တွေးနည်း ပဒေသာ

လူတော် တစ်ယောက်ဟာ ထက်မြက်လာတာနဲ့အမျှ တွေးခေါ် ဆင်ခြင်နိုင်မှု အစွမ်းဟာ ပိုပြီး မြန်ဆန်လာပါတယ်။ ဒီလို တွေးတောတာ မြန်ဆန်နိုင်တဲ့ အရည်အသွေးဟာ မွေးရာပါ စွမ်းရည်တစ်ရပ် ဖြစ်ပေမယ့် လေ့ကျင့် ပျိုးထောင်လို့လည်း ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဦးနှောက်ဆိုတာ ကြွက်သားတစ်မျိုးနဲ့ အလားတူပြီး လေ့ကျင့်လေလေ ထက်မြက်လေလေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ တွေးနည်းလေးတွေ တချို့နဲ့ မိတ်ဆက် ပေးလိုက်ရပါတယ်။ ပါရမီရှင် တစ်ယောက်ကဲ့သို့ တွေးခြင်း ပါရမီရှင်တွေရဲ့ တွေးနည်းမှာ ယေဘူယျ တူညီတဲ့ အချက်တွေ ရှိပါတယ်။ အိုင်းစတိုင်းနဲ့ ဒါဗင်ချီတို့ဟာ စကားလုံးထက် ရုပ်ပုံ၊ ပန်းချီတွေကို အသုံးပြုခဲ့ပါတယ်။ စာလုံး၊ စာကြောင်းတွေ ရေးတာထက် ဇယားတွေ ဆွဲပြီး တွေးခဲ့ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ အတွေးတွေကို ရှာဖွေတဲ့အခါမှာ တခြားတွဲဖက်ပစ္စည်း၊ စဉ်းစားစရာတွေနဲ့ ဆက်စပ်ပြီး တွေးခဲ့ပါတယ်။ ရှု့ထောင့်ပေါင်းစုံကနေ တွေးပါတယ်။ အတွေးမှန်သမျှကို မှတ်တမ်းတင် ခဲ့ကြပါတယ်။ ဗဟုသုတ အခြေခံတဲ့ တွေးတောမှုတွေ ရှိပါတယ်။ သူတို့ရဲ့ အတွေးတွေကို အာရုံစိုက်ပြီး တွေးပါတယ်။ သူတို့ဟာ သူတို့ရဲ့ အတွေးတွေ အလုပ် မဖြစ်တဲ့အခါ ကျရှုံးမှု တစ်ခုရယ်လို့ သဘောမထားဘဲ ဒီနည်းနဲ့ အလုပ် မဖြစ်တာလို့ပဲ မှတ်ယူလေ့ ရှိကြပါတယ်။ ဘယ်တော့မှ အရှုံးပေးလေ့ မရှိကြပါဘူး။ ပါရမီရှင်ကဲ့သို့ တွေးတဲ့နည်းမှာ ကိုယ်ကြုံတွေ့နေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို အကုန်ရေးချတယ် အဆုံးသတ်၊ နိဂုံးမှာ ဖြစ်လာနိုင်တဲ့ဟာတွေ အားလုံး ရေးချတယ်။ ဘက်မလိုက်ဘဲ တွေးလေ့ ရှိတယ်။ ဥပမာ-သတ်မှတ်အချိန် အတွင်း အလုပ်မပြီးတဲ့ အကြောင်းရင်းဟာ အလုပ်နောက်ကျတာ၊ အလုပ်နဲ့ ပတ်သက်ပြီး တိကျရေရာ သိရှိနိုင်စွမ်း မရှိတာ၊ စီမံခန့်ခွဲမှု အားနည်းတာ စတဲ့ အချက်တွေကို ပီပီပြင်ပြင် မြင်ရအောင် မိမိကိုယ်ကို ဘက်မလိုက်ဘဲ ဆန်းစစ်တွေးတောတာ ဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ မှန်သမျှကိုလည်း အကုန်ရေးချပါတယ်။ တိကျ သေချာတဲ့ အကြောင်းရင်းကို ရှာဖွေ တွေ့ရှိပြီဆိုရင် ဖြေရှင်းနည်းကို ဆက်လက် စဉ်းစားပြီး အကောင်အထည်ဖော် ဆောင်ရွက်ပါတယ်။ တီထွင် ဖန်တီးတတ်တဲ့ တွေးနည်း တီထွင်ဖန်တီးတတ်တဲ့ အတွေးအခေါ်မျိုးကို လူတိုင်း လိုချင်ကြပါတယ်။ မခက်ပါဘူး။ လူတိုင်းတတ်နိုင်၊ တွေးနိုင်ကြပါတယ်။ ဘာတွေ လိုအပ်သလဲဆိုတော့ ပြဿနာကို ပြောင်းပြန်လှန်စဉ်းစား အဖြေရှာတတ်ရမယ်။ မေးခွန်းတွေ မေးတတ်ရမယ်။ ဖြန့်ထွက်တွေး တတ်ရမယ်။ ဦးထုပ်ခြောက်လုံး တွေးနည်းနဲ့လည်း တွေးတတ်ရမယ်။ ဦးထုပ်ခြောက်လုံး တွေးနည်းဟာ အချက်အလက်၊ ကိန်းဂဏန်းများအပေါ် အခြေခံပြီး တွေးခြင်း (အဖြူရောင်ဦးထုပ်)၊ စိတ်ပိုင်းဆိုင်ရာ အမြင်ဖြင့် ရှု့မြင်ခြင်း (အနီရောင်ဦးထုပ်)၊ အားနည်းချက်၊ ပြဿနာများအပေါ် အခြေခံပြီး တွေးခြင်း (အနက် ရောင်ဦးထုပ်)၊ အပြုသဘော ဆောင်ပြီး တွေးခြင်း (အဝါရောင် ဦးထုပ်)၊ တီထွင်ဖန်တီးပြီး တွေးခြင်း (အစိမ်းရောင် ဦးထုပ်)၊ စုစည်း ခြုံငုံပြီး တွေးခြင်း (အပြာရောင် ဦးထုပ်) တို့ ဖြစ်ပါတယ်။ မှန်၊ မှား တွေးနည်း အနောက်တိုင်း အတွေးအခေါ်တွေဟာ အရစ္စတိုတယ်ရဲ့ အတွေး အခေါ်အပေါ် အခြေခံပါတယ်။ လူတွေရဲ့ အတွေး၊ ဆုံးဖြတ်ချက်တွေဟာ မှန်လား၊ မှားလား၊ ဟုတ်လား၊ မဟုတ်လား အပေါ် အများကြီး မူတည်နေပါတယ်။ ဒီလိုမျိုးတွေးနည်းကို ကွန်ပျူတာတွေမှာလည်း အသုံးချပါတယ်။ အမှန်၊ အမှား အဖြေ နှစ်မျိုးရအောင် မေးတဲ့ မေးခွန်းတွေ မေးပြီးတွေးတာ ဖြစ်ပါတယ်။ ဥပမာ-လစာကောင်းလား၊ ပျော်လား။ စတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ စဉ်းစားဆင်ခြင် ဉာဏ်ရည် တိုးစေရန်တွေးနည်း ကိစ္စတစ်ခု၊ သတင်းတစ်ခု၊ အမှန်တရားတစ်ခု ကြားတဲ့အခါ ကိုယ်ကြားထားတဲ့ အမှန်တရား၊ သိထားတဲ့ သုတတွေနဲ့ မတူညီမှု ရှိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ “ဒါဘယ်လိုလုပ် မှန်နိုင်တာလဲ”။ “ဘာကြောင့်မှန်တယ်လို့ ပြောရတာလဲ” စတဲ့ မေးခွန်းနဲ့ တွေးရမှာ ဖြစ်ပါတယ်။ ကြားရတဲ့ သတင်း၊ အမှန်တရားကို လက်ခံဖို့ထက် ဖြစ်နိုင်ခြေ အများဆုံးရှိတဲ့ အချက်ကို စဉ်းစားခြင်းပဲ ဖြစ်ပါတယ်။ နောက်ပြီး ဘယ်အချက်တွေက ကောင်းတဲ့ အချက်တွေဖြစ်ပြီး ဘယ်အချက်တွေက မကောင်းတဲ့ အချက်တွေလဲ၊ ဘယ်အချက်တွေက စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တွေလဲဆိုတာလည်း