လည်း အသက်မွေး ၀မ်းကျောင်းတယ်။ မင်္ဂလာပွဲတွေ လိုက်ရိုက်တာပဲ များတယ်။ ကောင်လေးက ကောင်မလေးကို အရမ်းချစ်တယ်။ ကောင်မလေးလည်း အပြန်အလှန်ပေါ့။ ကောင်မလေးက စိတ်မြန် လက်မြန်နဲ့ ဒေါသလည်း အထွက်မြန်တယ်။ ဒေါကြီးမောကြီးနဲ့ ကောင်လေးကို အမြဲ ဆက်ဆံတတ်ပေမယ့် ကောင်လေးကတော့ အမြဲလိုလို ခွင့်လွှတ်ပေးနိုင်ခဲ့တယ်။



ဒီနေ့လည်း ကောင်မလေး ကမူးရှူးတိုး လုပ်ပြန်ပြီ။



မ - မင်း ဘာလို့ ငါ့သူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ ဓါတ်ပုံ မရိုက်ပေးနိုင်ရတာလဲ။ သူ ပိုက်ဆံပေးမယ်လို့ ငါ့ကို ကတိပေးထားတယ်။

က - ငါ အဲဒီနေ့ အချိန် မရှိဘူး။

မ - အန်

က - ဘာဖြစ်

မ - အချိန်မရဘူး ?? ဒီ ဝတ္ထုတွေ လျှော့ရေးပါလား။ ဒါဆို လိုအပ်သလောက် အချိန်တွေ ရပြီပဲ။

က - ငါ .... တချိန်ချိန်မှာ တစ်ယောက်ယောက်ကတော့ ငါရဲ့ အရေးအသားတွေကို အသိအမှတ် ပြုလာမှာပါ။

မ - ဟန်။ ငါ အဲဒါ ဂရုမစိုက်ဘူး။ အဲဒီပွဲကို မင်း ဓါတ်ပုံ သွားရိုက်ကို ရိုက်ပေးရမယ်။

က - ဟင့်အင်း

မ - တစ်ခါတည်းတောင် မရဘူးပေါ့။

က - ဟင့်အင်း

ဒီထက် ဘာမှ ဆက်ညှိနှိုင်းစရာ မရှိတော့ဘူး။ ဒါနဲ့ ကောင်မလေးက နောက်ဆုံး အနေနဲ့ သတိပေးလိုက်တယ်။ "သုံးရက်အတွင်း အင်း ဆိုတဲ့ အဖြေပဲ ကြားချင်တယ်။ အဲလို မဟုတ်ရင်တော့လား ......"



ပထမနေ့ ... ကောင်မလေးက မီးဖိုချောင်၊ ကွန်ပြူတာ၊ ရေချိုခန်း၊ ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက်၊ DVD ဖွင့်စက် စတဲ့ ပစ္စည်းတွေ အားလုံးကို လုံးဝ ပေးမထိတော့ဘူး။ နှစ်ယောက်အိပ် ကုတင်ကလွဲလို့လေ။ သူ့ရဲ့ စာနာစိတ်ကို ပြချင်လို့ပဲ ထင်စရာရှိတယ်နော်။ ဘယ်ကလာ။ ဒီကုတင်မှာ သူလည်း အိပ်ရဦးမှာကိုး။



ဒါပေမယ့် ကောင်လေးက မှုတဲ့ပုံ မပေါ်ဘူး။ အိတ်ကပ်ထဲမှာ ပိုက်ဆံ ကျန်နေသေးတာပဲ အေးဆေးပေါ့။



ဒုတိယနေ့ ... ကောင်မလေးက ဖြတ်လေးဖြတ်အပြင် အိတ်ကပ်ထဲမှာ ရှိသမျှ အကုန် သိမ်းပစ်လိုက်ပြီး သတိပေးလိုက်တယ်။ ကိုယ့်ဖာသာ သူများ အကူအညီ တောင်းပေတော့။ မင်းကုသိုလ်နဲ့ မင်းပဲ။



