Pages

Monday, August 15, 2011

အမျိုးသမီးတိုင်း ရှိသင့်သော ဖိနပ်လေးရန်

ဖိနပ်ဆိုတာ အမျိုးသမီးတွေရဲ့ သည်းခြေကြိုက်ပါပဲ၊ ဖိနပ်လှလှလေးတွေတွေ့တိုင်း ၀ယ်ပြီးသိမ်းထား လိုကြပါတယ်။ လှပပြီး ပုံစံဆန်းရင်သာ ၀ယ်ထားတတ်ကြတာကြောင့် ဖိနပ်တွေများပေမယ့် တကယ့်အသုံးလိုတဲ့ဖိနပ်တွေ မရှိဖြစ်နေတတ်ပါတယ်။ ကြိုက်လွန်းလို့သာ ၀ယ်ထားပေမယ့် အရမ်းပြောင်လက်တောက်ပနေရင် အပြင်စီးရမှာ နှမြောတာတို့၊ အရမ်းပုံစံဆန်းနေရင် အ၀တ်အစားနဲ့မလိုက် ဖြစ်နေတာတို့ဖြစ်ပြီး တကယ်မစီးဖြစ်ဘဲ ဗီရိုထဲမှာ အလှကြည့်သိမ်းထားရုံ သက်သက်သာ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တကယ်လိုအပ်တဲ့ ဖိနပ်လေးရန်ကို အကြံပေးလိုက်ပါတယ်။

ကတ္တီပါ ညှပ်ဖိနပ်---
မြန်မာမိန်းကလေးတွေအတွက် ကတ္တီပါဖိနပ်တရန်ကတော့ မရှိမဖြစ် လိုအပ်လှပါတယ်။ မြန်မာ့ရိုးရာ ထဘီနဲ့ အလိုက်ဖက်ဆုံးက ကတ္တီပါ ညှပ်ဖိနပ်ပါပဲ။ ဒါ့အပြင် ကတ္တီပါညှပ်ဖိနပ်က ပေါ့ပါးပြီး စီးရတာ သက်သောင့်သက်သာလည်း ရှိလှပါတယ်။

အလုပ်သွားဖိနပ်---
အလုပ်သွားဖို့အတွက် စမတ်ကျတဲ့ ဖိနပ်တရန်လည်း လိုအပ်ပါတယ်။ အလုပ်က စကတ်တိုယူနီဖောင်း အနေနဲ့ ၀တ်ဆင်ရမယ်ဆိုရင် ပိုပြီးလိုအပ်ပါတယ်။ အင်တာဗျူးဖြေရာမှာ၊ အရေးကြီးတဲ့ အစည်းအဝေး၊ တွေ့ဆုံခြင်းမျိုးမှာ အဲလိုဖိနပ်တရန်ကို စမတ်ကျကျဝတ်ဖို့လိုအပ်တယ်။ အလုပ်သွားဖိနပ်တွေကတော့ များသောအားဖြင့် အနက်ရောင်ရှူးဖိနပ်ဖြစ်ပြီး ဒေါက်အမြင့် နှစ်လက်မလောက်သာရှိတတ်ပါတယ်။ အရပ်ရှည်သလိုဖြစ်စေပြီး ၀တ်ရတာ သက်သောင့်သက်သာရှိတဲ့အပြင် စမတ်ကျပါတယ်။

ပွဲတက်ဒေါက်မြင့်ဖိနပ်---
မိန်းကလေးတွေအနေနဲ့ ဘယ်ပွဲသွားသွား၊ အလှဆုံး၊ အထင်ပေါ်ဆုံး ဖြစ်ချင်နေတတ်တာ သဘာဝပါ။ ဒါကြောင့် လူတွေကြားထဲ ထင်းခနဲပေါ်လွင်စေမယ့် ဒေါက်ဖိနပ်လှလှတရန်လောက်တော့ လိုပါတယ်။ ၀တ်ထားတဲ့ ဂါဝန်၊ ၀တ်စုံလေးက လှရဲ့နဲ့ ဖိနပ်ကြီးက အောက်နေရင် ဘယ်ဟုတ်လိမ့်မလဲ၊ ဒါကြောင့် ပွဲတက်ဝတ်စုံတွေနဲ့ လိုက်ဖက်မယ့် ဒေါက်ဖိနပ်လှလှလေးတရန်လည်း လိုအပ်ပါတယ်။

ဝေါ့ကင်းရှူး---
ဂျင်းဘောင်းဘီကို ဝေါ့ကင်းရှူးနဲ့ တွဲပြီးဝတ်တဲ့ခေတ် မဟုတ်တော့ပေမယ့် ဝေါ့ကင်းရှူးတရန်လောက်တော့ လိုပါတယ်။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ရာမှာ၊ လမ်းလျှောက်လေ့ကျင့်ရာမှာ၊ Gym သွားရာမှာ ၀တ်ဖို့ ဝေါ့ကင်းရှူးလှလှတရန် ရှိသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်လေ့မရှိသူဆိုရင်တောင် လမ်းများများ လျှောက်ရတဲ့ ခရီးသွားတဲ့အခါ ဝေါ့ကင်းရှူးတော့လိုမှာပါ။ ဝေါ့ကင်းရှူးမကြိုက်ရင် All star Canvas ရှူးထိနပ်တွေကလည်း စတိုင်ကျပါတယ်။

No comments:

Post a Comment