မိုနိုပိုလီကစားနည်းနဲ့တူတဲ့ လူ့ဘဝ ( အကျိုးရှိစေမယ့် ဘလော့လေးပါ )

လူရွယ်တစ်ယောက်ဟာ ပိုက်ဆံတွေအများကြီးရရင် မိသားစုတွေကို ဒီထက်ပိုကောင်းတဲ့ ဘဝပေးနိုင်လိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် အလုပ်တွေကို သူကြိုးစားပမ်းစားလုပ်ခဲ့တယ်။ သူ့ရဲ့အချိန်တော်တော်များများကို အလုပ်ထဲမှာပဲ နစ်မြုပ်ခဲ့တယ်။ တကယ်လည်း ပိုက်ဆံတွေအများကြီး သူရခဲ့ပါတယ်။ ကြီးပွားရေးလမ်းကြောထဲ သူဝင်လာချိန်မှာ ဇနီးဖြစ်သူက ရုတ်တရက် ကွာရှင်းခွင့်တောင်းခဲ့တယ်။ ဒီအတွက် သူနားမလည်နိုင်ဖြစ်ခဲ့တယ်။ ဇနီးဖြစ်သူက ဘဝမှာ ဘာပူပင်ကြောင့်ကြစရာမှ မလိုဘဲနဲ့ ဘာဖြစ်လို့ သူ့ဆီကွာရှင်းခွင့်တောင်းခဲ့သလဲ! ငွေကြေးတွေနဲ့ ပြည့်ပြည့်စုံစုံထားပါရက်နဲ့ ဘာဖြစ်လို့ မပြည့်ဝနိုင်သေးသလဲလို့ သူတွေးထင်ခဲ့တယ်။


တစ်နေ့မှာ သူဟာ ရွာကအဘွားဆီ စိတ်ပြေလက်ပျောက် ပြန်လည်ခဲ့တယ်။ ငယ်ငယ်လေးကတည်းက အဘွားအချစ်ကို ခံခဲ့ရတဲ့သူဟာ အဘွားကို အကြောင်းစုံရင်ဖွင့်လိုက်တယ်။ အဘွားက သူရင်ဖွင့်သမျှကို ဘာမှဝင်မပြောဘဲ ငြိမ်ငြိမ်လေးနားထောင်နေခဲ့တယ်။ သူပြောပြီးမှ အဘွားက စကားစတယ်။

"လာ.. မြေး.... ဘွားတို့ Monopoly ကစားရအောင်၊ မြေးငယ်ငယ်လေးတည်းက မိုနိုပိုလီကစားရတာကို ကြိုက်တယ်လေ!"

အဘွားရဲ့စကားက သူလုံးဝမျှော်လင့်မထားတဲ့ စကားဖြစ်တယ်။ ဂိမ်းကစားဖို့ သူနည်းနည်းလေးမှ စိတ်မပါခဲ့ဘူး။ ဒါပေမဲ့ ပျော်နေတဲ့အဘွားကိုကြည့်ပြီး သူ မငြင်းရက်ခဲ့လို့ သည်းခံပြီး အဘွားနဲ့သူကစားခဲ့တယ်။ အဘွားရဲ့လက်က ဂိမ်းကစားရတာ သွက်နေတယ်။ ခဏလေးအတွင်းမှာ ကစားတဲ့စက္ကူပေါ်မှာ အဘွားဆောက်ထားတဲ့ "အိမ်"တွေနဲ့ ပြည့်နေခဲ့တယ်။ အဘွားရဲ့လက်ထဲမှာလည်း ကစားပွဲထဲပါတဲ့ "ငွေ"တွေကို ဆုပ်ကိုင်ထားတယ်။ ဒီကစားပွဲမှာ အဘွားက အောင်နိုင်သူဖြစ်တယ်။

အဘွားက ပလပ်စတစ်အိမ်လေးတွေနဲ့ ငွေစက္ကူအတုတွေကို ဘူးတစ်ခုထဲ သိမ်းထားလိုက်တယ်။ ပြီးတော့ သူ့ဘက်လှည့်ပြီး "မြေးရေ... တကယ်ဆိုရင် လူ့ဘဝက မိုနိုပိုလီကစားနေတာနဲ့ အတူတူပဲ။ ကစားပွဲပြီးရင် ဘယ်လောက်များတဲ့ ငွေကြေးပဲဖြစ်ဖြစ်၊ အိမ်၊ အာဏာပဲဖြစ်ဖြစ် သူ့နေရာနဲ့သူ ဘူးထဲအသိမ်းခံလိုက်ရတယ်။ ပြီးရင် အဲဒီအရာတွေကို လူတွေက ခဏလေးနဲ့ မေ့သွားကြတယ်" လို့ပြောတယ်။

အဘွားစကားကို နားထောင်ပြီး "ဟုတ်တယ်.. ဘွား.. လူ့ဘဝက မိုနိုပိုလီကစားနည်းနဲ့ သိပ်တူတယ်" လို့ စဉ်းစားရင်း သူပြန်ပြောတယ်။

"ဒါပေမဲ့ လူ့ဘဝနဲ့ မိုနိုပိုလီရဲ့ခြားနားချက်ကို ငါ့ မြေးသိရဲ့လား"

အဘွားအမေးကို သူခေါင်းခါပြလိုက်တယ်။ အဘွားက နှစ်နှစ်လိုလိုပြုံးပြီး "မိုနိုပိုလီကစားပြီးရင် ဘာမှကျန်မနေခဲ့ဘူး။ ဒါပေမဲ့ လူ့ဘဝက ပြီးသွားရင် ချစ်ခြင်းမေတ္တာတွေ အများကြီးကျန်ခဲ့တယ်"လို့ ပြောတယ်။

