ဟာသစုစည်းမှု

နိမိတ်ကောက် တော်လိုက်ပုံက



ကိုခင်ဇော်တယောက် ကြက်ဝိုင်းတွင် ရောက်နေပြန်သည်။

ဘယ်ကြက်လောင်းရမည်ကို စဉ်းစားနေခိုက် တိုက်ကြက်ပိုင်ရှင်တဦးက-

“ ‘သေချင်းဆိုး’ တဲ့ကွ အသေဆိုးနဲ့ သေချင်တဲ့ကြက်တွေ စိမ်ခေါ်တယ်ကွ၊ သူဌေးဖြစ်ချင် ‘သေချင်း ဆိုး’ဘက်နေ။” ဟု စိမ်ခေါ်လိုက်သည်။

တခြားသူတွေကတော့ နာမည်ကိုက နိမိတ်မရှိ နမာမရှိနဲ့ ဆိုပြီး တခြားကြက်ကို ၀ိုင်းလောင်းကြသည်။

ကိုခင်ဇော်တယောက်သာ ပါတဲ့ ပိုက်ဆံအားလုံးကို သေချင်းဆိုးဖက်မှ လောင်းလိုက်သည်။

ပွဲစပြီး နှစ်ချီမြောက်တွင် သေချင်းဆိုးက တဖက်တိုက်ကြက်ကြီးကို လည်ငိုက်ကျသွားအောင် အနိုင်ပိုင်းသွား သဖြင့် ကိုခင်ဇော်တစ်ယောက် လောင်းကြေး အမြောက်အများရသွားသည်။

“ဒီ ‘သေချင်းဆိုး’ ကြက်အနိုင်ရမယ်ဆိုတာ ခင်ဗျား ဘယ်လိုလုပ်သိလဲဗျ။” ဟု အနားက လူတစ်ယောက် က မေးလိုက်သည်။

“ကျွန်တော့်မိန်းမပေါ့ဗျာ၊ သူပေးလိုက်တဲ့ နိမိတ်ပေါ့၊ ကြက်ဝိုင်းသွားမယ်လဲသိရော၊ ကျွန်တော်အိမ်က အထွက် သတိလှမ်းပေးလိုက်တယ်လေ၊”

“ဘယ်လိုသတိပေးတာလဲဗျ။”

“ ‘သေချင်းဆိုး’ တဲ့ဗျ။”

..................................................................

ထင်တာကတခြား

တရားခွင်တခုတွင်ဖြစ်သည်။

တရားသူကြီး။ ။"တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှ လုယက် သွားတယ်ဆိုတာ ဟုတ်သလား "

တရားလို။ ။ " ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "

တရားသူကြီး။ ။ " ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "

တရားလို။ ။ " ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် "

.........................................................



ထပ်နာချင်ပြီထင်တယ်

ဇနီးဖြစ်သူ မခင်၏ နှိပ်စက်မှုကို မခံနိုင်သည့်အဆုံး ကွာရှင်းပြတ်စဲခွင့်ပြုပါရန် ယောက်ျားဖြစ်သူ ကိုမောင်က တရားရုံးတွင် တင်ပြလိုက်သည်။

တရားသူကြီးက မခင်ကို မေးမြန်းသည်။

“မခင် ကိုမောင်ရဲ့ ပါးကိုရိုက်တယ်ဆို။ ဟုတ်လား။”

“ကျမရဲ့ ယောက်ျားပဲ တရားသူကြီးရယ်။ ကျမက ရိုက်ရက်ပါ့မလားရှင်။”

တရားသူကြီး ထပ်မမေးခင် ---

“မဟုတ်ဘူး တရားသူကြီးမင်း။ သူလိမ်ပြောနေတာပါ။” ဟု ကိုမောင် က ဖြတ်ပြော လိုက်ရာ--

မခင်က ဒေါသတကြီးဖြင့် ----

“ကိုမောင် ရှင့်ပါးစပ်ပိတ်ထားစမ်း။ ကျန်တဲ့ ပါးတဖက် ထပ်ကွဲချင်လို့လား။”

...............................................................................


အထိုးခံရမှာ စိုးလို့

ကိုစိုးပိုင်သည် အင်းစိန်မှ ဘတ်စကားစီး၍ လာလေသည်။

လမ်းတွင် ကိုယ်ကာယခပ်တောင့်တောင့်နှင့် လူတယောက်တက်လာ၏။

ထိုင်ခုံများမှာ ပြည့်နေပြီဖြစ်၍ သူထိုင်ခုံဘေးတွင် မတ်တပ်ရပ်လျှက် လိုက်ပါလာသည်။

လမ်းခရီးတွင် ထိုလူက ကိုစိုးပိုင်ကို မေးသည်။

ညီညီညီလေး - - လှည်း - လှည်း - တန်း - ကို - - - ဆင်း - - - ဆင်း - - ရင် ဘယ် -ဘယ်မှာ ဆင်း - - ဆင်းရ - - မှာလဲ။

ကိုစိုးပိုင်က စကားထစ်သော ထိုလူ၏ အမေးကို ပြန်လည်၍ အဖြေမပေးချေ။

သို့နှင့်ထိုသူက ထပ်မေးပြန်လေ၏။

ကိုစိုးပိုင်ကလည်းမဖြေ။

ထိုလူဆင်းရမည့်မှတ်တိုင်လွန်လာသောအခါမှ ဘေးက လူတယောက်က မနေနိုင်၍ ထိုလူကို တမှတ်တိုင်လွန် လာကြောင်းပြောလေသည်။

ထို ဗလကောင်းကောင်းလူက ကိုစိုးပိုင်အား ဘုကြည့်ကြည့်၍ ဆင်းသွားလေသည်။

ထိုအခါ ကားပေါ်ပါလာသူများက ကိုစိုးပိုင်အား ၀ိုင်း၍ အပြစ်တင်ကြလေသည်။

မင်းက ဒါလေးမေးတာကို ဘာလို့ ပြန်မဖြေရတာလဲကွ။

ထိုအခါ ကိုစိုးပိုင်က ယခုလို ပြန်ဖြေလေသည်။

ကျ - ကျ နော် - ပြန်- ပြန်ဖြေ - - ရင် - - သူ- သူက - - ထိုး - - - ထိုး - - ထိုး - မှာ- ပေါ့ -ဗျ - - ။

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About