ကောင်လေး အခုတော့ တိုင်ပတ်ပြီ။ ညရောက်တော့ သူ့ကို ခွင့်လွှတ်ဖို့ တောင်းပန်ရှာတော့တယ်။ ဒီကိစ္စ ရပ်တန်းက ရပ်ဖို့ပေါ့။ ကောင်မလေးကတော့ ခွင့်လွှတ်ဖို့ အစီအစဉ် မရှိ။ သူ ဘာပြောပြော ဟင့်အင်းပဲ။ သဘောမတူမချင်းပေါ့။



တတိယနေ့ ည ... ကုတင်ပေါ်မှာ ကောင်လေးက လှဲနေပြီး တစ်ဘက်ကို ငေးကြည့်နေတယ်။ ကောင်မလေးလည်း ကုတင်ပေါ်လှဲပြီး တခြားတစ်ဘက်ကို ငေးမောနေတယ်။



က - ငါတို့ ပြောဖို့ လိုလာပြီ။

မ - မင်္ဂလာဆောင် ကိစ္စ မဟုတ်ရင် မပြောနဲ့။

က - အတော်လေး အရေးကြီးတဲ့ ကိစ္စ မို့ပါ။



ကောင်မလေး ငြိမ်နေတယ်။



က - ငါတို့ လမ်းခွဲရအောင်။

ကောင်မလေး သူ့ရဲ့ နားတွေကို မယုံနိုင်အောင် ဖြစ်သွားတယ်။

က - ငါ မိန်းကလေး တစ်ယောက်ကို သိကျွမ်းခဲ့တယ်။



ကောင်မလေး တော်တော်ကို တင်းသွားတယ်။ သူ့ကို ရိုက်ပစ်လိုက်ချင်ပေမယ့် မြှောက်လိုက်တဲ့ လက်တွေက အတော်လေး လေးလံနေတော့ ကောင်လေးဆီ မရောက်ဘဲ သူ့ဘေးနားတင် ပြန်ကျသွားတယ်။ သူ့ကို ဘာမှ ဆက်မပြောစေချင်တော့ဘူး။ သူမရဲ့ မျက်လုံးတွေကလည်း စိုစွတ်နေပြီ။ ကောင်လေးဟာ ဓါတ်ပုံတစ်ပုံကို သူ့ ဗိုက်နားကနေ ဆွဲထုတ်လိုက်တယ်။ အတွင်းခံ အိတ်ထဲမှာ ထည့်ထားပုံပဲ။ အေးလေ။ ကောင်မလေး မနေ့က ဒီလောက် မွှေနေတာ သူ မနှိုက်ကြည့်မိတာ ဆိုလို့ အဲဒီ အိတ်ကပ်ပဲ ရှိမှာပေါ့။ ပေါ့ဆလိုက်တာ ...



က - တကယ်တော်တဲ့ မိန်းကလေးပါ။

ကောင်မလေး မျက်ရည်တွေ ဖြိုင်ဖြိုင် ကျလာပြီ။



က - စိတ်ရင်းလေးလည်း ကောင်းရှာတယ်။

ကောင်မလေးရဲ့ အသည်း အစိပ်စိပ် အမွှာမွှာ ကွဲပြီ။ ကောင်လေးရဲ့ နှလုံးသားနဲ့ အနီးဆုံးမှာ တခြား မိန်းကလေးတစ်ယောက် ရောက်နေပြီလေ။

က - သူက ပြောတယ်။ ငါတို့ လက်ထပ်ပြီး ကြရင် ငါ့ရဲ့ စာပေပိုင်း လိုက်စားမှုတွေကို အပြည့်အ၀ အားပေး ထောက်ပံ့မယ်တဲ့။



ကောင်မလေး တော်တော် သ၀န်တိုသွားတယ်။ သူလည်း ဟိုးအတိတ်ရဲ့ တချိန်က ဒီလိုပဲ ပြောခဲ့တာလေ။

က - သူ ငါ့ကို တကယ် နှစ်နှစ်ကာကာ ချစ်တာပါ။

"ငါကတော့ မဟုတ်လို့လား ... " လို့ ကောင်မလေး ထအော် ပစ်ချင်စိတ်တွေ တဖွားဖွား ပေါ်နေတယ်။

က - ဒါကြောင့် ငါ မလုပ်ချင်တဲ့ အလုပ်တွေကို အတင်းအကျပ် တွန်းအားပေးပြီး သူ မလုပ်ခိုင်းလောက်ဘူး။



ကောင်မလေး စဉ်းစားရပြီ။ ဒါပေမယ့် ဒေါသတွေကတော့ မငြိမ်မသက်နဲ့။

က - ငါ ရိုက်ပေးထားတဲ့ သူ့ရဲ့ ဓါတ်ပုံလေးကို မင်း ကြည့်ကြည့်မလား။

မ - ..... !