အဘွားစကားက သူ့ကို မျက်ရည်ကျလုလုဖြစ်စေခဲ့တယ်။ အခုမှ သူအရာရာကို သူသဘောပေါက် နားလည်လာခဲ့တယ်။ ပိုက်ဆံငွေကြေးတွေကိုပဲ သူအသဲအသန်လိုက်ရှာပြီး မိသားစုတွေကို ပေးခဲ့တယ်။ သူတို့အတွက် ချစ်ခြင်းမေတ္တာပေးဖို့ကိုတော့ သူမေ့နေခဲ့တယ်။

လူတချို့က လူ့ဘဝကို ကစားနည်းတစ်ခုလို့ သတ်မှတ်ကြတယ်။ ကစားပွဲပြီးရင် ဖုန်မှုန်က ဖုန်မှုန်နေရာ၊ မြေကြီးက မြေကြီးနေရာပြန်ရောက်ပြီး နောက်ဆုံးမှာ "ချစ်ခြင်းမေတ္တာ"ကသာ အလွယ်တကူ မေ့ပျောက်မသွားဘဲ ကျန်ရစ်ခဲ့တာဖြစ်တယ်။

သက်ရှိထင်ရှားရှိနေတဲ့ ကျွန်တော်တို့က ဒီသဘောတရားကို အမြဲမေ့နေခဲ့ကြတယ်။ "ချစ်ခြင်းမေတ္တာ" ကိုစတေးခံပြီး များပြားတဲ့"ငွေကြေး"တွေ လှဲလှယ်ခဲ့ကြတယ်။ ငွေရှိရင် ချစ်ခြင်းမေတ္တာရှိမယ်လို့ မှားယွင်းယုံကြည်ခဲ့ကြတယ်။

လွန်ခဲ့တဲ့နှစ်များဆီက သတင်းတစ်ခုကို ကျွန်တော်မှတ်မှတ်ရရ ရှိနေခဲ့သေးတယ်။ သတင်းက အလယ်အလတ်တန်းစား မိသားစုတစ်စုက အဘိုးအိုတစ်ဦးဟာ သန်းချီတဲ့ထီ ပေါက်ခဲ့တယ်။ ဒါဟာ မိုးပေါ်ကကျလာတဲ့ "ကံကောင်းခြင်း"လို့ လူတွေထင်မြင်ခဲ့ပေမယ့် များပြားတဲ့ ဒီငွေကြေးတွေက အဘိုးအိုအတွက် "ကျိန်စာ" ဖြစ်ခဲ့တယ်။

ထီမပေါက်ခင်မှာ သားသမီးတွေက အဘိုးအိုကို ဂရုစိုက်စောင့်ရှောက်ကြပါတယ်။ အချင်းချင်းလည်း သင့်မြတ်ကြတယ်။ ဒါပေမဲ့ ထီပေါက်ပြီးတဲ့နောက်ပိုင်း သားသမီးတွေရဲ့ စိတ်ထဲမှာ သံသယအမျိုးမျိုး ထားလာခဲ့ကြတယ်။ အဘိုးအို ကျန်းကျန်းမာမာ ရှိနေဆဲမှာ သားသမီးတွေက အိမ်ခွဲဖို့၊ အမွေခွဲဖို့ကိစ္စအတွက် ဆူပူရန်ဖြစ်ကြတော့တယ်။ နောက်ဆုံးမှာ သားအငယ်တစ်ယောက်က သားကြီးကို သတ်ဖြတ်ခဲ့တဲ့အထိ ဖြစ်ခဲ့တယ်။

တကယ်တော့ "ပိုက်ဆံငွေကြေး"ဆိုတာ နတ်ဆိုးလည်းမဟုတ်သလို အိန်ဂျယ်လ်လည်း မဟုတ်ခဲ့ပါဘူး။ ပိုက်ဆံမှာ နဂိုကတည်းက အမှားအမှန်ဆိုတာ မရှိခဲ့ဘူး။ လူတွေရဲ့တွေးထင်တာ၊ ပြုမူတာနောက်လိုက်ပြီး ပြောင်းသွားတာဖြစ်တယ်။

တကယ်လို့ ကျွန်တော်တို့က ငွေကြေးရဲ့ အရှင်သခင်လုပ်မယ်ဆိုရင် ငွေကြေးက ကျွန်တော်တို့ကို ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်းတွေ သယ်ဆောင်ပေးလာနိုင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့က ငွေကြေးရဲ့ကျေးကျွန်လုပ်မယ်ဆိုရင် မသိမသာနဲ့ ကျွန်တော်တို့ဟာ လောဘကြီးသူဖြစ်လာနိုင်တဲ့အပြင် ငွေကြေးနောက် မျက်စိမှိတ်ဇွတ်လိုက်ခဲ့ရင် တခြားတန်ဖိုးထားသင့်တဲ့အရာတွေကို ကျွန်တော်တို့ လက်လွတ်ဆုံးရှုံးမိတတ်ပါတယ်။

လူ့ဘဝက မိုနိုပိုလီကစားတာနဲ့ တူပါတယ်။ ကစားပွဲပြီးရင် ငွေကြေး၊ နေရာတွေက သူ့နေရာသူ ပြန်ရောက်သွားတယ်။ ကိုယ့်ဆီမှာ ဘာမှမကျန်ခဲ့ဘူး။ ဒါပေမဲ့ လူ့ဘဝနဲ့ ကစားနည်းမတူတာက လူ့ဘဝမှာ ချစ်ခြင်းမေတ္တာက အမှတ်တရအဖြစ်၊ မပျောက်မပျက်၊ မမေ့မလျော့ဘဲ ထာဝရကျန်ရှိနေခဲ့ပါတယ်။

မူရင်း-- http://share.youthwant.com.tw/sh?id=31023318&do=D

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About