စဉ်းစားတတ်ဖို့ လိုပါတယ်။ ဒါကို PMI (Plus,Minus and Interesting Points) လို့ မှတ်ပြီး တွေးတတ်တဲ့ အကျင့်လေး လုပ်ပေးပါ။ ဒီလို တွေးတာဟာ ကိုယ့်ရဲ့ အတွေးတွေကို ကျယ်ပြန့်စေပါတယ်။ ရှု့ထောင့်တစ်ခုမက တွေးခြင်း ကိုယ်တွေးလို့ မရ၊ ဖြေရှင်းလို့ မရတဲ့ ပြဿနာတစ်ခု ရင်ဆိုင်ကြုံတွေ့လာရတဲ့ အခါမှာ ကိုယ်နဲ့ အမြင်ချင်းမတူတဲ့ တခြား လူတစ်ယောက်ကို မေးပြီး သူတို့ ဘယ်လိုစဉ်းစား၊ လုပ်ကိုင်မလဲ ဆိုတာ မေးမြန်းပါ။ ကိုယ်နဲ့ အမြင်ချင်း မတူတဲ့ ဆန့်ကျင်ဘက် အတွေးအခေါ် ရှိတဲ့ သူဆီက အတွေးအခေါ်တွေဟာ ကိုယ့်အတွက် တွေးတဲ့အခါမှာ အထောက်အကူ ဖြစ်စေပါတယ်။ အပြန်အလှန်အားဖြင့် ပြောင်းပြန် တွေးတတ်ဖို့လည်း လိုအပ်ပါသေးတယ်။ တချို့အဖြေတွေဟာ ပြောင်းပြန် တွေးတောရာမှ ရရှိလာတာ ဖြစ်ပါတယ်။ အတွေးဖြစ်လာပုံကို တွေးခြင်း နည်းစနစ်တကျ တွေးနည်းဟာ အစိတ်အပိုင်း အားလုံးကို နားလည် သိရှိပြီးမှ တွေးခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ- တချို့ ရုပ်ပုံတွေကို ကြည့်ရင် ပုံနှစ်ပုံ ရောထားတာ တွေ့ရပါလိမ့်မယ်။ ပထမ ကြည့်တဲ့အခါ ရောမြုပ်ထားတဲ့ ပုံတွေကို တွေ့ရလိမ့်မယ်။ ဒုတိယ တစ်ခေါက်ပုံ တစ်ပုံလုံးကို ကြည့်တဲ့အခါ ပထမပုံနဲ့ ဆက်စပ်ပြီး ဖော်ထားတဲ့ ပုံတွေကို တွေ့ရပါလိမ့်မယ်။ ခွဲခြမ်း စိတ်ဖြာပြီး မြင်ရမှာ ဖြစ်သလို ချုံငုံပြီးတော့လည်း မြင်တတ်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်ခုရဲ့ ဆက်စပ်ပုံကိုလည်း စဉ်းစားတွေးတတ်ရမှာ ဖြစ်ပါတယ်။ ဖြန့်ထွက်တွေးခြင်း ဖြန့်ပြီးတွေးခြင်း ဖြစ်ပါတယ်။ အဖြောင့်လိုက် တွေးရာကနေ ကွေ့ပတ်ပြီး တွေးတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ပြဿနာတစ်ခု ဖြစ်တဲ့အခါ ယင်းပြဿနာနဲ့ ဆက်စပ်တဲ့ဟာ မှန်သမျှအပေါ် အခြေခံပြီး တွေးတာကို ပြောင်းပြန်လှန်ပြီး တခြား မဆက်စပ်တဲ့ နေရာ၊ ရှု့ထောင့်ကနေ ပြန်ပြီးတွေးတဲ့ သဘောမျိုး ဖြစ်ပါတယ်။ တခြား စိတ်ဝင်စားဖွယ် ကောင်းတဲ့ တွေးနည်းတွေလည်း ရှိပါသေးတယ်။ အခါအခွင့်သင့်ရင် ဆက်လက်ဖော်ပြပေးပါဦးမယ်။ ဒီတစ်ပတ်တော့ ဒီမျှနဲ့သာ . . .။

0 comments:

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About