ဓါတ်ပုံကို ကောင်မလေးရဲ့ မျက်စိနား ရွှေ့ပေးလိုက်တယ်။ ဝေဝါးနေတဲ့ မျက်စိ၊ တောက်လောင်နေတဲ့ ဒေါသ အဟုန်နဲ့ ကောင်လေးရဲ့ လက်ကို ပုတ်ချ ပစ်လိုက်တယ်။ နောက်ပြီး "ဖြန်း" ဆိုတဲ့ အသံနဲ့အတူ နီးမြန်းသွားတဲ့ ပါးတစ်ဖက်။



ကောင်လေး သက်ပြင်း ချလိုက်တယ်။ ကောင်မလေး ငိုနေတယ်။

သူ ဓါတ်ပုံကို သူ့ အိတ်ကပ်ထဲ ပြန်ထည့်လိုက်တယ်။



ကောင်လေး မီးကို ပိတ်ပြီး အိပ်ပစ်လိုက်တယ်။ ကောင်မလေး မီးကို ဖွင့်ပြီး ထ ထိုင်လိုက်တယ်။ ကောင်လေး အိပ်ပျော်သွားပြီ။ ကောင်မလေးတော့ အိပ်ချင်စိတ်ကို လုံးလုံး မရှိတော့ဘူး။ သူရဲ့ မာကျောခဲ့တဲ့ ဆက်ဆံမှုတွေကို ပြန်လည် မြင်ယောင်နေမိတယ်။



သူ ထပ်ငိုပြန်တယ်။ အကြောင်းအရာ အတော်များများကို စဉ်းစားပြီးနောက် ကောင်လေးကို နှိုးလိုက်ချင်တယ်။ သူတို့နှစ်ယောက် နွေးနွေးထွေးထွေး စကားပြောကြရအောင်ပါ။ နောက်နောင် ဖိအားမပေးတော့ဘူးပေါ့။ ကောင်လေးရဲ့ ဗိုက်ကို လှမ်းကြည့်မိတယ်။ ဟိုမိန်းကလေး ဘယ်လိုပုံပါလိမ့် ဆိုတာလည်း သိချင်လာတယ်။



ဓါတ်ပုံကို ဆွဲထုတ်လိုက်တယ်။ ကောင်မလေး တအားကို ငိုချင်သွားတယ်။ နောက်ပြီး ရယ်လည်း ရယ်နေတယ်။ နှပ်ချေးရွှဲရွှဲ ပြုံးဖြဲဖြဲ နဲ့ ဆိုတာ ဒါမျိုးထင်တယ်။



ဓါတ်ပုံ ရိုက်ထားတာ အတော်လေး ကောင်းတယ်။ ကောင်မလေးကို ရိုက်ပေးထားတဲ့ ဓါတ်ပုံလေ။ သူ ဒူးကို ကွေးချလိုက်ပြီး ကောင်လေးရဲ့ ဗိုက်ကို အနမ်းလေးနဲ့ တန်ဆာဆင်လိုက်တယ်။



သူက တလျှောက်လုံး အိပ်ချင်ယောင် ဆောင်နေတာလေ။ သူ ပြုံးနိုင်ရှာပြီပေါ့။





ဘယ်လိုချစ်မလဲ သင်ယူမှာလား။

ပြီးပြည့်စုံတဲ့လူကို မရှာပါနဲ့။

မပြည့်စုံတဲ့သူကို ပြည့်ပြည့်၀၀ မြင်တတ်ဖို့ပဲ သင်ယူပါ။

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About